သတင်း

စစ်ကိုင်းတိုင်းတွင် စစ်တပ်က ကိုယ်ဝန်ဆောင်နှင့် ယောက္ခမကို ပစ်သတ်

ယနေ့ (အောက်တို ဘာ ၁၉) နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်အကြား ကျေးရွာများကို စစ်ရဟတ်ယာဉ်နှစ်စီးက ပစ်ခတ်တိုက်ခိုက်ရာ ပြားအိုရွာမှ ကိုယ်ဝန်ဆောင်တစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ 

ယနေ့ နံနက် ၁၀ နာရီခန့်တွင် ရင်ပေါင်တိုင်အနီးတစ်ဝိုက်ကျေးရွာများကို တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်ပြီးနောက် အခြားရဟတ်ယာဉ် ၂ စီးပေါ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်သားများက ရင်ပေါင်တိုင်၊ ပြားအိုရွာ တို့ကို စီးနင်းခဲ့သည်။ 

ရင်ပေါင်တိုင်ရွာအနောက်ဘက် ညောင်တန်းရွာအနီး လေကြောင်းမှ ချထားခဲ့သည့် စစ်ကောင်စီ ခြေလျင်တပ်ဖွဲ့ဝင်များသည် ပြားအိုရွာအတွင်း ဝင်ရောက်ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ပြားအိုရွာမှ ကိုယ်ဝန် ၇ လရှိသည်လ အသက် ၃၃ နှစ်အရွယ် မစိုးစိုးနှင့် အသက် ၆၀ ကျော်အရွယ် ဒေါ်ငြိမ်းညွန့်တို့ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ထို့နောက် စစ်တပ်က ပြားအိုရွာဘုန်းကြီးကျောင်း၌ ရောက်ရှိနေသည့် စစ်ရှောင်ဒုက္ခသည်များကို ဖမ်းဆီးပြီး ရင်ပေါင်တိုင်ရွာဘက်ကို ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

“မိတဲ့ပြည်သူတွေကိုတော့ အကုန်လုံး ရင်ပေါင်တိုင်မှာ ခေါ်ထားတယ်။ ….တွေက ရင်ပေါင်တိုင်မှာ အကုန် စုသွားပြီ။ ပြေးလမ်းတွေကို အကုန်ပိတ်ထားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ရင်ပေါင်တိုင်ရွာ မြောက်ဘက်တွင် ချခဲ့သည့် စစ်ကြောင်းနှင့် ရွာတောင်ဘက် ပုထိုးသာ၊ ရွာသစ်ရွာအနီး ချထားခဲ့သည့် စစ်ကြောင်းတို့က ရင်ပေါင်တိုင်ရွာ၌ တပ်စွဲနေကြသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း ပြောသည်။

ပြားအိုရွာမှ အသက် ၆၀ ကျော်အရွယ် ဒေါ်ငြိမ်းညွန့်နှင့် ချွေးမဖြစ်သူ ၃၃ နှစ်အရွယ် ကိုယ်ဝန်ဆောင် မစိုးစိုးတို့၏ ရုပ်အလောင်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ဩဂုတ်လက ရင်ပေါင်တိုင်ရွာကို လာရောက်ပစ်ခတ်စဉ် တိုက်ခိုက်ရေးရဟတ်ယာဉ်က ရွာအတွင်းကိုသာ ပစ်ခတ်ခဲ့သော်လည်း ယခုတစ်ကြိမ် အနီးအနားကျေးရွာများကိုပါ ပစ်ခတ်သည်ဟု ဒေသခံများက ဆိုသည်။

“အရင်တစ်ခေါက်နဲ့ ရဟတ်ယာဉ်က ခေါင်းစိုက်ပြီး လက်နက်ကြီးနဲ့ ပစ်တာမျိုး မဟုတ်ဘူး။ ရဟတ်ယာဉ်ပေါ်က ပစ်တာ။ အရင်တစ်ခါကလောက် လက်နက်သံမပြင်းဘူး။ လက်နက်ငယ်တွေနဲ့ ပစ်တာနဲ့ တူတယ်။ ပစ်တာတော့ ရဟတ်ယာဉ်ပေါ်က ပစ်တယ်။ ရဟတ်ယာဉ်က မိုင်တော်တော်လေးအထိ ဝိုက်တယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းသည့် မြို့နယ် ၂ ခုအစပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ထိုသို့ လေကြောင်းမှ ရုတ်တရက် လာရောက်ပစ်ခတ်ပြီး မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေသည့်အတွက် ရင်ပေါင်တိုင်ရွာနှင့် အနီးအနားမှ ပုထိုးသာ၊ ရွာသစ်၊ နုန်းတန်း၊ ပြားအို၊ ညောင်တန်း စသည့်ကျေးရွာတို့မှ ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးနေရသည်။ 

ဩဂုတ်လကုန်ပိုင်းတွင် ရင်ပေါင်တိုင်ရွာကို စစ်တပ်က ဝေဟင်မြေပြင်ထိုးစစ်ဆင်ခဲ့ပြီး ပစ်ခတ် သတ်ဖြတ်မှုကြောင့် အသက် ၁၀ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် အရပ်သား ၁၉ ဦး သေဆုံးခဲ့သလို ပုထိုးသာ၊ ချင်ပြစ်ရွာ အပါအဝင် အနီးအနားကျေးရွာတချို့ မီးရှို့ခံရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button