သတင်း

ချောင်းနှစ်ခွရဲစခန်းတွင် အထိနာသည့် စစ်တပ်က ထိုဒေသတွင် အင်အား ၂၀၀ ဖြင့် တပ်စွဲ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရဲစခန်း နိုဝင်ဘာ ၁၂ တွင်  စီးနင်းတိုက်ခိုက်ခံရပြီးနောက် ထိုရွာအတွင်း စစ်ကောင်စီတပ်က အင်အား  ၂၀၀ ခန့်ဖြင့်  လာရောက်တပ်စွဲထားကြောင်း သိရသည်။  

ရဲ ၃ ဦး သေဆုံး၊ ၄ ဦး အရှင်ဖမ်းမိခဲ့သည့် အဆိုပါ တိုက်ပွဲအပြီး ရွာထဲတပ်စွဲသည့် လက်နက်ကိုင်များထဲတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်သည်ဟု၊ နဂါးနီစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ တိုက်ခိုက်ပြီးတဲ့ အချိန်ကစပြီး တပ်စစွဲထားတာပေါ့။ လေယာဉ်နဲ့ပစ်တယ် နယ်မြေရှင်းလင်းပြီး တပ် လာစွဲတယ်” ဟု နဂါးနီစစ်ကြောင်း စစ်ရေးဗိုလ်ကြီး စောအယ်က ပြောသည်။

တိုက်ပွဲဖြစ်ချိန်တွင် ရွာခံများ ထွက်ပြေးတိမ်းရှောင်ကြသော်လည်း နောက်တစ်နေ့တွင် ပြန်ရောက်လာကြကြောင်း၊ အတ္ထရံတံတား ခေါ် ချောင်းနှစ်ခွတံတားကိုလည်း ပြန်ဖွင့်ထားပြီး ပုံမှန်အတိုင်း သွားလာခွင့် ပြုထားသည်ဟု သိရကြောင်း ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပြီး တစ်နာရီကျော်အကြာတွင် စစ်ရဟတ်ယာဉ်နှစ်စီး ဗုံးကြဲမှု ကြောင့် ပြည်သူ ၂ ဦး ထိခိုက်ပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း၊ ထိခိုက်သူနှင့် ပတ်သက်၍ အသေးစိတ် မသိရကြောင်း ၎င်းက ဆက်ပြောသည်။

“အခုနောက်ပိုင်း သူတို့ရဲ့ ကင်းထောက်လေယာဉ် တောက်လျှောက်လှည့်နေတာရှိတယ်။ တိုက်ခိုက်မှုတစ်ခုခုတော့ သူတို့ လုပ်ဖို့ရှိတယ်လို့တော့ မြင်တာပေါ့” ဟု ၎င်းက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၃) မွန်းလွဲ တစ်နာရီခွဲခန့်တွင် ထိုနေရာအနီးနားဖြစ်သော တောင်ကလေးနှင့် ကျောက်ကွဲကျေးရွာ အကြား စစ်ကားများ ဖြတ်သွားစဉ် ကားပေါ်မှ စစ်သားများက ပတ်ဝန်းကျင်ကို ပစ်ခတ်သွားကြသည်ဟု သိရသည်။

ထိုသို့ ပစ်ခတ်သဖြင့် ချောင်းနှစ်ခွကျေးရွာ အနောက်ဘက် နှစ်မိုင်ကျော်အကွာ လက်ပူကုန်းကျေးရွာအတွင်း ဆိုင်ကယ် မောင်းနှင်လာသည့် အဖိုးအိုတစ်ဦး ကျည်ထိဒဏ်ရာရခဲ့ ကြောင်း၊ ကျိုက်မရောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသူကို အနီးအနားရွာရှိ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုက မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

လူဦးရေ ၁၀၀၀ ကျော်ရှိသည့် ချောင်းနှစ်ခွကျေးရွာတွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသွားသူ အရေအတွက် မည်မျှ ရှိမည်ကို ခန့်မှန်း နိုင်ခြင်း မရှိသေးကြောင်း၊ တိမ်းရှောင်သွားသူမှာ လူဦးရေ ၇၅ ရာခိုင်နှုန်းခန့် ရှိမည်ဟု တချို့က ခန့်မှန်းကြောင်း ၎င်းက ဆက်ပြောသည်။ 

“နီးစပ်ရာ ရွာတွေဆီ ပြောင်းရွှေ့နေကြရတယ်။ ပစ္စည်းတွေတော့ မသယ်လိုက်ကြရဘူး။ ရွာတွေတော်တော်များများ ကို လိုက်နေကြတော့  ခန့်မှန်းလို့ မရသေးဘူး။ ကျုံကွယ်၊ ဖာသိမ်၊ ငပုအင်း၊ ငပြေမရွာတွေအထိ ရှောင်ပြေးနေကြ တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်  (KNLA) နှင့် နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ချောင်း နှစ်ခွရဲစခန်းတိုက်ပွဲတွင် စခန်းမှူး ဒုရဲအုပ် လှကျော်ဦး၊ ဒုတပ်ကြပ် စိုးငြိမ်းဦး၊ ရဲတပ်သား အောင်နန်းဇွန်တို့ သေဆုံး ပြီး တပ်ကြပ်ကြီး အေးကို၊ ဒုတပ်ကြပ် မျိုးအေး၊ ရဲတပ်သား လွင်ကိုဟိန်းနှင့် ရဲတပ်သား ကိုလင်း တို့ကို သုံ့ပန်းအဖြစ် ဖမ်းမိ ကြောင်း နဂါးနီစစ်ကြောင်းက နိုဝင်ဘာ ၁၃ တွင် သတင်းထုတ်ပြန်သည်။ 

ဒုရဲအုပ် နန္ဒစိုး၊ ရဲတပ်သား တလာကိုတို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ တိုက်ပွဲအပြီး မောင်းပြန်သေနတ် ၆ လက် အပါအဝင် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း နဂါးနီစစ်ကြောင်းက ဆိုသည်။ 

ချောင်းနှစ်ခွ ရွာခံအမျိုးသားတစ်ဦးကလည်း လေကြောင်းတိုက်ခိုက်မှုအတွင်း ရှမ်းဘုန်းကြီးကျောင်းနှင့် ကားလမ်း ပျက်စီးကြောင်း ပြောသည်။ 

“(တိုက်ပွဲ)ဖြစ်တာ ဒါနဲ့ဆို ၄ ကြိမ်ရှိပြီ၊ အရင်ကပစ်တာ ခဏပဲ။ အခုက လေယာဉ်တွေပါ ပါလာတယ်။ (လေယာဉ် မပစ်ခင်ရော ပစ်ပြီးတော့ရော) စစ်ကားတွေ ချောင်းနှစ်ခွတံတားဘက်ကို သွားတယ်” ဟု ထိုအမျိုးသားက ဆိုသည်။ 

ယခုနှစ် မတ်လတွင် ချောင်းနှစ်ခွတံတားထိပ်ရှိ ရဲစစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံးသလို ဧပြီလက လည်း ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦး ပစ်သတ်ခံရကြောင်း၊ ဇွန်လတွင်လည်း ချောင်းနှစ်ခွတံတား၌ ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button