သတင်း

နိုင်ငံတော် ဒေသဖွံ့ဖြိုးရေးငွေကိုသုံးကာ စစ်ကောင်စီက ပျူစောထီးများကို ငွေထောက်ပံ့

နိုင်ငံတော်၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ဘုန်းတော်ကြီးကျောင်းများကို လှူဒါန်းရန် သတ်မှတ်ထားသော အစိုးရငွေများကို သုံးစွဲကာ စစ်ကောင်စီက ၎င်းထူထောင်ထားသော ပြည်သူ့စစ်ခေါ် ပျူစောထီးများကို ရိက္ခာထောက်ပံ့နေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နှင့် တန့်ဆည်မြို့နယ်မှ ပျူစောထီး ၁၆၀ ဦးအတွက် အခြေခံစားသောက်ကုန် ၄ မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ထောပတ်ပဲ ဝယ်ယူရန် ကျပ်သိန်း ၄၀ ကျော် ထောက်ပံ့ရာတွင် ဒေသဖွံ့ဖြိုးရေးနှင့် ဘုန်းတော်ကြီးကျောင်းရန်ပုံငွေထဲမှ သုံးစွဲခဲ့သည့် ငွေစာရင်းအထောက်အထားများကို Myanmar Now က ရရှိထားသည်။

ထိုငွေများကို ကန့်ဘလူမြို့နယ် မှော်တောကျေးရွာအခြေစိုက် ဘုန်းကြီး ဦးဝါသဝထံ စစ်ကောင်စီ၏ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ယခုလ ၂၀ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေသည့် ဦးဝါသဝဆိုသည့် ဘုန်းကြီးမှာ စစ်ကောင်စီကို တော်လှန်နေသည့် PDF များကို တန်ပြန်တိုက်ခိုက်ရန် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များကို ဖွဲ့စည်းရန် လိုက်လံစည်းရုံးရာတွင် ဦးဆောင်နေသူ ဖြစ်သည်။

ကန့်ဘလူမြို့နယ် ကမ်းဖြူကျေးရွာအုပ်စုရှိ ပျူစောထီး ၄၀ ဦးအတွက် နှစ်လစာ အခြေခံစားကုန် (၄) မျိုး ဝယ်ယူရန် ငွေကျပ် ၁,၆၅၇,၄၀၀၊ ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်တို့အတွင်းရှိ အခြား ပျူစောထီး ၁၂၀ ဦးအတွက် တစ်လစာ အခြေခံစားကုန် (၄) မျိုး ဝယ်ယူရန် ငွေကျပ် ၂,၄၈၆,၁၀၀ တို့ကို တိုင်းအစိုးရခွင့်ပြုချက်ဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဝါသဝမှတစ်ဆင့် ထောက်ပံ့ခဲ့သည်။

ထိုထောက်ပံ့ငွေသည် စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ထံ ခွဲဝေချထားပေးသော “ဒေသဖွံ့ဖြိုးရေးနှင့် ဘုန်းကြီးကျောင်းများသို့ လှူဒါန်းရန် ရန်ပုံငွေ” မှ ထုတ်ယူသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရထံ တင်ပြထားသည့်စာအရ သိရသည်။

ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က စာအမှတ် ၃/၅-၂(၉)/ (၄၈၄) ငွေစာရင်းဖြင့် တိုင်းအစိုးရထံ ပေးပို့သည်စာအရ ပျူစောထီးအဖွဲ့ဝင် ၁၆၀ ကျော်အတွက် ငွေကျပ် ၄,၁၄၃,၅၀၀ (၄၁ သိန်းကျော်) ကို ဦးဝါသဝထံ လွှဲပြောင်းထောက်ပံ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ပျူစောထီးများကို ထောက်ပံ့ရန် ငွေလွှဲပြောင်းပေးအပ်သူမှာ စစ်ကောင်စီ၏ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်ဖြစ်ပြီး ငွေလက်ခံသူမှာ မှော်တောကျေးရွာ သာသနာ့အလင်းရောင်ကျောင်းတိုက်မှ ဦးဝါသဝဖြစ်ကြောင်း ၎င်းတို့ လက်မှတ်ရေးထိုးထားသည့် “ငွေလွှဲပြောင်း /လက်ခံပြေစာ” တစ်ခုတွင် တွေ့ရှိရသည်။

ပျူစောထီးများအတွက် ငွေကြေးထောက်ပံ့ပေးသည့် ပြေစာဖြတ်ပိုင်းတစ်ခု

ရပ်ရွာကာကွယ်ရေးဆိုကာ ပြည်သူ့စစ်သင်တန်း တက်ရောက်ရန် ရွာစဉ်လှည့် စည်းရုံးနေသည့် မှော်တောရွာမှ ကျောင်းထိုင်ဘုန်းကြီး ဦးဝါသဝသည် PDF ထောက်ခံသော ရွာများကို မြန်မာပြည်မြေပုံမှ ဖယ်ရှားရမည်ဟု ယခုနှစ် ဇွန်လအတွင်းက ပြောဆိုထားသူ ဖြစ်သည်။

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ၎င်းနှင့် ဆက်စပ်နေသည့် ကျွန်းလှမြို့နယ်အတွင်း လက်ရှိတွင် ပျူစောထီး အားကောင်းသည့် ကျေးရွာပေါင်း ၄၀ ကျော် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပျူစောထီးအဖွဲ့ဝင် တစ်ဦးလျှင် လစာငွေ ကျပ် ၁၇၀,၀၀၀ ပေးကြောင်း၊ ပျူခေါင်းဆောင်တစ်ဦးလျှင် ကျပ် ၂၁၀,၀၀၀ အထိ ရရှိကြောင်းကို ပျူစောထီးအဖွဲ့ဝင် ဖြစ်နေသည့် အသိမိတ်ဆွေများထံမှတစ်ဆင့် သိရသည်ဟု ဒေသခံများနှင့် ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ထိုအချက်နှင့် ပတ်သက်ပြီး Myanmar Now က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

“အခုနောက်ပိုင်းကျ ယူနီဖောင်းကအစ အလကားပေးတာ။ မက်လုံးပေါ့ဗျာ၊ ဆွယ်တာပေါ့။

ကမ်းဖြူရွာတို့ ဘာတို့ဆို ဒီအချိန်က လုပ်ငန်းမရှိလို့ စစ်တပ်ပေးတဲ့ ပိုက်ဆံလေးမက်ပြီး တချို့က ပျူထဲ ဝင်ကြတာ” ဟု ကန့်ဘလူမြို့နယ်အတွင်းရှိ ပျူစောထီးများနှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

ပျူစောထီးအဖွဲ့ကို စစ်မှုထမ်းဟောင်းများ၊ ကြံ့ခိုင်ရေးပါတီဝင်များ၊ အစွန်းရောက် ဘာသာရေးသမားဖြစ်သော အမျိုးဘာသာသာသနာစောင့်ရှောက်ရေး (မဘသ) လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်သူများဖြင့် ဦးဆောင်ဖွဲ့စည်းလေ့ရှိသည်။

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ခုတွင် လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်များနှင့်အတူ တွေ့ရသည့် ဦးဝါသဝ။

ယခုလ ၂၀ရက်က ကန့်ဘလူမြို့နယ်၊ ကမ်းဖြူကျေးရွာအုပ်စုရှိ ပျူစောထီးသင်တန်းဆင်းပွဲတစ်ခုတွင်လည်း သေနတ်ကိုယ်စီ လွယ်ထားသည့် ယူနီဖောင်းဝတ် ပျူစောထီးအဖွဲ့ဝင် ၇၀ ကျော်ကို အဝါရောင်သင်္ကန်းဝတ်ထားသည့် ဘုန်းကြီးဦးဝါသဝက ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများဖြင့် မိန့်ခွန်းပြောနေသည်ကို စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာတစ်ခုက တင်ထားသည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။

“ဒီကောင် (PDF) တွေက တိုင်းပြည်နဲ့ လူမျိုး၊ ဘာသာသာသနာကို ဖျက်ဆီးနေတာ။ အသားထဲက လောက်ထွက်တဲ့ ခွေးမသားတွေ” ဟု ဦးဝါသဝက ပြောသည်။

စစ်ကောင်စီလှုပ်ရှားမှုများကို PDF များထံ သတင်းပေးနေသည့် ဒေသခံများကိုလည်း “မင်းတို့ဘဝ၊ မင်းတို့မိသားစု အကောင်းနေရမယ် မထင်နဲ့” ဟု ၎င်းက ခြိမ်းခြောက်သည်။

ကန့်ဘလူမြို့နယ်အတွင်း အိမ်ခြေပေါင်း ၂၀၀ ကျော်ရှိသည့် ကမ်းဖြူကျေးရွာအပါအဝင် မှော်တော၊ တောက္ကရှပ်၊ ကံကြီးကုန်း၊ ဆိပ်ဖူးမြောင်၊ ကံရိုး၊ ညောင်ပင်ကြီး၊ ကြိုးကြာ၊ မင်းကုန်း(ခ)၊ တင်ကုတ်ကြီး၊ ဒါန်းပင်၊ အင်ဖက်တော စသည့် ကျေးရွာများမှာ ပျူစောထီးအားကောင်းသည့် ကျေးရွာများ ဖြစ်ကြသည်ဟု သိရသည်။

ကန့်ဘလူမြို့နယ်၏ အနောက်ဘက်ခြမ်းမှ ထိုကျေးရွာများမှာ မူးမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများကို ဝင်ရောက်စီးနင်း တိုက်ခိုက်ရာတွင် စစ်ကောင်စီက နယ်မြေကျွမ်းကျင်သည့် ပျူစောထီးအဖွဲ့များကို တစ်ပါတည်း ခေါ်ဆောင်သွားလေ့ရှိကာ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဒေသခံများ၏ နေအိမ်များကို မီးရှို့ခြင်း အပါအဝင် တန်ဖိုးရှိ ပစ္စည်းများ လုယက်ယူငင်လေ့ရှိသည်။

အာဏာသိမ်း စစ်တပ်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်တော်လှန်မှုကို ရင်ဆိုင်နေရပြီး ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များကို အရှိန်မြှင့်ဖွဲ့စည်းမည်၊ လိုအပ်သည့် ကူညီထောက်ပံ့မှုနှင့် သင်တန်းများပေးမည်ဟုလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲများတွင် ထုတ်ဖော်ပြောဆိုထားသည်။

စစ်ကောင်စီ၏ လုပ်ရပ်မှာ အလွန်ရှက်စရာကောင်းကြောင်း နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်အဖွဲ့မှ ဆရာတော် ဦးဝါယမက မိန့်သည်။

“တိုင်းပြည်ဘဏ္ဍာတင် မဟုတ်တော့ဘူး။ ဘုန်းကြီးကျောင်းလှူမယ့်ငွေတွေ၊ ဖွံ့ဖြိုးရေးအတွက် သုံးမယ့်ငွေတွေကိုပါ ပျူတွေအတွက် ဝါသဝတို့နဲ့ ပေါင်းပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်ရေးတွေမှာ အသုံးချနေတယ်ဆိုတာကတော့ တိုင်းပြည်အတွက်ကော၊ ဗုဒ္ဓအတွက်ကော အလွန်ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေ”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button