သတင်း

ရခိုင်တွင် အစိုးရကို ဝေဖန်သည့် ဒေသခံတစ်ဦး ၆၆(ဃ) ဖြင့် အမှုဖွင့်ခံရ

(ရန်ကုန်) – ရခိုင်ပြည်နယ်အစိုးရနှင့် အတွင်းရေးမှူးဟောင်း တို့အား Facebook ပေါ်တွင် ဝေဖန်ရေးသားသည့် စစ်တွေဒေသခံတစ်ဦးကို ရဲက ယမန်နေ့(ဇွန်လ၂၁ရက်) ညပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

စစ်တွေမြို့မှ ဦးအောင်သန်းဝေအား နိုင်ငံသားအခွင့်အရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုဥပဒေ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် စစ်တွေမြို့မရဲစခန်းက မနေ့ ညနေပိုင်းတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ယနေ့တွင်သူ့အား စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။

ဦးအောင်သန်းဝေအောင်က သူသည် ဇွန်လ ၁၈ ရက်နေ့က ၎င်း၏ Aung Than Wai Facebook တွင် ဒေါက်တာအေးမောင်ဟောပြောမှုနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟောပြောမှု ရုပ်သံဖိုင်နှစ်ခု တွဲတင်ခဲ့သောကြောင့် အရေးယူခံခဲ့ရခြင်း ဖြစ်သည်ဟု ပြောသည်။

အလားတူ ယင်းနေ့တွင် “လူသတ်လက်နက်နဲ့ ရခိုင်ပြည်နယ်အတွင်းရေးမှူး(ဟောင်း) ဦးတင်မောင်ဆွေ မြောက်ဦးလူသတ်မှု(တရားခံ) ဘယ်သူလဲ” စာသားနှင့် ပြည်နယ်အစိုးရအတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေ သေနတ်ခါးထိုးပြီး ဆရာတော်တစ်ပါးအား ပစ္စည်းလှူဒါန်းနေသည့်ဓာတ်ပုံ ကိုတင်ခဲ့သောကြောင့် အမှုဖွင့်ခြင်း ခံရသည်ဟု ၎င်းက ဆိုသည်။

“အစိုးရကို ပြည်သူ့အစိုးရလို့ ပြောဖို့တောင် ခက်သွားပြီ။ ပြည်သူ့အစိုးရက ပြည်သူ့အသံကို နားမထောင်ဘဲ သူတို့လုပ်ရပ်တွေ မှားယွင်းမှု၊ အားနည်းမှုရှိတာကို ထောက်ပြတဲ့သူတွေကို ဒီလို ဖမ်းဆီးနေတာဟာ တရားဥပဒေစိုးမိုးရေးလို့ ပြောနေတဲ့ စကားရပ်နဲ့လည်း သိပ်ကွဲလွဲမှုရှိပါတယ်။ လွဲမှားမှုတွေ ဖြစ်နေတယ်” ဟု ဦးအောင်သန်းဝေက ဖမ်းဆီးမခံရမီ နာရီပိုင်းအလိုတွင် Myanmar Now သို့ ဖုန်းဖြင့် ပြောသည်။

ဦးအောင်သန်းေ၀ ဖမ်းဆီးခံရခြင်းသည် ရခိုင်ပြည်နယ်တွင် အစိုးရအာဏာပိုင်များအား လူမှုကွန်ရက်တွင် ရေးသားမှုဖြင့် ဇွန်လပထမသုံးပတ်တာကာလာအတွင်း ဒုတိယမြောက် အရေးယူခံရသည့်အမှုဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်တွင် ရခိုင်ပြည်နယ်၏ ဆယ်တန်းအောင်ချက်ကို Facebook တွင် ဝေဖန်ရေးသားသောကြောင့် ပြည်နယ် ပညာရေးဌာနက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တိုင်ကြားခံထားရသည့် ရမ်းဗြဲအမတ်ကို စစ်တွေရဲစခန်းက စစ်ချက်ယူပြီး အာမခံ ဖြင့်ပြန်လွှတ်ခဲ့သည်။

ဦးအောင်သန်းဝေက သူသည် ဒေါက်တာအေးမောင်ကို ဝန်းရံနေသူတစ်ဦးဖြစ်သောကြောင့် ဖမ်းဆီးခံရသည်ဟုလည်းထင်မြင်မိကြောင်း ပြောသည်။ သူ့အား ပြည်နယ်အစိုးရအတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေလက်မှတ်ရေးထိုးပြီး တရားစွဲဆိုခြင်းဖြစ်ပြီး အာမခံမပေးကြောင်းလည်း ပြောသည်။

ဦးတင်မောင်ဆွေသည် ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးတွင် အာဏာပိုင်များက သေနတ်ဖြင့် ပစ်ခံရမှုကြောင့် ဒေသခံများသေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် လူသိများလာသော အစိုးရဝန်ထမ်းတစ်ဦး ဖြစ်သည်။

လက်ရှိမှာ ၎င်းသည် စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြောင်းရွှေ့သွားသူဖြစ်သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၈ (ခ)တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေ သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊စုံထောက်ခြင်းနှင့်စုံ စမ်းခြင်း မပြုရဟု ပါရှိသည်။

ယင်းပုဒ်မ(၈)၏ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထောင်ဒဏ် အမြင့်ဆုံး သုံးနှစ်မှ ငွေဒဏ် အမြင့်ဆုံး ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဦးတင်မောင်ဆွေနှင့် စစ်တွေမြို့မရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

Show More

Related Articles

Back to top button