မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အင်အား ၁၀၀ ခန့် ထိုစခန်း၌ တပ်စွဲထား၍ ရွာခံ ၂၀၀၀ ကျော် ထွက်ပြေးနေရသည်။
ယမန်နေ့ (နိုဝင်ဘာ ၂၁) က ၇ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့သည့် အဆိုပါရဲကင်းစခန်း တိုက်ခိုက်ခံရမှုတွင် စစ်သား ၅ ဦးနှင့် ရဲ ၃ ဦး သေဆုံးပြီးနောက် စစ်ကောင်စီဘက်က အင်အားဖြည့်ကာ ပြန်လည်တပ်စွဲထားခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လူဦးရေ ၃၀၀၀ ကျော်ရှိသည့် တောင်ကလေးကျေးရွာတွင် ၂၀၀၀ ကျော် ထွက်ပြေးရပြီး ၁၀၀၀ ခန့်မှာ ရွာ၌ ကျန်ရှိနေသေးကြောင်း၊ ရော်ဘာခြံလုပ်သား ၁၀၀ ခန့်မှာ ရဲစခန်းနှင့် ၁ မိုင်ကျော်အကွာရှိ တောင်ကလေးတောင်ခြေ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြောင်း ၎င်းက ဆိုသည်။
“လက်ရှိ အခြေအနေထိဆိုရင်တော့ ပစ်ခတ်တဲ့အသံ မကြားရတော့ဘူးဆိုပြီး ပြန်လာတဲ့သူတွေရှိသလို ဒီမနက်မှ ပြန်ထွက်တဲ့သူတွေလည်း ရှိတယ်။ ဂူထဲမှာ ဝင်အိပ်နေရတာမျိုးတွေရှိတော့ ကျန်းမာရေးစောင့်ရှောက်မှုတော့ လိုအပ်လာနိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ရွာခံများမှာ အနီးအနားမြို့ရွာများရှိ ဆွေမျိုးမိတ်ဆွေများထံ ခိုလှုံကြသော်လည်း ရော်ဘာခြံ ရွှေ့ပြောင်းလုပ်သားများမှာ ဘုန်းကြီးကျောင်းတွင်ပင် နေထိုင်ရကြောင်း သိရသည်။
“လက်ရှိတော့ အကူအညီတွေ လိုအပ်တာအမှန်ပဲ။ ဆီ ဆား ငရုတ်သီး ကြက်သွန်တွေ ပဲခြမ်းတွေ ရနိုင်မယ်ဆိုရင် သူတို့မိသားစုလိုက် ချက်စားလို့ရရင် အဆင်ပြေတာပေါ့။ ဘုန်းကြီးကျောင်းကလည်း အကြာကြီး ကျွေးထားဖို့ အဆင်မပြေဘူးလေ”
ယမန်နေ့က တိုက်ပွဲအတွင်း စစ်ကောင်စီက စစ်သုံးရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်၊ ဂျက်တိုက်လေယာဉ်နှစ်စီး ဖြင့် သုံးကြိမ် ဗုံးကြဲခဲ့သည့်အပြင် လက်နက်ကြီးများ ပစ်ကူပေးခဲ့ကြောင်း သိရသည်။
လေယာဉ်ဗုံးကြဲမှုကြောင့် ရွာခံ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မုဒုမြို့နယ်မှ အသက် ၄၁ နှစ်အရွယ် ခရီးသွားအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းထံမှ သိရသည်။
ထို့ပြင် တောင်ကလေးတောရကျောင်းတွင် ကျောင်းဆောင်တစ်ခုနှင့် မုခ်ဝပြိုကျပျက်ဆီးခဲ့ပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း၊ ရဲစခန်းနှင့် ၂ မိုင်ခန့်အကွာရှိ ကြံတောရွာတွင် ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။
တောင်ကလေးရဲကင်းစခန်းကို KNLA၊ KNDO နှင့် PDF ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဘက်က တစ်ဦးသေဆုံးကြောင်း၊ စစ်ကောင်စီ၏ လက်နက်များကိုလည်း သိမ်းဆည်းရမိကြောင်း ကျိုက်မရောမြို့နယ် ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ တောင်ကလေးကျေးရွာတွင် စစ်တပ်နှင့် ရဲအပြင် စောဘီလူးခေါင်းဆောင်သည့် BGF ၁၀၂၁ တပ်ရင်း လှုပ်ရှားကြောင်း သိရသည်။
ပြည်သူများအနေဖြင့် စစ်တပ်၊ ရဲနှင့် BGF ဂိတ်စခန်းများကို ဝေးဝေးရှောင်ကြရန် တိုက်တွန်းလိုကြောင်း ကျိုက်မရောပကဖအဖွဲ့ဝင်က ဆိုသည်။
အောက်တိုဘာ ၂၁ တွင် တောင်ကလေးကျေးရွာနှင့် ၄ မိုင်ကျော်အကွာရှိ မွန်-ကရင်နယ်စပ် ချောင်းနှစ်ခွကျေးရွာတွင်လည်း ရဲကင်းစခန်း တိုက်ခိုက်ခံရကာ ရဲ ၃ ဦး သေဆုံးပြီး ၄ ဦး အဖမ်းခံရသည်။
ချောင်းနှစ်ခွကျေးရွာတွင်လည်း စစ်တပ်က ယနေ့အထိ တပ်စွဲထားပြီး ရွာခံအများစု အိမ်ပြန်မလာသေးဟု ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)