သတင်း

အင်ဇိုင်းချို့တဲ့ရောဂါကြောင့် ကျောင်းထုတ်ခံရသည့် ကလေးမိဘများက လူ့အခွင့်အရေးကော်မရှင်ထံ တိုင်မည်

(ရန်ကုန်) – မွေးရာပါအင်ဇိုင်းဓာတ်ချို့တဲ့သည့်ရောဂါ (G6PD) အကြောင်းပြချက်ဖြင့် ကလေးငယ်နှစ်ဦးကို ကျောင်းထုတ်ခံခဲ့သည့် မန္တလေးမြို့မှ VEC ပညာ့ရိပ်သာကိုယ်ပိုင်အထက်တန်းကျောင်းကို လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားရန်အတွက် ပြင်ဆင်နေသည်ဟု မိဘများက ပြောသည်။

မန္တလေး ၆၅ လမ်းနှင့် ချယ်ရီလမ်းထောင့်ရှိ Victory Education Center သည် သူငယ်တန်းကျောင်းသား မောင်အားမာန်သွေးနှင့် မောင်ပြည့်ဘုန်းခန့်တို့ နှစ်ဦးကို အင်ဇိုင်းချို့တဲ့ရောဂါ (G6PD) အကြောင်းပြချက်ဖြင့် ဇွန်လဒုတိယအပတ်က ကျောင်းထုတ်ခဲ့ခြင်းဖြစ်သည်။

G6PD ရောဂါဆိုသည်မှာ သွေးနီဥများကို ပုံမှန်အတိုင်း အလုပ်လုပ်နိုင်အောင် ကူညီသည့် glucose-6-phosphate dehydrogenase သို့မဟုတ် G6PD ဟုခေါ်သည့် အင်ဇိုင်းတစ်မျိုး မွေးရာပါ ချို့တဲ့ခြင်းဖြစ်ပြီး၊ တချို့သော ဆေးဝါး၊ အစားအစာ သို့မဟုတ် ပိုးဝင်ခြင်းများဖြစ်ပါက ဖျော့တော့သည့် ရောဂါလက္ခဏာများ ပြသတတ်ခြင်းဖြစ်သည်။ ၎င်းသည် မျိုးရိုးဗီဇ ကြောင့်ဖြစ်ခြင်းဖြစ်ပြီး ကူးစက်ရောဂါမဟုတ်ပေ။

အဆိုပါကျောင်း၏ လုပ်ရပ်ကို စုံစမ်းစစ်ဆေးပေးရန် ကျောင်းသားနှစ်ဦး၏ မိဘများက ပညာရေးဝန်ကြီးဌာနထံ ဇွန်လ ၁၃ ရက်နေ့တွင် တိုင်ကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနဘက်က တုံ့ပြန်ပုံကို စောင့်ကြည့်နေပြီး သေချာအရေးမယူပါက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားမည်ဟု မိဘများက ဆိုသည်။

ကျောင်းထုတ်ခံရသည့် ကလေးနှစ်ဦး၏ မိခင်များက ကလေးများတွင် မွေးရာပါ အင်ဇိုင်းချို့တဲ့သည့် G6PD ရောဂါ ရှိကြောင်းနှင့် အစားအသောက်စားရာတွင် ဆောင်ရန်၊ ရှောင်ရန်များ ကို ကျောင်းစတက်စဉ်က ကြိုတင် အသိပေးထားခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ကျောင်းစတင်ဖွင့်ပြီး သီတင်းတစ်ပတ်အကြာ ဇွန်လ ၁၁ ရက်တွင် အဆိုပါရောဂါ ရှိသည့် အကြောင်းပြချက်ဖြင့် ကလေးငယ်များကို ကျောင်းမှထုတ်ပယ်လိုက်ကြောင်း မောင်အားမာန်သွေး၏ မိခင် ဒေါ်နန်းနွယ်နီစိုးက ပြောသည်။

Myanmar Now က လူမှုကွန်ရက်မှတစ်ဆင့် ဖတ်ရှုခွင့်ရသည့် ကလေးငယ်နှစ်ဦးအား ကျောင်းမှထုတ်ပယ်သည့် အကြောင်းကြားစာတွင်လည်း “G6PD ချို့တဲ့သည့်အတွက် ကျောင်းမှ ရပ်နားလိုက်ပါသည်” ဆိုသည့် စာသားအောက်တွင် အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်ကြင်ကြင်မြက လက်မှတ်ရေးထိုးထားသည်။

“ကျွန်မတို့ကလေးကို ကျောင်းစတက်ခဲ့စဉ်တုန်းကလည်း ဒီကလေးမှာ ဒီရောဂါရှိနေတယ်ဆိုတာ ကျောင်းကို အသိပေးခဲ့တယ်။ အသိမပေးခဲ့ရင် ကလေးကို ပြုစုစောင့်ရှောက်ရာမှာ တစ်ခုခုဖြစ်ပြီး ကလေးအန္တရာယ်ဖြစ်မှာ စိုးရိမ်လို့ပဲ။ ကျောင်းကို ဒီကလေး တစ်ခုခုဖြစ်သွားရင် တာဝန်ယူပါလို့ ပြောခဲ့တာလည်းမဟုတ်ဘူး” ဟု မောင်ပြည့်ဘုန်းခန့်၏ မိခင် ဒေါ်နွယ်နွယ်ဦးက ဆိုသည်။

ကျောင်းသားများအား ထုတ်ပယ်ပြီး လေးရက်အကြာတွင် ကလေးများကို ပြန်လည်လက်ခံမည်ဟု VEC ဘက်က ကမ်းလှမ်းခဲ့သော်လည်း မိဘများက အဆိုပါကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ကြသည်။

“ကျွန်မကလေးကို ဒီကျောင်းမှာဆို ပိုလုံခြုံမယ်ထင်ပြီး ကျောင်းထားခဲ့တာ။ သူတို့က ထုတ်လိုက်တော့ အခု ကျောင်းပြောင်းထားလိုက်ပြီ” ဟုဒေါ်နွယ်နွယ်ဦးက ဆိုသည်။

၎င်း၏သားဖြစ်သူနှင့်ဘဝတူ ကလေးငယ်များအခွင့်အရေးအတွက် စာသင်ကျောင်းကို အရေးယူနိုင်ရေး အဆင့်ဆင့် တိုင်ကြားမည်ဟု ၎င်းက ပြောသည်။

အဆိုပါကျောင်းကို Myanmar Now က တယ်လီဖုန်းဖြင့် နှစ်ရက်ကြာ မေးမြန်းခဲ့ သော်လည်း ပြန်လည်ဖြေကြားရန် ငြင်းဆန်သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ယူဖြေကြားပေးမယ့်သူ မရှိပါ၊ တာဝန်ရှိသူ မရှိပါ” ဟု တယ်လီဖုန်းကိုင်သည့် ကျောင်းဝန်ထမ်းက Myanmar Now ကို နှစ်ရက်စလုံး ပြောသည်။

ကျောင်းသားမိဘများဘက်က စွပ်စွဲချက်များကို VEC ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်း၏ Facebook စာမျက်နှာမှတဆင့် ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ချက်တစ်ခုဖြင့် ပယ်ချခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကလေးများကို မိဘများထံ ပြန်လည်အပ်နှံရခြင်းမှာ G6PD ရှိ ခြင်းကြောင့် မဟုတ်ဘဲ မိဘများ၏ အသေးစိတ်တောင်းဆိုမှုကို မဖြည့်ဆည်းနိုင်မည်ကို စိုးရိမ်ခြင်းကြောင့်သာဖြစ်ကြောင်း” ရေးသားထားသည်။

ကလေးများအား မတည့်သည့်အစားအစာ မကျွေးရန် ကျောင်းဘက်က တာဝန်ယူနိုင်သော်လည်း ကလေးအချင်းချင်း ဝေမျှစားသောက်သည့်အတွက် ကလေးငယ်များ ကျန်းမာရေး ထိခိုက်မည်ကိုလည်း ကျောင်းဘက်က စိုးရိမ်ကြောင်း VEC က ထုတ်ပြန်သည်။

ကလေးများ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းနှင့် G6PD ရောဂါကြောင့် ကျောင်းထုတ်သည့်စာ ရေးပေးခဲ့ရခြင်းမှာ ကလေးမိဘများဘက်က တောင်းဆိုသည့်အတွက်ဖြစ်ကြောင်း လည်း ရေးသားဖော်ပြထားသည်။

ယနေ့အချိန်တွင် မသန်စွမ်းကလေးငယ်များကိုပင် ပညာသင်ကြားနိုင်ခွင့်ကို ပိုမိုပြုလုပ်ရန် အစိုးရဘက်က ကြိုးစားနေချိန်တွင် ယခုလိုကျောင်းထုတ်လိုက်ခြင်းက လူတစ်ဦး၏ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ တိုင်ကြားစာများကော်မတီမှ တာဝန်ရှိသူ ဦးယူလွင်အောင်က မှတ်ချက်ပြုသည်။

“ဒါဟာ လူ့အခွင့်အရေးကို ချိုးဖောက်လိုက်တာပဲ။ မသန်စွမ်းကလေးတွေကို လူ့အသိုင်းအဝိုင်းထဲ ဝင်ဆံ့လာအောင် ဆွဲခေါ်နေတဲ့အချိန်မှာ ဒီလိုသာမန်ကလေးတွေနဲ့ မကွဲပြားသူတွေကို အခုလိုကျောင်းထုတ်တာ လုံးဝ မဖြစ်သင့်ဘူး။ သူတို့ဘာ့ကြောင့် ဒီလိုလုပ်ရတယ်ဆိုတာ မသိပေမဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့လုပ်ရပ်ပဲ” ဟု ၎င်းက ဆိုသည်။

အင်ဇိုင်းချို့တဲ့သည့် G6PD ရောဂါဆိုသည်မှာ သာမန်ကလေးများနှင့်စာလျှင် အစားအသောက်၊ အနေအထိုင် ဆင်ခြင်ရမည့်အနေအထားသာရှိပြီး ကူးစက်ရောဂါ မဟုတ်ကြောင်း၊ တခြားကလေးငယ်များလို ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်ရှိပြီး စာသင်ကြားနိုင်၊ သင်ယူနိုင်စွမ်း အတူတူပင်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာမျိုးမင်းဦးက Myanmar Now ကို ပြောသည်။

“G6PD ကလေးဆိုတာ အင်ဇိုင်းချို့တဲ့လို့ အစားအသောက်ရှောင်ရတာလောက်ပဲ။ မသန်စွမ်းကလေးလို မဟုတ်ဘူး။ ဥပမာ – ပရုပ်ဓာတ်နဲ့ မတည့်တာ၊ တောင်ကြီးပဲလှော်လို အစားအစာ တွေကို စားမရတာ ဒါမျိုးပဲ။ ကလေးကိုစောင့်ရှောက်ရတာလည်း ထွေထွေထူးထူး ဂရုစိုက်နေရတာမျိုး မဟုတ်ဘူး။ သူတို့တွေက စာသင်ယူနိုင်တယ်။ စာဖတ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

အမေရိကန်ပြည်ထောင်စု အမျိုးသားဆေးပညာစာကြည့်တိုက် ၏ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် G6PD ရောဂါခံစား နေရသူ သန်း ၄၀၀ ခန့် ရှိသည်။ အဆိုပါရောဂါသည် မိန်းကလေးများထက် ယောက်ျားလေးများတွင် ပိုမိုတွေ့ရသည်ဟုလည်း ဆိုသည်။

Show More

Related Articles

Back to top button