လေ့လာသုံးသပ်ချက်

စောင့်ကြည့်ရမည့် အာရှထိပ်သီးအစည်းအဝေးများနှင့် မြန်မာ့အရေး 

ယခုလအတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၊ စက်မှုထိပ်သီးနိုင်ငံများ၏ G20 အစည်းအဝေးနှင့် အာရှ – ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးတို့တွင် မြန်မာ့အရေးမှာ ထိပ်ဆုံးမှ နေရာယူထားသည်။

မနက်ဖြန် ကြာသာပတေးနေ့တွင် စတင်မည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များကို ခေါင်းခဲစေမည့် ကိစ္စရပ်မှာ အရှိန်မြင့်တက်နေဆဲဖြစ်သော မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရေးဖြစ်သည်။​

အာဆီယံအဖွဲ့၏ ငြိမ်းချမ်းရေးအစီအစဉ်ကို မြန်မာစစ်အစိုးရက လိုက်နာဆောင်ရွက်လိုခြင်း မရှိရာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များရှိနေသည့်တိုင် မြန်မာ့အရေးမှာ ထိပ်ဆုံးတွင်ရှိနေသည်ဟု AP သတင်းဌာနက ရေးသားသည်။​

ဖနွမ်ပင်တွင် ကျင်းပမည့် အာဆီယံဆက်စပ် ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တက်ရောက်မည်ဖြစ်ပြီး G20 နှင့် အာရှ – ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးတို့တွင် တရုတ်သမ္မတ ရှိကျင့်ဖျင်၊ ရုရှားသမ္မတပူတင်တို့လည်း တက်ရောက်နိုင်ခြေရှိသည်ဟု သိရသည်။​

အာဆီယံဆက်စပ် အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် တရုတ်နှင့် ရုရှားသမ္မတများ တက်ရောက်နိုင်ခြေ မရှိဘဲ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးသာ စေလွှတ်နိုင်သည်ဟုလည်း AP သတင်းက ဆိုသည်။

အရှေ့တောင်အာရှဒေသ သုံးနိုင်ငံတွင် ရက်ပိုင်းအတွင်း ဆက်တိုက်ကျင်းပတော့မည့် ထိပ်သီးအစည်းအဝေးများတွင် ရုရှား၏ ယူကရိန်းကျူးကျော်စစ်၊ ထိုင်ဝမ်နှင့် ကိုရီးယားကျွန်းဆွယ်အရေးတို့တွင် အမေရိကန်နှင့် တရုတ်အကြား အားပြိုင်မှု စသည့်အရေးကိစ္စများလည်း ရှိနေသည်။​

ထူးခြားချက်တစ်ခုအနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ယူကရိန်းသမ္မတကို ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားထားပြီး နိုင်ငံခြားရေးဝန်ကြီးတက်ရောက်နိုင်သည်ဟု သိရသည်။​

ထို့အတူ ဝေဖန်ကန့်ကွက်မှုများ ရှိလင့်ကစား ဘာလီကျွန်းတွင် ကျင်းပမည့် G20 အစည်းအဝေး တကရောက်ရန် ရုရှားသမ္မတပူတင်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက ဖိတ်ကြားခဲ့သည်။ 

နိုင်ငံတကာအရေးကိစ္စများတွင် အခြားအင်အားကြီးနိုင်ငံများနှင့် အားပြိုင်မှုများ ရှိနေချိန်ဖြစ်သည်နှင့်အညီ ၂၀၂၂ မကုန်မီ နိုင်ငံတကာခေါင်းဆောင်များ စုဝေးကြမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်က ဖိအားပေးမှုများ ရှိလာနိုင်သည်ဟုလည်း ခန့်မှန်းကြသည်။​

သမ္မတထရမ့်လက်ထက် ၂၀၁၇ ခုနှစ်က အာဆီယံနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများကို ရှောင်လွှဲခဲ့ဖူးသော်လည်း ဂျိုးဘိုင်ဒင်အနေဖြင့် အမေရိကန်အကျိုးစီးပွားအတွက် တွန်းအားပေးနိုင်ကြောင်း မလေးရှား မဟာဗျူဟာနှင့် နိုင်ငံတကာအရေးဆိုင်ရာ အင်စတီကျု (ISIS Malaysia) မှ ကျွမ်းကျင်သူ Thomas Daniel က မှတ်ချက်ပြုသည်။

“အရှေ့တောင်အာရှဒေသဆိုတဲ့အတွက် လူလုံးထွက်ပြဖို့ အရမ်းကို အရေးကြီးပါတယ်။ အမေရိကန်တွေအနေနဲ့ ဒါကို ကောင်းကောင်း သတိထားမိတယ်လို့ ထင်တယ်”

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်များကို ဆက်လက်ဖိအားပေးနိုင်ရေး အမေရိကန်အနေဖြင့် အာဆီယံနိုင်ငံများကို ပြောဆိုမည်ဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က ထုတ်ဖော်ပြောဆိုသည်။​

“အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ (အစည်းအဝေးမှာ) အကြောင်းမဲ့ ထိုင်နေဖို့ မရှိပါဘူး”

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်များနှင့် ပတ်သက်ဆက်နွှယ်သူများကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ဆက်တိုက်ချမှတ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ နှစ်နှစ်ပြည့်ဖြစ်သော ယမန်နေ့ (နိုဝင်ဘာ ၈) တွင်လည်း လက်နက်ပွဲစားတစ်ဦးဖြစ်သူ ဦးကျော်မင်းဦးနှင့် ၎င်းပိုင် Sky Aviator  ကုမ္ပဏီကို ဒဏ်ခတ်အရေးယူကြောင်း ကြေညာခဲ့သည်။​

အမေရိကန်နည်းတူ ဥရောပသမဂ္ဂကလည်း စစ်ကောင်စီဘက်မှ တာဝန်ရှိသူ ၁၉ ဦးကို ပိတ်ဆို့အရေးယူကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

ထိုသို့သော ပိတ်ဆို့အရေးယူခြင်းများ ရှိနေသော်လည်း မြန်မာ့အရေးနှင့် ပတ်သက်၍ အနောက်အုပ်စုနိုင်ငံများက အာဆီယံလမ်းစဉ်အတိုင်း ချဉ်းကပ်ဖိအားပေးရေးမူကို လက်ကိုင်ထားဆဲဖြစ်သည်။ 

အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ဧပြီလအတွင်းက ထွက်ပေါ်ခဲ့သည့် အာဆီယံဘုံသဘောတူညီချက်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည်ကိုမူ နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံထားသည်။ 

မြန်မာ့အရေးတွင် မဆိုသလောက် တိုးတက်မှုသာရှိကြောင်း အာဆီယံနိုင်ငံများက ဝန်ခံထားသော်လည်း လာမည့်ထိပ်သီးအစည်းအဝေးတွင် ထူးထူးခြားခြား အပြောင်းအလဲမရှိနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

အာဏာသိမ်းစစ်ကောင်စီကို မျှော်လင့်နေမည့်အစား ပြိုင်ဘက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်သာ ထိတွေ့ဆက်ဆံရေးကို အင်ဒိုနီးရှား၊ စင်ကာပူနှင့် မလေးရှားတို့က မျက်နှာသာပေးနိုင်သည်ဟူသော သဘောထားရှုမြင်မှုများလည်း ရှိသည်။

မြန်မာ့အရေးတွင် စစ်ကောင်စီကို ခပ်မာမာဆန့်ကျင်နိုင်ရေး ဒေသတွင်းခေါင်းဆောင်များက လာမည့် နှစ်တွင် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည့် အင်ဒိုနီးရှားနိုင်ငံကို စောင့်ဆိုင်းနေသည်ဟုလည်း ဆိုကြသည်။​

မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း အတက်ကြွဆုံးဖြစ်ကာ NUG တာဝန်ရှိသူများနှင့်လည်း ထိတွေ့ဆက်ဆံထားသည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah မှာမူ နိုဝင်ဘာ ၁၉ တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲကြောင့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်နိုင်ဖွယ် မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button