သတင်း

ကော့ကရိတ်တိုက်ပွဲအပြီး ၆ လကျော်တပ်စွဲထားသည့်စခန်းများမှ စစ်ကောင်စီပြန်ဆုတ် 

ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့ကို KNU ဦးဆောင်သော ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ခြောက်လကျော်ကြာ တပ်စွဲထားသည့် စခန်းများမှနေ၍ စစ်ကောင်စီတပ် ပြန်ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ခရိုင်ရဲတပ်ဖွဲ့ရုံးတို့ကို အောက်တိုဘ ၂၁ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA ဦးဆောင်သော ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ယမန်နေ့အထိ စစ်ရေးတင်းမာနေခဲ့သော်လည်း ယနေ့တွင် စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားကာ ရက်အတန်အကြာ ပိတ်ထားသည့် အာရှလမ်းမလည်း ပြန်ပွင့်သွားဖြစ်သည်။

စစ်ကောင်စီတပ်က ခြောက်လကျော်ကြာ တပ်စွဲခဲ့သော ကော့ကရိတ်မြို့နယ်တောင်ပိုင်း ကမိုင်ကုန်း၊ ကော့နွဲရွာနှင့် တတန်ကူးရွာတို့ရှိ စခန်းများမှနေ၍ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း KNU ၏ ကရင်အမျိုးသားတပ်မတော် (KNLA) မှ ဒုတိယဗိုလ်မှူးကြီး စောရန်နိုင်က ပြောသည်။​

“အခု ကော့ကရိတ်တောင်ပိုင်း၊ အပြင်ဘက်ပတ်လည်မှာတော့ စစ်ကောင်စီဘက်က မရှိတော့ဘူး။ မြို့ထဲမှာ ပြန်ထိုင်နေကြတယ်။ အာရှလမ်းလည်း ပြန်ဖွင့်ပေးလိုက်ပါပြီ။ ကျွန်တော်တို့တပ်တွေကတော့ လမ်းဘေးတစ်ဖက်တစ်ချက်ကို ပြန်ဆုတ်ပေးထားပါတယ်” ဟု ပြောသည်။

အဆိုပါစခန်းများမှနေ၍ စစ်ကောင်စီတပ်ပြန်ဆုတ်ရန် KNLA က လွန်ခဲ့သည့်ခြောက်လတွင် စာထုတ်ပြန်၍ အကြောင်းကြားခဲ့သည်ဟုလည်း သိရသည်။

“ကျွန်တော်တို့ကလည်း ကော့ကရိတ် မြောက်ဘက်ခြမ်းမကျော်ဖို့နဲ့ သူတို့ကလည်း အာရှလမ်းတောင်ဘက်ခြမ်းကို မကျော်ဖို့။ နောက်ပိုင်းတိုက်ပွဲတွေဖြစ်လာတော့ သူတို့က တောင်ဘက်ခြမ်းကို ကျော်လာပြီး ရွာတွေထဲ စောနကပြောတဲ့ နေရာသုံးခုမှာ တပ်စွဲထားတော့ အဲဒီပတ်ဝန်းကျင်ရွာကဒေသခံတွေ အိမ်ကို မပြန်နိုင်ကြတာ ၆ လ ၇ လ ရှိလာပြီ” ဟု KNLA ဗိုလ်မှူးကြီးစောရန်နိုင်က ပြောသည်။

“အဲဒါကို ပြန်ဆုတ်ပေးဖို့ ခရိုင်က တရားဝင်စာထုတ်ပြီး ပြောခဲ့တယ်။ သူတို့ပြန်မဆုတ်တော့ တိုက်ပွဲဖြစ်လာပြီး အခုတော့ အဲဒီစခန်းတွေ ပြန်ဆုတ်သွားကြပြီ”

ယမန်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းကျေးရွာတွင် အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး မြောက်ကြာအင်းကျေးရွာဘုန်းကြီးကျောင်းလည်း လက်နက်ကြီးထိမှန်ကာ ဘုန်းကြီးတစ်ပါးနှင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး ကိုရင် ၂ ပါးဒဏ်ရာရရှိခဲ့ကြောင်း ဒုတိယဗိုလ်မှူးကြီးစောရန်နိုင်ထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့၊ ဝါဆိုဦးဘုန်းကြီးကျောင်းမှ ကိုရင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၃ နှစ်အောက်ကလေး ၆ ဦးအပါအဝင် ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သား ၄ ဦး သေဆုံးခဲ့သည်။

လတ်တလောတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများရှိသော်လည်း မြေပြင်အချက်အလက်များ စုစည်းနေဆဲဟု သိရသည်။ ကော့ကရိတ်မြို့တွင်း တိုက်ပွဲအတွင်း လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဒုတိယဗိုလ်မှူးကြီးစောရန်နိုင်က ဆိုသော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောခြင်းမရှိပါ။

ကော့ကရိတ်တိုက်ပွဲအပြီး ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသည့် အာရှလမ်းမကြီး (ကော့ကရိတ်− မြဝတီလမ်းပိုင်း) မှာ ငါးရက်ကြာ ပိတ်ထားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဗိုလ်မှူးကြီး စောရန်နိုင်က အတည်ပြုသည်။

“အာရှလမ်းလည်း ပြန်ဖွင့်ပေးလိုက်ပါပြီ။ ကျွန်တော်တို့တပ်တွေကတော့ လမ်းဘေး တစ်ဖက်တစ်ချက်ကို ပြန်ဆုတ်ပေးထားပြီး ဖွင့်ပေးထားပါတယ်” ဟု ဆိုသည်။

အာရှလမ်းမကြီး ပြန်ပွင့်သွားပြီဖြစ်သဖြင့် ပိတ်မိနေသည့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ် အစီးရေ ၁၀၀၀ ကျော် ပြန်လည်သွားလာနေပြီဖြစ်ကြောင်း နယ်စပ်ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်နေသူ အချို့ထံမှလည်း သိရသည်။

“မနေ့ညကစပြီး နည်းနည်းစီ ပြန်တက်လာတယ် ဒီနေ့မနက်တော့ မြဝတီကို အတော်များများ တက်လာနေကြပြီလို့ အကြောင်းကြားတယ်” ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသူ မြဝတီမြို့ခံတစ်ဦးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button