သတင်း

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ထောင်ဝင်စာ ပြန်ခွင့်ပြု 

လူ ၈ ဦး သေဆုံးခဲ့သော ရန်ကုန် အင်းစိန်ထောင် ဗုံးပေါက်ကွဲကြောင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ထောင်ဝင်စာပို့ခွင့် အကန့်အသတ်မရှိ ပိတ်ထားခဲ့ရာ ယနေ့ (အောက်တိုဘာ ၃၁) တွင် ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံမှ သိရသည်။ 

အင်းစိန်ထောင်အပါအဝင် မန္တလေး အိုးဘိုထောင်၊ ပုသိမ်ထောင်၊ ပခုက္ကူထောင်၊ မြင်းခြံထောင်၊ ဘားအံထောင်၊ သာယာဝတီထောင်များတွင် ယနေ့ နံနက်ပိုင်းမှစ၍ ထောင်ဝင်စာပို့ခွင့်ရပြီဖြစ်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အင်းစိန်အကျဉ်းထောင်တွင် ထောင်ဝင်စာ လာရောက်ပေးပို့သူများဖြင့် စည်ကားနေပြီး စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားကြောင်း၊ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ထောင်ဝင်စာ ပို့သည့်နေရာတွင်လည်း သံဆန်ကာများဖြင့် ကာရံထားပြီး အကျဉ်းဦးစီးအရာရှိတစ်ဦးက တာဝန်ကျဝန်ထမ်းများကို လာရောက်စစ်ဆေးနေသည်ကို မြင်တွေ့ခဲ့ရကြောင်း အသက် ၃၀ အရွယ် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောသည်။ 

“ထောင်ဝင်စာပါဆယ် ပို့ခွင့်ရတယ်။ အထဲကို မိသားစုဝင်တွေက စာပို့တယ်။ ဆေးပို့တယ်။ ပုံမှန်ကတော့ စားစရာပေါ့။ ဟင်းအစိုလေးတွေပါတယ်။ ထောင်ဝင်စာ မရတာကြာပြီဆိုတော့ မိသားစုဝင်တွေက ဖွယ်ဖွယ်ရာရာလေးတွေ ပို့လာကြတာမျိုးတွေ့ရတယ်” ဟု အင်းစိန် အကျဉ်းထောင်သို့ ရောက်ရှိနေသည့် အဆိုပါအမျိုးသမီးက ဆက်ပြောသည်။ 

ထို့ပြင် အကျဉ်းထောင်အတွင်း စျေးဝယ်ယူနိုင်ရန် အကျဉ်းထောင်ဝန်ထမ်းထံ အပ်နှံထားရသည့် စျေးဘားဟု ခေါ်သည့် ငွေကြေးကိုလည်း သန်းခေါင်စာရင်းတွင် ပါဝင်သည့် မိသားစုဝင်များဆီမှသာ လက်ခံတော့သည်ဟု ဆိုသည်။ 

“သန်းခေါင်စာရင်းပါမှ စျေးဘားထဲကို ထည့်လို့ရတယ်။ အရင်တုန်းကဆိုရင် ဘယ်သူပဲ ထည့်ထည့် ထည့်လို့ရတယ်။ ဆေးတို့ဘာတို့လည်း မိသားစုဝင်မဟုတ်လည်း ပို့လည်းရတယ်။ အခုကတော့ အဲဒီအချက်ကို ကန့်သတ်လိုက်တယ်” ဟု ၎င်းက ပြောသည်။ 

ရန်ကုန် အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာဌာနတွင် အောက်တိုဘာ ၁၉ နံနက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များကို ထောင်ဝင်စာတွေ့ခွင့် ၁၁ ရက်ကြာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်စဉ်က အကျဉ်းသားများ၏ စားရေးသောက်ရေးနှင့် ကျန်းမာရေးအတွက် ဆေးဝါးရရှိမှု အခက်အခဲဖြစ်ခဲ့သည်။ 

မန္တလေး အိုးဘိုထောင်တွင်လည်း ယနေ့ နံနက်ပိုင်း၌ ထောင်ဝင်စာ စတင်လက်ခံနေပြီး ထောင်ရှေ့ စျေးဆိုင်များကို ပိတ်ခိုင်းထားပြီး ထောင်အနီးရှိ ထောင်ဝင်စာ ပေးပို့သူ ခပ်ကျဲကျဲ တွေ့မြင်ရသည်ဟု အနီးရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ 

“လောလောဆယ် ဒီနေ့ မနက် စာရွက်လေးတွေပဲ ယူထားတာရှိတယ်။ ပစ္စည်းစာရင်း မပို့ရသေးဘူး။ ပါဆယ်ကတော့ လက်ခံတော့မဲ့ပုံပဲ။ စိစစ်နေတယ်။ ခေါက်ဆွဲခြောက်လား။ ဘာပစ္စည်းလဲ။ ဘာညာ မေးနေတယ်ပေါ့။ ပို့ရမဲ့စာရင်းတွေကို သက်ဆိုင်ရာက လာယူသွားတယ်” ဟု ၎င်းက ကာယကံရှင်များကို ကိုးကား၍ ပြောသည်။ 

အိုးဘိုထောင်တွင် ထောင်ဝင်စာများ စတင်လက်ခံနေပြီး အိမ်ထောင်စုဇယား မိတ္တူနှင့် မှတ်ပုံတင်များ ယူဆောင်လာရမည်ဟု ကြားသိရကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိခင်ကလည်း ပြောသည်။ 

“သားကို ရုံးထုတ်တော့ ရှေ့နေကနေတစ်ဆင့် မှာလိုက်တယ်။ တနင်္လာနေ့ ထောင်ဝင်စာပို့လို့ရပြီလို့ ပြောတယ်။ အမေ လာပို့ပါဆိုပြီး ဒီနေ့ အခက်အခဲလေးရှိနေလို့ သွားပြီးတော့ မပို့ရသေးဘူး” ဟု ဆိုသည်။ 

အောက်တိုဘာ ၁၉ ရက်က အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုတွင် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦးနှင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများတွင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်အချို့လည်း ပါဝင်ခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ် (ခ) လင်းထက်နိုင်၏ မိခင် ဒေါ်ကြီးမြင့် (ခ) အမေကြည်လည်း ကျည်ဆန်ထိမှန် သေဆုံးခဲ့သည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ ၁၂,၇၈၃ ဦးအထိ ရှိနေပြီဖြစ်ပြီး သေဒဏ်ချမှတ်ခံထားရသူ ၁၂၁ ဦးအထိ ရှိနေပြီဖြစ်ပြီး ပြန်လည် လွတ်မြောက်လာသူ ၃၁၈၁ ဦးအထိ ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ယခုလ  ၂၈ ရက်တွင် ထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button