သတင်း

ပုလဲနယ်၊ ဖလံပင်ရွာတွင် စစ်တပ်ပြန်သွားပြီးနောက် ရုပ်အလောင်း ၁၇ ခုတွေ့

အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်စီးနင်း တိုက်ခိုက်ခဲ့သော စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ရှစ်တန်းကျောင်းသား အပါအဝင် သတ်ဖြတ်ခံထားရသူများ၏ ရုပ်အလောင်း ၁၇ လောင်းကို ဒေသခံများက တွေ့ရှိခဲ့သည်။

စစ်ကိုင်းတိုင်းတောင်ပိုင်း ပုလဲမြို့အနောက်ဘက် ဖလံပင်ရွာရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို စစ်တပ်က ယခုလ ၂၅ ရက်တွင် လေကြောင်းမှ စတင်ပစ်ခတ်ပြီး အထူးကွန်မန်ဒိုတပ်ဖွဲ့ဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်က ပုလဲမြို့နယ်အတွင်း ထိုကျေးရွာတစ်ဝိုက်ကို သုံးကြိမ်တိုင် ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ညနေပိုင်း စစ်တပ်ပြန်သွားပြီးနောက် ရှစ်တန်းကျောင်းသား အပါအဝင် ပြည်သူ ၃ ဦး၊ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး၊ ပြစ်မှုကျူးလွန်သဖြင့် ဖမ်းဆီးချုပ်နှောင်ထားသည့် အချုပ်သား ၁၀ ဦးနှင့် စစ်သားဟု ယူဆရသည့် ရုပ်အလောင်းတစ်ခုလည်း ပါဝင်သည်ဟု သိရသည်။

“လည်ပင်းကို ဓားနဲ့ လှီးသတ်တာရှိတယ်။ ခေါင်းကို တည့်တည့်ပစ်တာရှိတယ်။ ပစ်ရင်းခတ်ရင်းနဲ့ ဒဏ်ရာရလို့ ကျဆုံးသွားတဲ့အနေအထားမဟုတ်ဘူး။ ဖမ်းမိပြီးတော့မှ နှိပ်စက်ပြီးတော့မှ သတ်တာ။ ဒဏ်ရာ အဲ့လိုမျိုးပဲ တွေ့တယ်။ အချုပ်သားတွေကိုလည်း နှိပ်စက်ပြီးတော့မှ သတ်ပစ်တာ” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်ထက်က ယနေ့ ပြောသည်။

ရုပ်အလောင်းတစ်ခုမှာ ကာကွယ်ရေးအဖွဲ့ဝင် မဟုတ်သည့်အပြင် ဒေသခံမဟုတ်သည့်အတွက် စစ်သားဟု ဒေသခံများက ယူဆထားသည်။

ဆည်ဘောင်ပေါ်တွင် တွေ့ရသည့် ရုပ်အလောင်းတစ်ခုမှအပ ကျန်ရုပ်အလောင်းများမှာ ဝင်ရောက် စီးနင်းခံရသည့် ရုံးနှင့် အနီးအနားဝန်းကျင်ရှိ အဆောက်အအုံများတွင် တွေ့ရကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

ဒေသကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထားသည့် အချုပ်သား ၁၀ ဦးအနက် နှစ်ဦးမှာ ရဲတပ်သားများဖြစ်ကြောင်း၊ ကျန်သူများမှာ ခိုးမှု၊ ဆူပူမှု၊ မုဒိမ်းမှု ကျူးလွန်သူများဖြစ်ကြောင်း သိရသည်။​

ရုတ်တရက် ဝင်ရောက်စီးနင်းခံရစဉ် ကျောင်းဆင်းလာသည့် ၈ တန်းကျောင်းသား၊ ဖလံပင်ရွာ ဒေသခံ ၁ ဦးနှင့် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးတို့မှာ စစ်ကြောင်းနှင့်တွေ့ကာ ဖမ်းဆီးခံခဲ့ရပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်က ဆိုသည်။

“၈ တန်းကျောင်းသားလေး။ ထမင်းချိုင့်လေးလည်း ပါတယ်။ ဆိုင်ကယ်လေးလည်း ပါတယ်။ ဝင်စီးတဲ့အချိန် ပိတ်မိပြီးတော့ လမ်းမပေါ်မှာ ဖမ်းမိတာ။.. ၈ တန်းကျောင်းသားလေးအလောင်းက ရုံးရဲ့ အရှေ့ မြောက်ဘက်က PDF စခန်းရဲ့ကင်းတဲမှာ သတ်ဖြတ်ထားတာ” ဟု ဦးဇော်ထက်က ပြောသည်။ 

ဖလံပင်ရွာကို ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် စစ်တပ်အရာရှိတစ်ဦး၏ ဇနီးသည် အပါအဝင် ပြည်သူများကို ကယ်တင်နိုင်ခဲ့သည်ဟု ဖော်ပြသည်။​

“မြေပြင်မှာ ပြစ်မှုအမျိုးမျိုးကျူးလွန်တဲ့သူတွေကို ဥပဒေလမ်းကြောင်းအရ တရားစီရင်ထားတာ။ ပြစ်မှုပြစ်ဒဏ်အလျောက် ဥပဒေလမ်းကြောင်းနဲ့ မှန်မှန်ကန်ကန်ထိန်းသိမ်းထားတယ်။ ကျွန်တော်တို့က ဥပဒေလမ်းကြောင်းအရ မှန်မှန်ကန်ကန်ထိန်းသိမ်းနိုင်ပါလျက်နဲ့ ဒီလိုလူတွေတောင်မှ သူတို့က အကြောင်းမဲ့ သတ်ဖြတ်ပစ်တာ” ဟု ဦးဇော်ထက်က ပြောသည်။

“ကျွန်တော်တို့မိတဲ့ ပျူတွေရှိတယ်။ ပျူအမျိုးသမီးတစ်ယောက်ဆိုရင် ကိုယ်ဝန်ကြီးနဲ့ မိထားတာ။ အဲ့ဒါ ရိုးရိုးမွေးရတာ မဟုတ်ဘူး။ ဆရာဝန်တွေနဲ့ သေချာခွဲစိတ်ပြီး မွေးပေးထားတာ”

လေကြောင်းမှ ချထားခဲ့သည့် အင်အား ၈၀ နီးပါးပါ စစ်ကောင်စီအဖွဲ့ဝင်များသည် သုံးရက်တာ တပ်စွဲထားစဉ် ဖလံပင်ရွာမှ အိမ် ၆ လုံးနှင့် သဲပြင်ကျယ်ရွာမှ အိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။

ဖလံပင်ရွာနှင့် အနီးအနားကျေးရွာများမှ ရာနှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

“လေယာဉ်သံကြားရင်ကို လန့်နေရတာ။ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရဘူး။ ပြေးဖို့ အတွက်ပဲ အဆင်သင့်ပြင်ထားရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ဖွင့်ဟသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ ယမန်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် ၃ ကြိမ်တိုင် လေကြောင်းဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေကြောင်းဖြင့်ပင် ပြန်လည်ခေါ်ဆောင်သွားသည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များ စုဖွဲ့မှုအားကောင်းသည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုမိုအသုံးပြုလာပြီး မြေပြင်စစ်ကြောင်းအစား ရဟတ်ယာဉ်များဖြင့် စစ်သားများချထားကာ စီးနင်းတိုက်ခိုက်မှုပုံစံကို ဆက်တိုက်အသုံးပြုလာသည်။

(မှတ်ချက် – ထပ်မံရရှိသော အချက်အလက်များအရ မူလသတင်းကို ပြင်ဆင်ဖြည့်စွက်ထားပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button