
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် KNU ဦးဆောင်သော ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ (အောက်တိုဘာ ၂၁) နံနက်အစောပိုင်းမှစ၍ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လက်နက်ကြီးပစ်ကူအပြင် လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။
ကော့ကရိတ်မြို့တွင်းရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့ကို KNU လက်အောက်ခံတပ်များနှင့် ဒေသကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ အရာရှိတစ်ဦးက ပြောသည်။
KNLA နှင့်အတူ ကရင်အမျိုသားကာကွယ်ရေးအဖွဲ့ (KNDO)၊ ဒေသအခြေစိုက် PDF နှင့် ကော်သူးလေတပ်မတော်တို့ ပူးပေါင်းတိုက်ခိုက်စဉ် အထိနာသွားသည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများဖြင့် တုံ့ပြန်သဖြင့် အရပ်သားများထိခိုက်မှုရှိနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
“သူတို့ဘက်က အထိနာတဲ့အတွက် မနက် ၁၀ နာရီလောက်တည်းက လေကြောင်းပစ်ကူလာတယ်။ အဲ့ဒီမှာ လူနေရပ်ကွက်တွေပေါ် အရပ်သားပစ်မှတ်တွေကို ပစ်ခတ်တဲ့အတွက် ပြည်သူတွေ ထိခိုက်ဒဏ်ရာရပါတယ်”
လက်ရှိအချိန်ထိ မြို့နယ်ထွေအုပ်ရုံးနှင့် မြဝတီ – ကော့ကရိတ်လမ်းဟောင်းဘက်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကာ စစ်ကောင်စီဘက်မှ ရဲနှင့်စစ်သားများ အထိအခိုက်များသည်ဟုလည်း သိရသည်။
နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အာရှလမ်းမကြီးအနီးဝန်းကျင်ရှိ ကမိုင်ကုန်းအနီးမှ ဆုတ်ခွာသွားကြောင်းလည်း တိုက်ပွဲအတွင်းရောက်ရှိနေသည့် KNU ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့တစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်စဉ် ကော့ကရိတ်မြို့တွင်း ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရသည်ဟု ကရင်သတင်းဌာနက KIC က ရေးသားပြီး အခြား ဒေသအခြေစိုက် လူမှုကွန်ရက်မီဒီယာတစ်ခုက ပြည်သူနှစ်ဦး သေဆုံးကာ ကလေးငယ် အပါအဝင် ၁၆ ဦးခန့် ဒဏ်ရာရရှိသည်ဟု ဆိုသည်။
ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။
နံနက် ၅ နာရီခန့်ကတည်းက တိုက်ပွဲစတင်ပြီး နံနက် ၁၀ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ အကြီးအကျယ်ကြားရသည်ဟု ကော့ကရိတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“မြို့အလည်တည့်တည့်မှာတော့ တိုက်ပွဲမဖြစ်သေးဘူး။ မြို့အစွန်ဘက်က ရပ်ကွက်တွေထဲကို အလုံးကြီးတွေကျတယ်။ လေယာဉ်နဲ့လည်း ပစ်ချတယ်။ အဲဒါတွေလည်း မြို့အစွန်ရပ်ကွက်မှာ ကျတာပဲ။ လူတွေထိတယ်လို့လည်း ကြားရတယ်။ ကိုယ်လည်း အိမ်ထဲမှာ ပုန်းနေရတော့ အပြင်ထွက်မကြည့်နိုင်ဘူး” ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်နေသည့် ကော့ကရိတ်မြို့ဝန်းကျင်ကို မြို့အနောက်ဘက် ၁၀ မိုင်အကွာရှိ နေပူခံကုန်း၌ အထိုင်ချထားသည့် စစ်ကောင်စီလက်အောက်ခံ ခလရ ၉၇ တပ်က လက်နက်ကြီးများဖြင့် နံနက် ၅ နာရီခွဲကတည်းက တရပ်စပ်ပစ်ခတ်နေကြောင်း၊ မြို့နှင့် ငါးမိုင်အကွာရှိ ကျေးရွာများအထိပါ ကျရောက်ကြောင်း ကော့ကရိတ်ဒေသခံ နောက်တစ်ဦးက ပြောသည်။
“သိမ်းလို့တော့ မရဘူးပေါ့။ မြို့ပေါ် ဝင်တိုက်တဲ့ပွဲပဲ။ ဘုရားကုန်းတစ်ခုနဲ့ ဆေးရုံနားအထိတော့ ရထားတယ်လို့ ကြားတယ်”
ကော့ကရိတ်အချုပ်ထောင်၊ ခရိုင်ရဲစခန်းနှင့် ၉၇ တပ်ရှိရာ ဝန်းကျင်တစ်ဝိုက်တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲနေသည်မှာ ခြောက်ကြိမ်ခန့်ရှိပြီဖြစ်ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။
ကရင်ပြည်နယ်မြို့တော် ဘားအံနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့အကြား အာရှလမ်းမကြီးပေါ်ရှိ ကော့ကရိတ်မြို့ကို ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း KNU နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုစဉ်ကလည်း ခရိုင်ရဲတပ်ဖွဲ့ရုံး၊ ထွေအုပ်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကို တစ်ပြိုင်နက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်မှ ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)