
(ရန်ကုန်) – နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသည့် ‘ရိုက်တာ’သတင်းဌာနမှ သတင်းထောက်နှစ်ဦး၏ လက်ကိုင်ဖုန်းများသည် လူကိုဖမ်းဆီး၊ ဖုန်းကိုသိမ်းဆည်းပြီးသည့်နောက် တစ်ရက်အထိ အချက်အလက်ပေးပို့ခြင်း၊ ဖုန်းအဝင်အထွက်များပြုလုပ်ထားခြင်းတို့ကို အဘယ်ကြောင့် တွေ့ရကြောင်း ယနေ့ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံး၌ ပြုလုပ်သည့် ရုံးချိန်းတွင် သတင်းထောက်နှစ်ဦး၏ရှေ့နေက မေးမြန်းသည်။
သတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီကျော်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးပြီးချင်း ၎င်းတို့၏ လက်ကိုင်ဖုန်းများကိုပါ သိမ်းဆည်းထားပြီး ဖြစ်သော်လည်း ဖုန်းများသည် အသက်ဝင် (Active) နေဆဲ ဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ မြန်မာပြည်တာဝန်ခံထံသို့ “OK”ဆိုသည့် စာသားကို ထိုနေ့ည ၁၀ နာရီ ၅ မိနစ်အချိန်တွင် ကိုဝလုံး၏ ဖုန်းမှ ပြန်လည်ပေးပို့ထားသည်များရှိကြောင်း သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင်က မေးခွန်းများတွင် ထည့်သွင်းမေးမြန်းခဲ့သည်။
ထို့ပြင် ဂူဂဲလ် (Google) မှရသည့် ခြေရာခံမှတ်တမ်းများအရ ၎င်း၏အမှုသည်နှစ်ဦး၏ ဖုန်းများသည် ၎င်းတို့ အဖမ်းခံရသည့် ည ၁၁ နာရီကျော်အထိ ထောက်ကြံ့နယ်မြေရဲစခန်းအတွင်း မှလည်းကောင်း၊ နောက်တစ်နေ့(ဒီဇင်ဘာ ၁၃) ရက်နေ့ နံနက် ၁၀ နာရီခွဲအထိ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကြံ့ချောင်းရွာမှ လည်းကောင်း ဖုန်းအဝင်အထွက်များ ရှိနေသည့် အကြောင်းကိုလည်း ၎င်းက မေးခွန်းထဲတွင် ထည့်သွင်းမေးမြန်းခဲ့သည်။
‘ရိုက်တာ’သတင်းထောက်များကို ထောက်ကြံ့ နယ်မြေရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လက်ကိုင်ဖုန်းများကို သိမ်းဆည်းပြီးနောက် အဆိုပါဖုန်းများကို မည်သူကိုင်ခဲ့ကြောင်း၊ လွှဲပြောင်းခြင်းနှင့် မည်သို့ပြုလုပ်ခဲ့ကြောင်း စာရွက်စာတမ်းအထောက်အထား ပူးတွဲတင်ပြချက်များကို မိမိတို့ဌာနသို့ ပေးပို့ခဲ့ခြင်းမရှိကြောင်း မှုခင်းရဲတပ်ဖွဲ့၊ နည်းပညာဌာနမှ “ကျွမ်းကျင်ပညာရှင်” ရဲမှူးအောင်ကျော်ဆန်းက ယနေ့(မေ ၂၉ ရက်) ရုံးချိန်းတွင် ရုံးတော်၌ ထွက်ဆိုခဲ့သည်။
“မှန်ပါသည်။ မိမိတို့ဌာနကို သက်ဆိုင်ရာ ရဲစခန်း၏ အမှာစာနှင့်ပဲ ရရှိခဲ့တာဖြစ်ပါသည်” ဟု ၎င်းက တရားရုံးတော်တွင် ထွက်ဆိုခဲ့သည်။
ထို့အပြင် မိမိသည် မှုခင်းတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာနသို့ ရောက်ရှိလာသည့် သက်သေခံဖုန်းများကို စစ်ဆေးခြင်းသာဖြစ်ပြီး မိမိတို့ဌာနသို့ မရောက်မီစပ်ကြားတွင် ၎င်းဖုန်းများကို မည်သူက ကိုင်တွယ်ခဲ့သည်ကို မသိကြောင်း ၎င်းက ဆက်လက်ထွက်ဆိုခဲ့သည်။
“ကျွန်တော့်အနေဖြင့် နေပြည်တော်တွင် နေထိုင်သူဖြစ်သဖြင့် ရန်ကုန်ရှိ အဖြစ်အပျက်များကို မသိပါ။ မိမိအနေဖြင့် မှုခင်းတပ်ဖွဲ့သို့ ပေးပို့သော သက်သေခံပစ္စည်းများကို စစ်ဆေး ဆောင်ရွက်သူသာ ဖြစ်ပါသည်” ဟု ၎င်းက ထွက်ဆိုသည်။
စွပ်စွဲခံရသူများ၏ ဖုန်းများအား ဖမ်းဆီးသိမ်းယူပြီးပါက မူရင်းအတိုင်းထားပြီး အချက်အလက် Data များ ပေးပို့ခြင်း၊ လက်ခံခြင်းမှာ ဖြစ်သင့်သလားဟု ဦးသန်းဇော်အောင်က ရဲမှူးအောင်ကျော်ဆန်းကို မေးမြန်းရာတွင်လည်း ၎င်းက ထင်မြင်ချက်မပေးခဲ့ပေ။
ထိုသို့ ရုံးတော်တွင် ဖုန်းများ အလွှဲအပြောင်းပြုမှုများနှင့် ပတ်သက်ပြီး မတင်ပြနိုင်ခြင်းက ရဲလက်စွဲဥပဒေများ၊ ရာဇဝတ်ကျင့်ထုံးဥပဒေများနှင့် မကိုက်ညီကြောင်း၊ မှုခင်းရဲတပ်ဖွဲ့ ဖုန်းများ မရောက်မီအချိန်တွင် ဖြစ်နိုင်ခြေ အများအပြား ဖြစ်ပေါ်နိုင်ကြောင်း ကိုဝလုံးတို့၏ ရှေ့နေ ဦးသန်းဇော်အောင်က တရားခွင်အပြီးတွင် ပြောကြားခဲ့သည်။
ထိုသို့ ရဲတပ်ဖွဲ့များက ကိုဝလုံးတို့ကို ဖမ်းဆီးပြီး ဖုန်းများ အသက်ဝင်နေသလို အချက်အလက်များ အသွားအလာ ရှိနေအောင် မည်သူက ပြုလုပ်သည်ကို မိမိအနေဖြင့် မသိနိုင်သော်လည်း ကျိန်းသေသည့်အချက်က ၎င်း၏ အမှုသည်များကို ဖမ်းဆီးရာတွင်ပါဝင်ခဲ့သူများ၏ သက်သေထွက်ဆိုချက်များအရ အဆိုပါ ဖုန်းများသည် ရဲတပ်ဖွဲ့၏ လက်ထဲတွင် ရှိနေသည်ဆိုသည့် အချက်ပင်ဖြစ်ကြောင်း ဦးသန်းဇော်အောင်က သုံးသပ်သည်။
ထို့ပြင် သက်သေခံဖြစ်သူ၏ ထွက်ဆိုချက်အရ သက်သေခံဖုန်းများကို မှုခင်းရဲတပ်ဖွဲ့သို့ ပေးပို့ရာတွင် စက္ကူစာအိတ်များဖြင့် ချိပ်ပိတ်ပေးပို့ခဲ့ခြင်းသာဖြစ်ပြီး အီလက်ထရောနစ်ပစ္စည်းများ သယ်ယူပို့ဆောင်ရမည့် စံနှုန်းများနှင့် မကိုက်ညီကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“ဒီဟာတွေကို သယ်ယူပို့ဆောင်တဲ့အခါမှာ ပြင်ပမှ မလိုလားအပ်တဲ့ အချက်အလက်တွေ ဝင်ရောက်နိုင်ခြင်းမရှိရန် လှိုင်းဖြတ်နိုင်တဲ့ သီးသန့်အိတ်တွေ မသုံးခဲ့တဲ့အကြောင်း သူက ထွက်ဆိုခဲ့တယ်။ စက္ကူအိတ်နဲ့ ပို့တယ်ဆိုတဲ့ နေရာမှာ အချက်အလက်တွေ၊ သတင်းစကားတွေက အချိန်နဲ့တစ်ပြေးညီ ဝင်လာနိုင်တယ်။ သူတို့ဌာနကို မရောက်မီ စပ်ကြားမှာ အချက်အလက်တွေဟာ ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဖုန်းများကို နည်းပညာမှုခင်းဌာနတွင် မည်သူက မည်သည့်အချိန်တွင် တာဝန်ယူ၊ တာဝန်ခံစစ်ဆေးသည်ဆိုသည့် အချက်များကိုလည်း ရုံးတော်သို့ တရားလိုပြသက်သေက မတင်ပြနိုင်ခဲ့ဟု သူက ဆက်ပြောသည်။
“ရဲလက်စွဲမှာ သက်သေခံပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါမှာ လက်အကူးအပြောင်း နည်းနိုင်သမျှ နည်းစေရမယ်ဆိုတာ ရှိတယ်။ မှုခင်းဌာနကို မရောက်မီ ဘယ်လောက်အထိ ဘယ်သူတွေ ကိုင်ထားတယ်ဆိုတာ မသိနိုင်ဘူး။ မှုခင်းဌာနမှာလည်း ဘယ်သူတွေက ဘယ်လိုစစ်တယ်၊ ဘယ်သူက တာဝန်ခံ တာဝန်ယူပြီး စစ်ဆေးတယ်ဆိုတာ မသိနိုင်ဘူး” ဟု သူက ဆိုသည်။
ရိုက်တာသတင်းဌာန သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လ မောင်တောမြို့နယ် တိုက်ခိုက်မှုနောက်ပိုင်း အင်းဒင်ရွာသား ဆယ်ဦးကို တပ်မတော်ဘက်က သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး သတင်းလိုက်နေစဉ်အတွင်း“လျှို့ဝှက်စာရွက်စာတမ်း”များ လက်ဝယ်တွေ့ရှိမှုဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက မင်္ဂလာဒုံမြို့နယ် စားသောက်ဆိုင်တစ်ဆိုင်မှ အထွက်တွင် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရ သည်။
သတင်းထောက်နှစ်ဦးနှင့်တကွ တရားလိုပြသက်သေတစ်ဦးဖြစ်သူ ဒုရဲမှူးဟောင်းမိုးရန်နိုင်ကမူ ၎င်းသည် တမင် ထောင်ချောက်ဆင် ဖမ်းဆီးသည့်အမှုတစ်မှုဖြစ်ကြောင်း ထွက်ဆိုထားသည်။
အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရပါက သတင်းထောက်နှစ်ဦးသည် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်သည်။