
ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအနီး ယမန်နေ့ (အောက်တိုဘာ ၂၃) ညက စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး သေဆုံးကာ ၎င်း၏ဇနီးမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
စစ်ဘေးရှောင်နေသည့် မိသားစုရှိရာ တောင်ယာတဲအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသား ပွဲချင်းပြီးသေဆုံးကာ ၃၃ နှစ်အရွယ် ဇနီးသည် ဦးခေါင်းထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သူ့အမျိုးသမီးကတော့ ရှင်မလား သေမလားတော့ မပြောတတ်သေးဘူး။ ဦးခေါင်းထိတာဆိုတော့လေ။ အခြေအနေ တော်တော်ဆိုးတယ်လို့ သိထားတယ်”
ထို့ပြင် အသက် ၈ နှစ်အရွယ် သားဖြစ်သူမှာ ပေါင်တွင် ဒဏ်ရာရခဲ့ပြီး ၅ လသားအရွယ် အခြားကလေးတစ်ဦးမှာ ထိခိုက်မှု မရှိခဲ့ကြောင်း ထိုဒေသခံက ဆက်ပြောသည်။
“သူတို့က တောင်ယာမှာ သွားအိပ်တာ။ သူတို့ရွာမှာ မနေ့ညက စစ်တပ်တွေ ရောက်လာတော့ တပ်စွဲဖို့ လုပ်နေတယ်။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့အတွက် သူတို့က ရွာနဲ့ နည်းနည်းဝေးတဲ့ စစ်ရှောင်စခန်းလည်း ဟုတ်တယ် တောင်ယာလည်း ဟုတ်တယ်။ အဲဒီမှာ ပြောင်းရွှေ့ပြီး အိပ်ရင်းနဲ့ (လက်နက်ကြီး) တည့်တည့်ကျတာ”
ယမန်နှစ်ကစ၍ ကုန်းသာကျေးရွာတွင် တိုက်ပွဲ လေးကြိမ်ခန့် ဖြစ်ခဲ့ပြီး ဒေသခံများမှာ မကြာခဏ စစ်ဘေးရှောင်တိမ်းကာ တိုက်ပွဲငြိမ်လျှင် ရွာပြန်နေကြကြောင်း၊ ယမန်နေ့ကမူ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောသည်။
“အခုတလော တစ်ပြည်နယ်လုံး အတိုင်းအတာပါပဲ။ တိုက်ပွဲမဖြစ်လည်း သူတို့ (စစ်တပ်) လက်နက်ကြီးတွေ ရမ်းသန်းထုတယ်။ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံဘက်မှာ အဲဒီလိုပဲ ကြုံနေကြရတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။
စစ်ကောင်စီတပ်က ကရင်နီဒေသအတွင်း နေ့စဉ်နီးပါး လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများရှိပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၇ တွင် ကုန်းသာကျေးရွာ၌ပင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ် လက်ချက်ဖြင့် စစ်ဘေးရှောင်အပါအဝင် အရပ်သား ၃၃၉ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၂၀၀ ကျော်နှင့် ဘာသာရေးအဆောက်အအုံ ၂၇ လုံး ပျက်စီးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ အောက်တိုဘာလဆန်းထုတ်ပြန်ချက်အရ သိရသည်။
တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) သည် ကရင်နီဒေသအတွင်း စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ နေအိမ်များနှင့် ဒေသခံများသေဆုံးမှု အခြေအနေများအား စောင့်ကြည့်ကာ သတင်းထုတ်ပြန်ပေးနေသော အဖွဲ့တစ်ခု ဖြစ်သည်။
ကယားပြည်နယ် လွိုင်ကော်၊ ရှားတော၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ စသည့်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် စစ်တပ်နှင့် ကရင်နီတပ်များအကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားနေပြီး မြို့ပေါ်ရပ်ကွက်များမှလွဲ၍ ကျန်နေရာများတွင် စစ်ကောင်စီယန္တရား လည်ပတ်နိုင်ခြင်း မရှိတော့ပေ။
၂၀၂၁ ခုနှစ် မေလမှစ၍ တိုက်ပွဲ တစ်နှစ်ကျော်အတွင်း စစ်တပ်ဘက်တွင် ၁၆၀၀ နီးပါး သေဆုံးပြီး ကရင်နီတော်လှန်ရေးတပ်များဘက်တွင် ၁၇၁ ဦး သေဆုံးကြောင်း PKPF က ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၈ က ဒီးမော့ဆို၊ သေးဆူးလဲရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA) ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၊ အလယ်ပိုင်းတိုင်း၊ KNDF တပ်ရင်း ၅ နှင့် ၆ တို့က ပူးပေါင်တိုက်ခိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)