သတင်း

Reuters သတင်းသမားများအမှုမှ သက်သေတစ်ဦး ပျောက်ဆုံးနေ

(ရန်ကုန်) – ရိုက်တာသတင်းထောက်များအမှု၏ တရားလိုပြသက်သေ တစ်ဦးဖြစ်သူ ရဲတပ်ကြပ်ကြီးဟောင်း ကိုခင်မောင်လင်း မည်သည့်နေရာတွင် ရှိနေသည်ကို မသိကြောင်း ရဲတပ်ဖွဲ့ အရာရှိကြီးတစ်ဦးက မေ ၁၆ ရက်နေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားခွင်အတွင်း ပြောလိုက်သည်။

“ဧပြီလ ၂၇ ရက်နေ့ကတည်းက ရဲအမှုထမ်းအဖြစ်မှ ထုတ်ပယ်ထားပြီးသူ ဖြစ်သည့်အတွက် သူသည် ရဲတပ်ရင်းအတွင်း ရှိမနေတော့ဘဲ ရဲတပ်ရင်းပြင်ပသို့ ရောက်ရှိနေပြီဖြစ်သည်။

မည်သည့်နေရာတွင် နေထိုင်နေသည်ကို မသိရပေ” ဟု ဒုရဲမှူးမျိုးလွင်က တရားခွင်အတွင်း ဖတ်ကြားခဲ့သည်။

၎င်းကို သက်သေစာရင်းမှ ဖယ်ရှားခြင်း မရှိသေးကြောင်း၊ ၎င်း၏ လိပ်စာနေရပ်ကို ဆက်လက်စုံစမ်းပြီး သက်သေအဖြစ် လာရောက်ထွက်ဆိုနိုင်စေရန် ကြိုးပမ်းမည်ဖြစ်ကြောင်း တရားလိုဘက်မှ အကျိုးဆောင်သည့် ရှေ့နေများက ပြောသည်။

ပျောက်နေသူ

ရိုက်တာ သတင်းသမားနှစ်ဦးသည် ရခိုင်ဒေသ သတင်းတစ်ပုဒ်အတွက် အချက်အလက်များ စုဆောင်းရန် ရဲဝန်ထမ်းအချို့ကို ယမန်နှစ်နှောင်းပိုင်းက တွေ့ဆုံမေးမြန်းခဲ့သည်။

ထိုကဲ့သို့တွေ့ဆုံခဲ့သည့် ရဲဝန်ထမ်းများအနက် ဦးမိုးရန်နိုင်၊ တပ်ကြပ်ကြီးခင်မောင်လင်းတို့ကို ရဲတပ်ဖွဲ့က ရဲစည်းကမ်းဥပဒေဖောက်ဖျက်မှုဖြင့် အချုပ်ချအရေးယူခဲ့သည်။ ဦးမိုးရန်နိုင်သည် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရပြီး အင်းစိန်ထောင်တွင် အထိန်းသိမ်းခံနေရသည်။

မကြာသေးမီက ရဲမှူးဟောင်း ဦးမိုးရန်နိုင်က ၎င်းနှင့်အတူတူ ရဲတပ်ရင်းတစ်ခုတွင် ချုပ်နှောင်ခံခဲ့ရသူ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မသိရသဖြင့် စိတ်ပူမိကြောင်း ထောင်ဝင်စာတွေ့ဆုံသည့် ဇနီးဖြစ်သူကို ပြောဆိုခဲ့သည်။

ရဲအဖွဲ့ တုံ့ပြန်ချက်

ရဲတပ်ကြပ်ကြီးဟောင်းကို ရဲတပ်ရင်းတစ်ခုခုတွင် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက Myanmar Now ကို မေလ ၃ ရက်နေ့တွင် ပြောခဲ့သည်။

ရဲတပ်ဖွဲ့၏ ယင်းနေ့က ပြောဆိုချက်နှင့် တရားရုံးတွင် နောက်ဆုံးထွက်ဆိုထားချက် ကွဲလွဲနေခြင်းနှင့် ပတ်သက်ပြီး တရားခွင်အပြီးတွင် ရဲမှူးကြီးကို ဆက်သွယ် မေးမြန်းခဲ့သည်။

“သတင်းထောက်ကြီး မေးတဲ့အချိန်တုန်းက ကျွန်တော်သိထားတာက အမိန့်ကို မချရသေးဘူးပေါ့နော်။ ကျပြီးခါမှ ဘက်ဒိတ် (Back Date) ပေးတဲ့သဘောမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘက်ဒိတ်ဆိုတာ ကျွန်တော်ပြောချင်တာက ရက်ကိုပြင်တာ မဟုတ်ဘူး။ အဲ့ဒီရက်တုန်းက ချခဲ့တယ်ဆိုတာကို အတည်ပြုလိုက်တယ်ဆိုတဲ့ သဘောပေါ့။ ရက်စွဲကို လုံးလုံး ပြင်လိုက်တာမဟုတ်ဘူး။ ဧပြီ ၂၇ က ချခဲ့တဲ့ အမိန့်ကို အတည်ပြုပါတယ်ဆိုတဲ့ သဘောပေါ့။ မေ ၃ ရက်တုန်းက ကျွန်တော်တို့ဆီမှာ အတည်မပြုရသေးတဲ့ သဘောပေါ့။ အဲ့ဒီတုန်းကလည်း အထက်ကို တင်ပြထားပါတယ်လို့ ကျွန်တော် ပြောထားတာပဲလေ” ဟု ရဲမှူးကြီးက ဆိုသည်။

သတင်းထောက်ကို ဖုန်းဆက်ခေါ်သူ

မေ ၁၆ တရားခွင်သို့ လာရောက်သော ဒုတပ်ကြပ် နိုင်လင်းသည် အများစိတ်ဝင်စားနေကြသော တရားလိုပြသက်သေတစ်ဦးဖြစ်သည်။

၎င်းသည် ရဲမှူးချုပ်တင်ကိုကို၏ ခိုင်းစေချက်အရ သတင်းထောက်တို့ကို အကွက်ဆင် ဖမ်းဆီးသူများထဲတွင် ပါဝင်ကြောင်း ရဲမှူးဟောင်း ဦးမိုးရန်နိုင်က ပြောဆိုဖူးသဖြင့် အများက စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။

ယနေ့ တရားခွင်တွင်မူ ဒုတပ်ကြပ်နိုင်လင်းက ဦးမိုးရန်နိုင်၏စွပ်စွဲချက်များကို ပယ်ချသွားသည်။

ရှေ့နေက သူ့ကို တရားခွင်အတွင်း မေးမြန်းရာတွင် အထက်အရာရှိ၏ အမိန့်နှင့် ပတ်သက်သည့်အချက်လည်း ပါဝင်သည်။

“ရဲမှူးချုပ် တင်ကိုကိုသည် ကျွန်တော့်ထက် ရာထူးအဆင့် များစွာကြီးသော အရာရှိကြီးဖြစ်သည်ဆိုလျှင် မှန်ပါသည်။ ရဲမှူးချုပ် တင်ကိုကို၏ အမိန့်များအား ကျွန်တော်နာခံရမည်ဆိုလျှင်၊ တရားဥပဒေနှင့်ညီသော အမိန့်ပေးလျှင် နာခံရမည်ဖြစ်သည်။ အမိန့်တစ်ခုခုအား ဥပဒေနှင့် ညီ၊ မညီ အထက်အရာရှိအား ပြန်လည်စောဒက တက်ခွင့်ရှိသလားဆိုပါက မရှိပါ” ဟု သူက ထွက်ဆိုသည်။

ဖုန်းမှတ်တမ်း

သတင်းထောက်တို့၏ ရှေ့နေက ဒုတပ်ကြပ်နိုင်လင်းနှင့် သတင်းထောက် ကိုဝလုံး၏ ဖုန်းဆက်သွယ်မှုမှတ်တမ်း အထောက်အထားကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံမှ ရရှိရေးအတွက် သမ္မန်စာ သို့မဟုတ် အမိန့်စာ ထုတ်ပေးရန် လျှောက်ထားခဲ့သည်။

ထိုသို့ လျှောက်ထားမှုကိုလည်း လက်ခံရန်မသင့်ကြောင်း တရားလိုရှေ့နေ ဥပဒေအကျိုးဆောင်က ပြန်လည်တင်ပြသည်။

ခရိုင်တရားသူကြီးကလည်း လျှောက်ထားချက်ကို ပယ်ကြောင်း အမိန့်ချသည်။

မေ ၂၁ ရက်နေ့တွင် အမှုကို ဆက်လက်စစ်ဆေးသည့်အခါ မှုခင်းရဲတပ်ဖွဲ့ CID မှ အရာရှိတဦး သက်သေထွက်ဆိုရန် တရားရုံးက ဆင့်ခေါ်ထားကြောင်း သိရသည်။

Show More

Related Articles

Back to top button