
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တောင်ပိုင်းတွင် ရောက်ရှိနေသော အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီတပ်သည် ယနေ့ (ဒီဇင်ဘာ ၅) နံနက်က ကျေးရွာ နှစ်ရွာကို မီးတင်ရှို့ရာ အိမ်ခြေ ၆၀ ထက်မနည်း မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။
အနည်းဆုံး အရပ်သား ၂၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် ထိုစစ်ကြောင်းက ယမန်နေ့ မွန်းလွဲပိုင်းတည်းက ရေမြိန် (မြောက်)ရွာကို ဝင်ရောက်စီးနင်း တပ်စွဲခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် ထိုရွာနှင့် ကပ်လျက်ရှိ ရေမြိန် (တောင်) ရွာကို မီးရှို့နေကြခြင်း ဖြစ်သည်။
မွန်းလွဲပိုင်း၌ ဆားလင်းကြီးနှင့် နယ်မြေချင်း ထိစပ်နေသည့် မကွေးတိုင်း မြိုင်မြို့နယ်ဘက်သို့ ဆက်ထွက်သွားသည်ဟု ရေမြိန်ရွာခံတစ်ဦးနှင့် ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးထံမှ သိရသည်။
“ရေမြိန်တောင်ရွာက အိမ်ခြေ သုံးပုံ နှစ်ပုံလောက်တော့ ပါသွားမယ်ထင်တာပဲ။ အတိအကျတော့ မရသေးဘူး။ စစ်ရဦးမှာ။ လောလောဆယ် လောင်တဲ့ဟာက လောင်နေဆဲပေ့ါဗျာ။ လုံးလုံးတော့ မငြိမ်းသေးဘူး။ မီးကူးလောင်နေတဲ့အိမ်တွေလည်း ကျွန်တော်တို့ လိုက်ငြိမ်းနေရတုန်း” ဟု ရွာခံတစ်ဦးက နံနက် ၁၁ နာရီတွင် ပြောသည်။
အိမ်ခြေ ၉၀ ခန့်ရှိသော ရေမြိန် (တောင်) ရွာတွင် ယခုအချိန်ထိ မီးလောင်ကျွမ်းနေဆဲဖြစ်ကာ အိမ်ခြေ ၆၀ ကျော် မီးလောင်ပျက်စီးနိုင်သည်ဟု အထက်ပါ ရွာခံက ယူဆသည်။
ယင်းစစ်ကြောင်းသည် နိုဝင်ဘာလကုန်က ဆားလင်းကြီးမြို့မြောက်ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများကို မီးရှို့ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ဒီဇင်ဘာ ၃ မှစတင်၍ ဆားလင်းကြီးမြို့ပေါ်မှ အနောက်ဘက်ပိုင်းရှိ ကျေးရွာများကို ထပ်မံစီးနင်းနေခြင်းဖြစ်သည်။

ထိုသို့ ရွာစဉ်လှည့်စီးနင်းမှုအတွင်း အရပ်သား ၂၀ ထက်မနည်းကို ဖမ်းဆီးခဲ့ကာ စစ်ကြောင်းအတွင်း ဓားစာခံအဖြစ် အသုံးပြုထားသည်ဟု Salingyi Special Task Force -SSTF အမည်ရ မြို့ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံတစ်ဦးက ပြောသည်။
“ဓားစားခံတွေက ဆားလင်းမြို့ပေါ်ကတည်းက ပါလာတာ။ ထန်းဇင် (ရွာ) ဘက်ဝင်ကတည်းက ဓားစာခံတွေ မိပြီးတော့ ဆားလင်းကြီးမြို့ပေါ် ခေါ်သွားခဲ့တာ။ မြို့ပေါ်လည်း ဖမ်းပြီးတော့ ဒီဘက်အထိ ပါခဲ့တာ”ဟု ၎င်းက ဆက်ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် ယမန်နေ့က စီးနင်းခံရသည့် ဆားလင်းကြီးမြို့အနောက်ဘက်ရှိ မြင်သာကုန်း၊ ကျွဲကူးတော ရွာသားတချို့ပါဝင်သလို နိုဝင်ဘာလကုန်၌ စီးနင်းခံရသော ချင်းတွင်းမြစ်ကမ်းဘေးရှိ ထန်းဇင်ရွာ၊ ဆားထုံးရွာခံများလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
နိုဝင်ဘာ ၃၀ က စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ချင်းတွင်းမြစ်ကမ်းဘေးရှိ ထန်းဇင်၊ ဆားထုံး၊ လက်ပံကျွန်းနှင့် တောကျောင်းကလေးရွာတို့တွင် မီးရှို့ခဲ့ရာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ ရကြောင်း သိရသည်။
ယင်းမတိုင်မီ နိုဝင်ဘာ ၂၈ တွင် ၁၁ စီးပါ စစ်ရေယာဉ်အုပ်စုသည် ချင်းတွင်းမြစ်တွင် ဆန်တက်နေစဉ် ဆားလင်းကြီးမြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီးနောက် မြစ်ကမ်းဘေးရွာများကို စစ်တပ်က မီးရှို့ခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက အောက်တိုဘာလကုန်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း ပဋိပက္ခများနှင့် မလုံခြုံမှုတို့ကြောင့် အရပ် သားပြည်သူ ၁ ဒသမ ၁သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသည်။
မုံရွာမြို့တစ်ဖက်ကမ်းရှိ ဆားလင်းကြီးမြို့နယ်သည် ဆန္ဒပြပွဲများအားကောင်းသလို လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်မှု များပြားပြီး နာမည်ကျော် လက်ပံတောင်းကြေးနီစီမံကိန်း ရှိသော ဒေသ ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃ ကလည်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ Salingyi G-Z က ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာတွင် ဈေးထွက်ဝယ်သည့် ရဲလေးဦးကို ပစ်သတ်ကာ သေနတ်လေးလက် ရယူခဲ့သည်။
အလားတူ ဆားလင်းကြီးမြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာ ရဲနှင့် စစ်သား ၄၀ ခန့် ရှိသည့် ကျားတက်ရွာရဲစခန်းကို ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၅ နာရီကြာ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့သည်။
စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူ ရောက်လာပြီးနောက် စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရပြီး တိုက်ပွဲအတွင်း ကာကွယ်ရေး အဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)