အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မော်လမြိုင်မြို့တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ စစ်ကောင်စီဘက်မှ ၂ ဦးသေ

ယမန်နေ့ (နိုဝင်ဘာ ၁၄) က မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့တွင် တော်လှန်ရေးလူငယ်များကို လာရောက်ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးပြီး လူငယ် ၅ ဦး အဖမ်းခံလိုက်ရကြောင်း သိရသည်။

အတ္ထရံမြစ်ကမ်းအနီး ဇေယျာသီရိရပ်ကွက် ဇေယျာ (၃) လမ်းရှိ Special Underground Movement Force – Mawlamyine အမည်ရ မြို့ပြပြောက်ကျားအဖွဲ့မှ ရဲဘော်များ နေထိုက်ရာ တိုက်ခန်းကို ညနေ ၅ နာရီအကျော်တွင် စစ်ကောင်စီက အိမ်စီးကားနှစ်စီးဖြင့် ဝင်ရောက်စီးနင်းစဉ် အပြန်အလှန်ပစ်ခတ်ကြခြင်း ဖြစ်သည်။​

အပြန်အလှန်ပစ်ခတ်စဉ် ၎င်းတို့ရဲဘော်တစ်ဦး မျက်ခုံးတွင် ဗုံးစထိမှန်ခဲ့သလို စစ်ကောင်စီဘက်မှ သတင်းပေးအဖြစ် လိုက်ပါလာသည့် ဇေယျာသီရိရပ်ကွက် အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ သေဆုံးသွားကြောင်း တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။​

“သေသွားတော့ သူတို့တွေ ထပ်မဝင်ရဲတော့ဘဲနဲ့ Safe House(တိုက်ခန်း) ရဲ့ အပြင်နားလေးမှာ နေရာယူပြီး စောင့်နေကြတယ်။ စောင့်နေပြီး အင်အားထပ်ခေါ်လိုက်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဗုံးသီးများ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း၊ ၄၅ မိနစ်အကြာတွင် ကားသုံးစီးဖြင့် အင်အားထပ်ဖြည့်လာကြောင်း ၎င်းထံမှ သိရသည်။

မြို့ပြပြောက်ကျားအဖွဲ့မှ ရဲဘော်များက ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားရင်း ပြန်လည်ပစ်ခတ်စဉ် နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထိမှန်ခဲ့သည်ဟု ဆိုသည်။

“မိုးတွေလည်း အရမ်းရွာနေတယ်။ သူတို့လည်း (မြို့ပြပြောက်ကျားအဖွဲ့ဝင်များ) မရမက လွတ်လမ်းရှာပြီး ပြေးကြတယ်။ အကုန်လုံးဝိုင်းစဉ်းစားပြီးတော့ အတတ်နိုင်ဆုံးတော့လည်း လွတ်လမ်းရှာကြတာပေါ့။ ဒါပေမဲ့ အဆင်မပြေခဲ့ဘူး” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။​

ဝင်စီးချိန်တွင် စစ်တပ်က ရပ်ကွက်အဝင်အထွက်လမ်းများကို ပိတ်ဆို့ထားသည့်အပြင် မြစ်ထဲခုန်ချ ထွက်ပြေးမည်စိုး၍ အတ္ထရံမြစ်ကမ်းတွင် ရှပ်ပြေးယာဉ်တစ်စီး လာရောက်စောင့်ဆိုင်းနေကြောင်း ဒေသခံများကို ကိုးကား၍ ၎င်းက ဆက်ပြောသည်။

“ဖမ်းခံမထိခင် နာရီဝက်လောက်ထိ သတင်းအဆက်အသွယ်ရပြီးတော့ သူတို့ကို ကယ်ထုတ်ဖို့ စီစဉ်နေတယ်။ ဒါပေမဲ့လည်း မရဘူး။ လက်နက်ချလိုက်ရတယ်” ဟု ထိုသူက ဆက်ပြောသည်။

ထို့နောက်တွင် မြို့ပြပြောက်ကျားအဖွဲ့ဝင် လူငယ်ငါးဦးကို လက်နက်များနှင့်အတူ စစ်ကောင်စီက ဖမ်းဆီးခဲ့ကာ မော်လမြိုင် စရဖရုံးထဲ၌ စစ်ကြောရေးလုပ်နေသည်ဟု သိရကြောင်း ၎င်းက ပြောသည်။ 

မြို့ပြပြောက်ကျားအဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်စဉ် စစ်ကောင်စီဘက်က ဇေယျာသီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးသိန်း၏ သားဖြစ်သူ အသက် ၃၂ နှစ်အရွယ် ကိုဟိန်းကိုဦးနှင့် စစ်သားတစ်ဦး မော်လမြိုင်စစ်ဆေးရုံတွင် ကုသနေစဉ် သေဆုံးခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နေအိမ်ကို စစ်ကောင်စီဘက်က လုံခြုံရေးချထားသော်လည်း ယနေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်နေသူများ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီဖြစ်ကြောင်း ဇေယျာသီရိရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ 

မြို့ပြပြောက်ကျားအဖွဲ့ဝင် လူငယ်များမှာ အဆိုပါ တိုက်ခန်းတွင် ငှားရမ်နေထိုင်သည်မှာ နှစ်လခန့် ကြာမြင့်ပြီဖြစ်ပြီး လူအချို့၏သတင်းပေးချက်အရ နယ်မြေခံရဲက ကနဦး သွားရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် အုပ်ချုပ်ရေးမှူး၏သားဖြစ်သူ ကိုဟိန်းကိုဦးမှာ ထိုနယ်မြေတွင် ရာအိမ်မှူး(သို့)ဆယ်အိမ်မှူး တာဝန်ယူထားသူဟု ယူဆရပြီး၊ ထိုရပ်ကွက်ရှိ ဇေယျာ (၃) လမ်းအနီး စံပယ်လမ်းတွင် နေထိုင်သူဖြစ်သည်ဟု အထက်ပါ အမျိုးသားထံမှ သိရသည်။ 

စစ်ကောင်စီအုပ်ချုပ်ရေး အပြည့်အဝသက်ရောက်နေသည့် မော်လမြိုင်မြို့တွင် စစ်တပ်သတင်းပေးနှင့် အုပ်ချုပ်ရေးမှူးအချို့ ပစ်သတ်ခံရပြီး ယခုကဲ့သို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဝင်ရောက်စီးနင်းခံရသည့်နေရာအား စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြထားသည်ကို တွေ့ရစဉ်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button