
အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ၏ ထိပ်သီးအစည်းဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် စတင်ကျင်းပလျက်ရှိရာ ထိုအစည်းအဝေးအတွင်း မြန်မာ့အရေးဆွေးနွေးမှုများသည် အသုံးမဝင်သည့် ဆွေးနွေးမှုများသာ ဆက်ဖြစ်နေလိမ့်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
နိုဝင်ဘာ ၁၀ မှ ၁၃ အထိ ကျင်းပမည့် အာဆီယံနိုင်ငံများ၏ ၄၁ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေး လွှမ်းမိုးဖွယ်ရှိကြောင်း ဒေသတွင်းမီဒီယာများက သုံးသပ်ရေးသားသည်။ သို့သော် ထိုဆွေးနွေးမှုများမှ ရေရာတိကျသည့် ရလဒ်ထွက်ပေါ်လာမည်ဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုခြင်းဖြစ်သည်။
“အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက အာဆီယံ အရေးပါတယ်ဆိုပြီးတော့ လက်ပိုက်နေလိုက်ကြတယ်၊ အာဆီယံကလည်း သူ့ရဲ့ အကန့်အသတ်တွေနဲ့သူ မလုပ်နိုင်ပါဘူး၊ စက္ကူကျားနဲ့ ပိုတူတယ်၊ အဲဒီလိုအနေအထားမှာ ကျွန်တော်တို့ မြန်မာ့အရေးကတော့ ရေစုန်မျောနေဦးမှာပါ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ဆိုသည်။
မြန်မာ့နိုင်ငံနှင့် ပတ်သက်၍ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ဖြေရှင်းရမည့် ကိစ္စရပ်များစွာရှိနေကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက အဆိုပါ ထိပ်သီးအစည်းအဝေးမတိုင်ခင် ပြောဆိုထားသေးသည်။ သို့သော် မည်သည့် ဆွေးနွေးမှုမျိုးပင်ဖြစ်စေ အာဆီယံအပါအဝင် အခြားမည်သည့် ကမ္ဘာ့နိုင်ငံများကိုမှ အားကိုး၍ ရနိုင်မည်မဟုတ်ဟုလည်း မြန်မာ့အရေးလေ့လာသုံးသပ်သူ ရှေ့နေကြီး ဦးကြီးမြင့်က ပြောသည်။
“အာဆီယံဆိုတာ ဟန်ပြအဖွဲ့အစည်းကြီးပဲ၊ ကျွန်တော်တို့က ဟိုမျှော်ဒီမျှော် ဘာမှမျှော်လို့မရဘူး၊ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ဖို့ပဲ လိုတယ်၊ နိုင်ငံတကာအကူအညီရမှ ကျွန်တော်တို့ တော်လှန်ရေး အောင်မြင်မယ်လို့ စိတ်ကူးနေရင်တော့ မှားလိမ့်မယ်” ဟု သူက ပြောသည်။
မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ လက်ရှိ အာဆီယံဥက္ကဋ္ဌနိုင်ငံ ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင် ယခုနှစ်ဦးပိုင်းတွင် နေပြည်တော်သို့ သွားရောက်ကာ စစ်ခေါင်းဆောင်ကို သွားရောက်နားချခဲ့သေးသည်။ သို့သော် ထိုခရီးစဉ်အပြီး တိုးတက်မှုမရှိခြင်းကြောင့် သူလည်း မြန်မာ့အရေးကို လက်မှိုင်ချခဲ့ရသည်။
၂၀၂၁ ခုနှစ်ဧပြီလအတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများ အားလုံးနှင့် တွေ့ဆုံဆွေးနွေးရန်၊ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရန် စသည့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ချမှတ်ခဲ့သည်။
သို့သော် အချိန် တစ်နှစ်ခွဲကြာသည်အထိ အဆိုပါအချက်များကို စစ်ကောင်စီက လိုက်လျောခြင်းမရှိသည့်အတွက် ဟွန်ဆန်ကိုယ်တိုင် အကြီးအကျယ်စိတ်ပျက်နေပြီး မြန်မာ့အရေးဖြေရှင်းရန် လမ်းပိတ်နေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်နိုင်သည်ကို ထောက်ပြကာ စစ်ကောင်စီအကြိမ်ကြိမ် ကတိဖျက်သည်ဟု ဝေဖန်ခဲ့သည်။
အာဆီယံဘုံသဘောတူညီချက်များ အကောင်အထည်မပေါ်လာခြင်းနှင့်အတူ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကလည်း စစ်ကောင်စီအပေါ် ပြင်းထန်သည့် ဝေဖန်မှုများဖြင့် တုန့်ပြန်ခဲ့ကြသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က စစ်ကောင်စီကို ပြတ်ပြတ်သားသား အရေးယူရန် တောင်းဆိုခဲ့ပြီး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကမူ မြန်မာစစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံနေခြင်းမှာ တန်ဖိုးမရှိဟု ပြောဆိုခဲ့သည်။
ကျင်းပပြီးစီးခဲ့သော အာဆီယံ အဆင့်မြင့်ကိုယ်စားလှယ်များ၏ အစည်းအဝေးများတွင်လည်း ဖန်တစ်ရာနေသည့် အာဆီယံဘုံသဘောတူညီချက်ကို အကြိမ်ကြိမ်ထောက်ပြခဲ့ပြီး ထိုသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် တိုက်တွန်းခြင်းဖြင့်သာ အစည်းအဝေးကို အဆုံးသတ်ခဲ့ကြသည်။
အနီးစပ်ဆုံးအဖြစ် မြန်မာ့အရေး အရေးပေါ်ဆွေးနွေးပွဲဟု အမည်တပ်ထားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို အောက်တိုဘာ ၂၇ တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပခဲ့သေးသည်။ သို့သော် ထိုအထူးအရေးပေါ်အစည်းအဝေးကလည်း ဘုံဘဘောတူညီချက်ကို လိုက်နာရန်သာ တိုက်တွန်းနိုင်ခဲ့သည်။
အာဆီယံအရာရှိကြီးများ မြန်မာ့အရေးကို လေအေးပေးစက်တပ်ထားသည့် ခန်းမကျယ်ကြီးအတွင်း တခမ်းတနား ဆွေးနွေးနေစဉ် စစ်ကောင်စီက အရပ်သားပြည်သူများကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်၊ အရပ်သားပြည်သူ သိန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အိုးအိမ်ပေါင်း ၃၀,၀၀၀ ကျော်လည်း မီးလောင်ပြာကျခဲ့ရသည်။
နိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်ဟု အာဆီယံဘုံသဘောတူညီချက်တွင် ပထမဆုံးနှင့် အရေးကြီးဆုံးအချက်အဖြစ် သတ်မှတ်ထားသည်။ သို့သော် အာဆီယံ၏ ဘုံသဘောတူညီချက်တွင် ချက်ချင်းဟု ပါရှိသော်လည်း ထိုသဘောတူညီချက် ချမှတ်အပြီး ၁၆ လ ကြာမြင့်ချိန် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်က နိုင်ငံအလယ်ပိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ကျောင်းသားကလေးငယ် ၇ ဦး သေဆုံးခဲ့ရသည်။
ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်ကလည်း နိုင်ငံမြောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၆၀ ကျော် ထိခိုက်သေဆုံးခဲ့ရပြီး အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြသည်။
ဒေသတွင်း အင်အားအကြီးဆုံး အသင်းကြီးဖြစ်သည့် အာဆီယံသည် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ထိထိရောက်ရောက် မတားနိုင်ခဲ့ဘဲ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို စစ်ကောင်စီတက်ခွင့် ပိတ်ထားသည့် နည်းဖြင့်သာ ဖိအားပေးနေသည်။
ယခု ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်မည်ဖြစ်ပြီး စစ်ကောင်စီကို တက်ခွင့် ဆက်ပိတ်ထားသည်။
စစ်ခေါင်းဆောင်နှင့် သူ၏နောက်လိုက်များက အာဆီယံသည် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်၊ အာဆီယံပဋိညာဉ်များကို မလိုက်နာဘဲ ခွဲခြားဆက်ဆံသည်ဟု တုန့်ပြန့်လေ့ရှိသည်။
အာဆီယံအစည်းအဝေးများသို့ စစ်ခေါင်းဆောင်နှင့် သူ့နောက်လိုက်များကို မဖိတ်ခြင်းနှင့် ပတ်သက်၍ နအဖလက်ထက်နှင့် ဦးသိန်းစိန် အစိုးရလက်ထက် ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဦးမောင်မြင့်က မကျေမနပ်ဖြစ်နေပြီး “သူတို့ပြုသမျှ လည်စင်းခံရတဲ့ဘဝကို မိမိအနေနဲ့တော့ ဘဝင်မကျလှပါဘူး” ဟု သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားသည်။
နိုင်ငံအတွင်း သိန်းနှင့်ချီသည့် ပြည်သူများ စစ်ပြေးဒုက္ခသည်ဘဝ ရောက်နေပြီး အိုးအိမ်များ သောင်းနှင့်ချီ ဖျက်ဆီးခံနေရချိန်တွင် “ဘုရားရှင်လက်ထက်က သည်းခံတဲ့ နဂါးကြီးကို ကြုံတဲ့သူက ထိပ်ပုတ်ခေါင်းပုတ် လုပ်လို့ စင်းစင်းခံနေရချိန် အမောက်ကလေးတော့ ထောင်ပြရတယ်” ဟုလည်း ဦးမောင်မြင့်က အခါတော်ပေးထားသည်။
အာဆီယံခေါင်းဆောင်များကမူ ယင်းတို့ အကြိမ်ကြိမ်အဖန်ဖန် ဖက်တွယ်ထားသည့် မအောင်မြင်သော အာဆီယံဘုံသဘောတူညီချက်ကို ယခု ကျင်းပလျက်ရှိသည့် ထိပ်သီးအစည်းအဝေးတွင် ပြန်လည်သုံးသပ်မည်ဟု ထုတ်ဖော်ပြောဆိုထားကြသည်။
အာဆီယံဒေသအတွင်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေးအတွက် စိန်ခေါ်မှုများကို အတူတကွ ဖြေရှင်းကြပါစို့ဟု အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ကတိပြုထားသည်။ သို့သော် ဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးတော့မည့် ကမ္ဘောဒီးယားသည် မြန်မာ့အရေးအတွက် စွမ်းဆောင်ချက်များကို ပြန်သုံးသပ်ကြည့်ပါက အသက်မဝင်သည့် စက္ကူကျားအဖြစ်သာ တွေ့နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)