
ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး၏ နေအိမ် ဗုံးပေါက်ကွဲပြီးနောက် ခြေတစ်ဖက်မသန်သူအပါအဝင် ၅ ဦး အဖမ်းခံထားရကြောင်း သိရသည်။
နိုဝင်ဘာ ၂ တွင် ဦးဆန်းဦးဆိုသူ၏ နေအိမ်၌ ဗုံးပေါက်ကွဲပြီး နာရီပိုင်းအတွင်း ထိုရွာမှ ဦးဇော်ဦးနှင့် ဦးမြင့်ဇော်ဆိုသူတို့ အဖမ်းခံရသည်၊ နိုဝင်ဘာ ၆ ရက်ညတွင် နောက်ထပ်အမျိုးသား ၃ ဦး အဖမ်းခံရခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွာခံတစ်ဦးက ပြောသည်။
ကျေးရွာအတွင်း နိုဝင်ဘာ ၄ မှစ၍ ည ၆ နာရီနှင့် နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သိရသည်။
နိုဝင်ဘာ ၆ တွင် အဖမ်းခံရသူတို့မှာ ခြေတစ်ဖက်မသန်သည့် အသက် ၆၀ အရွယ် ဦးရွှေကိုနှင့် ၎င်း၏ သမက်များဖြစ်သည့် အသက် ၄၅ နှစ်ဝန်းကျင်ရှိ ဦးသက်နိုင်၊ အသက် ၃၀ ဝန်းကျင် ကိုဖိုးထွန်းတို့ ဖြစ်သည်၊ စစ်သားတစ်ဦးနှင့် ရာအိမ်မှူး ဦးဆန်းဦးတို့ ပါဝင်သည့်အဖွဲ့က လာဖမ်းခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“သူ့အိမ်ရှေ့က သူ့ညီမတွေအိမ်မှာ ဗွီဒီယိုသွားကြည့်နေတုန်း သူ့အိမ်ကို လာဝိုင်းတယ်။ သူ့ကို မတွေ့တော့ အိပ်နေကြတဲ့ သူ့သမက်နှစ်ယောက်ကို ဖမ်းခေါ်သွားတယ်။ အဲဒါကို သူကြားပြီး ဟိုခြံကြား ဒီခြံကြား လျှောက်ပုန်းနေတာ။ ည ၁၁ နာရီကျော်လောက်မှာ နေရာပြောင်းပြီးပုန်းတဲ့အချိန် တိုးပြီး အဖမ်းခံလိုက်ရတာ” ဟု ၎င်းက ဆိုသည်။
ဦးရွှေကိုနှင့် သမက်များကို ညောင်လေးပင်ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
ဦးရွှေကိုသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူခဲ့ကြောင်း၊ သို့ရာတွင် သုံးဦးလုံးမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင်ပင် ပါဝင်ခြင်း မရှိကြောင်း သိရသည်။
“အခုဆိုရင် ရွာထဲကလူတွေလည်း တော်တော်ကြောက်နေကြရပြီ။ အမှန်တကယ် အပြစ်ရှိလို့ ဖမ်းဖို့လိုအပ်ရင်လည်း နေ့ခင်းနေ့လယ်ဖမ်းလေ၊ ညဘက်ကျမှ လူတွေအိပ်ချိန်ကျမှ ဝင်ဖမ်းတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကိုယ်ဝန်အရင့်အမာဖြစ်နေသည့် အမျိုးသမီးတစ်ဦးကိုလည်း ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်း ပြန်လွှတ်ပေးခဲ့သည်။
ထိုပေါက်ကွဲမှုတွင် ပုဇွန်မြောင်းကျေးရွာ ရာအိမ်မှူး၏ မိသားစုဝင်တစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရွာခံများထံမှ သိရသည်။
ရာအိမ်မှူး ဦးဆန်းဦးနေအိမ် ဗုံးပေါက်ပြီးနောက် စစ်တပ်က ဦးဆန်းဦးအပါအဝင် ၎င်း၏သမက်နှင့် သားများကို သေနတ် ၅ လက် တပ်ဆင်ပေးခဲ့ကြောင်း အထက်ပါ ရွာခံက ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။
ရာအိမ်မှူး ဦးဆန်းဦးသည် ယခင်က ပစ်ခတ်ခံရဖူးပြီး ထိုရွာအတွင်း နေအိမ် ၁၀ လုံးခန့်မှာလည်း ဆန္ဒပြပွဲတွင် ပါဝင်သည်ဟုဆိုကာ ချိပ်ပိတ်ခံထားရကြောင်း ရွာခံများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဇွန်မြောင်းကျေးရွာတွင် အဖမ်းခံရသူအများအပြားရှိပြီး အချို့မှာ ပြန်လွတ်ခဲ့ကြောင်း၊ ငွေပေးပြီး ပြန်လွတ်လာသူများလည်းရှိသော်လည်း ထောင်သုံးနှစ် ချမှတ်ခံရသူ ၂ ဦးနှင့် အစအနပျောက်နေသူ ၁ ဦးရှိကြောင်း ၎င်းထံမှ သိရသည်။
အောက်တိုဘာ ၉ ကလည်း ညောင်လေးပင်-ရွှေကျင် ကားလမ်းပေါ် ပုဇွန်မြောင်းကျေးရွာအနီး လမ်းခွန်ကောက်သည့် အဆောက်အအုံဟောင်းတစ်ခု ဗုံးခွဲခံရပြီး စစ်သား ၂၀ ခန့်က ထိုရွာအတွင်း တပ်စွဲကာ ဒေသခံတို့ကို စစ်ဆေးဖမ်းဆီးခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်နှင့် ဆက်စပ်နေသော ပဲခူးတိုင်းအရှေ့ခြမ်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့များ၊ မြို့ပြပြောက်ကျားလှုပ်ရှားမှုများ ရှိနေသလို ယခုနှစ်အတွင်း ပဲခူးတိုင်းအနောက်ခြမ်းတွင်ပါ ကာကွယ်ရေးအဖွဲ့များ လှုပ်ရှားလာသည်။
ညောင်လေးပင်မြို့နယ် အပါအဝင် ပဲခူးတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များလည်း အခြေစိုက်လှုပ်ရှားနေကာ မြို့ပြစစ်ဆင်ရေးဖြစ်သော နန်းထိုက်အောင်စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအဖြစ် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများ၊ စစ်ကောင်စီဂိတ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။
အောက်တိုဘာ ၂၀ တွင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေဝင်း၊ အောက်တိုဘာ ၂၃ တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် သဲကောကျေးရွာမှ အုပ်ချုပ်ရေးမှူး နေမျိုး၊ အောက်တိုဘာ ၂၄ ၌ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဇော်ဝင်း၊ နိုဝင်ဘာ ၇ တွင် အုတ်ဖိုမြို့နယ် ချောင်းစောက်ကျေးရွာမှ ပျူစောထီးခေါင်းဆောင် သန်းထွန်း၊ နိုဝင်ဘာ ၅ တွင် ပေါင်းတည်မြို့နယ် ဖားယားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဆောင်းတင်တို့ကို သတ်ဖြတ်လိုက်ကြောင်း ပဲခူးတိုင်း PDF က ထုတ်ပြန်ထားသည်။
အလားတူ အောက်တိုဘာ ၂၀ က ညောင်လေးပင်မြို့နယ်၊ ကောက်ကွေ့ကျေးရွာအုပ်ချုပ်ရေးမှူး တင်မောင်သန်းဆိုသူ၏ နေအိမ်ကို ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)