စစ်ကောင်စီသည် နေပြည်တော်နှင့် နီးကပ်စွာ တည်ရှိသည့် မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို နယ်မြေစိုးမိုးနိုင်ရန် ကြိုးစားနေကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့ကို ဆက်သွယ်ထားပြီး ရန်ကုန်-လွိုင်ကော်လမ်းမ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အဆိုပါလမ်းပိုင်းကို ထောက်ပို့လမ်းအဖြစ် အသုံးပြုနိုင်ရန် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မိုးဗြဲနှင့် ဖယ်ခုံ အခြေစိုက်တပ်များက ဆိုသည်။
“အဓိကတော့ ထောက်ပို့လမ်းကြောင်းပါပဲ။ လမ်းကြောင်းက လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ဘာညာနဲ့ဆိုရင် သူတို့ရိက္ခာ အဲဒီလောက်ကြီး သယ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ သူထိန်းချုပ်ဖို့တော့ ခက်နေဦးမှာပါ” ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့်လှုပ်ရှားမှုများရှိနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
အောက်တိုဘာ ၂၆ မှ စတင်ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၆၊ ၂၇ နှင့် ၂၈ တို့တွင် ကယားပြည်နယ်မှ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်း အရှေ့ဘက်ကမ်းတစ်ကြော တိုက်ရိုက်ဆက်သွယ်ထားသည့် လွိုင်ကော်မြို့နယ် ဆောင်ကန်းကျေးရွာရှိ ဆောင်ကန်းလမ်းခွဲ၌ တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း ၎င်းက ဆိုသည်။
“၂၆ ရက်နေ့ကစပြီး အလုံးအရင်းတိုးလာတယ်။ ဆောင်ကန်းရွာအရှေ့ဘက်တောင်ကြောက တိုးတယ်။ ရွာထဲကလည်း တိုးတယ်။ ပထမနေ့ (အောက်တိုဘာ ၂၆) က အထိနာပြီး ပြန်ဆုတ်သွားရတယ်။ စစ်ကြောင်းမှာ သိပ်မကျန်တော့ဘူး။ တော်တော်ကျတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ထိုနေ့တွင် အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီစစ်ကြောင်း အကျအဆုံးများပြီး နောက်နေ့တွင် အင်အားထပ်ဖြည့်လာကြောင်း၊ မိုးဗြဲတွင်လည်း တပ်များစုနေကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့လည်း ရှေ့ရက်တွေက ပြင်းပြင်းထန်ထန်ကာကွယ်ခဲ့ပြီး နောက်ရက်တွေမှာတော့ ပြောက်ကျားနည်းနဲ့ ကာကွယ်ပါတယ်။ နေ့တိုင်း ပစ်ခတ်မှုတွေရှိပါတယ်။ လက်နက်တချို့ ဒီဘက်က ရတာလည်းရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
သုံးရက်တာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ကျည်အတွဲလိုက် ထည့်ပြီး ပစ်ခတ်သည့် ၁၂၂ မမ လက်နက်ကြီးများ ပစ်ခတ်ရာ ကာကွယ်ရေးတပ်များဘက်တွင် ၁၀ ဦးထက်မနည်း ဒဏ်ရာရကြောင်း၊ အောက်တိုဘာ ၂၈ ရက်တိုက်ပွဲတွင် လက်နက်ကြီးထိသဖြင့် KNDF ရဲဘော်တစ်ဦးနှင့် ဖယ်ခုံ PDF ရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲတွင် ဖယ်ခုံ PDF, ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ Urban Revolutionary Front (URF) နှင့် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
လတ်တလောတွင် စစ်ကောင်စီက ရှမ်း-ကယားနယ်စပ်တစ်လျှောက်ရှိ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆိုတို့တွင် အင်အား တိုးမြှင့်ချထားသည်ဟု သိရသည်။
စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေး တစ်နှစ်ခွဲကျော်ရှိလာသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ကယားပြည်နယ်အတွင်း မြို့နယ် ၈ ခုတွင် စစ်ကောင်စီအနေဖြင့် မြို့ပေါ်တွင်သာ ထိန်းချုပ်နိုင်ပြီး ကျန်နေရာများကိုာ ကရင်နီတပ်များ စိုးမိုးထားသည်။
လက်ရှိအထိ ကရင်နီဒေသတွင် ပြည်သူ ၂ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အရပ်သား ၂၈၁ ဦး ကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) ၏ အောက်တိုဘာ ၂၅ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲများအကြောင်း သတင်းအမှောင်ချထားတတ်သည့် စစ်ကောင်စီကမူ ၎င်းတို့က အရပ်သားများကို တိုက်ခိုက်ခြင်းမပြုဟု ပြောဆိုလေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)