သတင်း

လက်နက်ကြီးကြောင့် ဗန်းမော်မှ အမျိုးသမီးတစ်ဦး သေဆုံး

တိုက်ပွဲဖြစ်နေသော ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့သလို အနီးရှိ မိုးမောက်မြို့နယ်မှ စစ်ရှောင် ၂၀၀ ခန့်မှာ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။

အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းက ဗန်းမော်မြို့အရှေ့ဘက် မိုင်အနည်းငယ်အကွာတွင် ရှိသည့် စစ်ကောင်စီတပ်က အနီးဝန်းကျင်ကို လက်နက်ကြီးအချက်ရေ ၂၀ ထက်မနည်း ပစ်ခတ်ကြောင်း၊ မံခွန်ရွာမှ အသက် ၄၀ ကျော်အရွယ် ဒေါ်သန်းဌေး လက်နက်ကြီးကျည်စ ဝမ်းဗိုက်ကိုထိမှန်ကာ ပွဲချင်းပြီးသေဆုံးသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သေသွားတဲ့ အမျိုးသမီးက စိုက်ခင်းထဲ ရောက်နေတာ၊ စစ်တပ်က ဘာကြောင့်လဲတော့ မသိဘူး လက်နက်ကြီး လှမ်းပစ်တဲ့အချိန်မှာ သူ့နားကို ကျပြီး၊ အစမှန်ပြီး သေသွားတာ” ဟု အသက် ၃၀ ခန့်ရှိသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ခဲယမ်း၊ ရိက္ခာတင် သင်္ဘောများမှာလည်း ယမန်နေ့က ဗန်းမော်မြို့သို့ ရောက်ရှိလာပြီး ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်က ဧရာဝတီမြစ်အနောက်ဘက်ကမ်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထိုနေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်သည်များ ရှိမရှိ မသိရပေ။

ထို့ပြင် တိုက်ပွဲပြင်းထန်နေသည့် မိုးမောက်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်အချို့ မြို့ပေါ်ရှိ ခါနန်ရပ်ကွက်သို့ ကျရောက်ခဲ့ပြီး စာသင်ကျောင်းနှင့် လူနေအိမ်အချို့ထိမှန် ပျက်စီးခဲ့သည်။

မိုးမောက်မြို့မှာ ဗန်းမော်မြို့၏ အရှေ့ဘက် ၉ မိုင်ခန့်အကွာတွင်ရှိပြီး မိုးမောက်မြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ရှိသည့် လုံဂျာတောင်၌ စစ်ကောင်စီတပ်နှင့် KIA တို့ အောက်တိုဘာ ၂၂ ရက်မှ စတင်ကာ တိုက်ပွဲများပြင်းထန်နေခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာသည့်အတွက် တိုက်လေယာဉ်များသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့် ရက်အနည်းငယ်က Myanmar Now ကို ဖြေကြားထားသည်။

အောက်တိုဘာ ၂၂ မှ စတင်ကာ စစ်ကောင်စီတပ် လေယာဉ်များက ၃ ရက်ကြာ ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးများလည်း အသုံးပြုပစ်ခတ်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲများကြောင့် လုံဂျာတောင်ခြေရှိ ဝဝမ်၊ ကွန်ပန်၊ လုံဂျာ၊ နောင်ပေါင်း စသည့် ကျေးရွာများမှ ဒေသခံများမှာ နီးစပ်ရာ ကျေးရွာများနှင့် မိုးမောက်မြို့ပေါ်သို့ တိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

မိုးမောက်မြို့ပေါ်တွင် တိမ်းရှောင်နေသည့် ဒေသခံ ၂၀၀ ခန့်ရှိနေသည်ဟု အဆိုပါ စစ်ရှောင်ကူညီသူက ဆိုသည်။

“အဓိကကတော့ စားသောက်ရေးအတွက် အခက်အခဲရှိတယ်၊ နေရာက သူ့ဟာသူ ချထားပြီးသားဆိုတော့ အဆင်ပြေတယ်၊ အစားအသောက်ပိုင်းကတော့ လိုအပ်နေတယ်” 

ယနေ့အထိလည်း မိုးမောက်မြို့အရှေ့ဘက် လုံဂျာတောင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နံနက်က တိုက်ပွဲ မိနစ်အနည်းငယ်အကြာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က တစ်နေကုန် လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ၎င်းက ပြောသည်။

“တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ နားလိုက်၊ ဖြစ်လိုက်နဲ့ မနေ့က မနက်ပိုင်း ၁၀ နာရီကနေ ၁၂ နာရီလောက်အထိ လက်နက်ကြီးတွေ တအားပစ်ကြတာ၊ ဒီနေ့လည်း တစ်နေကုန် လက်နက်ကြီးသံမတိတ်ဘူး၊ တောင်နဲ့က နီးနီးလေးဆိုတော့ အကုန်ကြားနေရတယ်” ဟု အထက်ပါ စစ်ရှောင်ကူညီသူက ပြောသည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းပြီးသည့်နောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့် တိုင်းရင်းသားနယ်မြေများတွင် ကချင်ပြည်နယ်လည်း ပါဝင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်မှစတင်ကာ ကချင်ပြည်နယ် ဗန်းမော်၊ မြို့လှ၊ ဒေါ့ဖုန်းယန်၊ ဝိုင်းမော်၊ ဖားကန့်၊ တနိုင်း စသည့် မြို့နယ်များတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အကျအဆုံးများသည့် စစ်ကောင်စီတပ်က လေကြောင်းကို အားပြုကာ ပြန်လည်တိုက်ခိုက်ခဲ့သည်။

အောက်တိုဘာ ၂၄ ရက် ညက ဖားကန့်မြို့နယ်ရှိ KIO နှစ်ပတ်လည်နေ့ပြုလုပ်ရာနေရာ အနန့်ပါဒေသကို စစ်ကောင်စီတပ်က လေယာဉ် ၃ စီးဖြင့် ဗုံးကြဲခဲ့သည့်အတွက် ဒေသခံ ၆၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်က လမ်းပိတ်ထားသဖြင့် ဒဏ်ရာပြင်းထန်သူများကို ဆေးရုံသို့ မပို့နိုင်သဖြင့် သေဆုံးသူအရေအတွက် တိုးလာနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button