
တရုတ် – မြန်မာနယ်စပ် မူဆယ်တွင် ယမန်နေ့ (အောက်တိုဘာ ၁၈) ညနေပိုင်းက စစ်ကောင်စီ၏ ရှမ်းမြောက်အခြေစိုက် အမှတ် ၄၂၁ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးနှင့် နောက်လိုက်တစ်ဦး သေနတ်ဖြင့် အပစ်ခံရသည်ဟု သိရသည်။
တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နှင့် နောက်လိုက်ဖြစ်သူတို့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး ကားဝပ်ရှော့တစ်ခုတွင် ပြင်ထားသည့်ကား လာယူစဉ် အမည်မသိ လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် လာပစ်သွားခြင်းဖြစ်သည်ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဗျူဟာမှူး ကားပျက်လို့ သူက သွားယူပေးတာ။ ပစ်ခံရတယ်။ ကျည်ကာပါလို့ ထင်တယ်။ ဘေးမှာလည်း တပည့်တစ်ဦးတော့ပါတယ်” ဟု ၎င်းက ဆိုသည်။
သေနတ်ဖြင့် အပစ်ခံရသည့် ဒုဗိုလ်မှူးကြီးမှာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး စစ်ကောင်စီဘက်က သတင်းပေါက်ကြားမှု မရှိစေရေး အကြီးအကျယ်ထိန်းချုပ်ထားသည်ဟုလည်း အထက်ပါ မြို့ခံက ဆက်ပြောသည်။
မူဆယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကမူ ၎င်းတို့လက်ချက်ဖြစ်ကြောင်း၊ တပ်ရင်းမှူး ဆေးရုံပို့လိုက်ရပြီး နောက်လိုက်ဖြစ်သူမှာ ပွဲချင်းပြီးသေဆုံးသည်ဟု ဆိုသည်။
တပ်ရင်းမှူးလာမည့်သတင်းကို သတင်းအတိအကျရထားသဖြင့် လူနှစ်ဦး၊ ပစ္စတိုနှစ်လက်ဖြင့် စောင့်ဆိုင်းကာ ၁၄ ချက်အထိ ပစ်ခတ်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
“သတင်းအတိအကျ ရတာဆိုတော့ စောင့်နေတာ။ သူတို့ကား ဝပ်ရှော့ပ်ကို ထိုးတဲ့အချိန်မှာ တစ်ယောက်က ကားပေါ်က ဆင်းလာတယ်။ ကားဆင်းယူတာ ထင်တယ်။ သူ(တပ်ရင်းမှူး) က ကားပေါ်မှာပဲ စောင့်နေတယ်။ ဆင်းလာတဲ့အချိန်မှာ တစ်ခါတည်းပစ်ခဲ့လိုက်တယ်” ဟု ၎င်းက ဆိုသည်။
ဒုဗိုလ်မှူးကြီး ပြည်ဖြိုးအောင်သည် ဆေးရုံပို့ထားစဉ် ညနေ ၆ နာရီဝန်းကျင်တွင် သေဆုံးသွားသည်ဟု ထိုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
“တပ်ရဲ့ ထောက်တိုင်မှန်သမျှအားလုံးရဲ့ အနီးစပ်ဆုံးမှာ ကျွန်တော်တို့ရှိနေတယ်။ အမြဲတမ်း စောင့်ကြည့်နေတယ်။ သူတို့ဘက်က ပေါ့လျော့မှုတစ်ခုခုဖြစ်တာနဲ့ ဖြုတ်ချမှာပဲ” ဟု စစ်ကောင်စီကို ပြောက်ကြားတိုက်ခိုက်နေသည့် ထိုအဖွဲ့တာဝန်ရှိသူက ဆိုသည်။
ပစ်ခတ်ခံရပြီးနောက် မူဆယ် ၁၀၅ မိုင် စစ်ဗျူဟာကုန်းမှ စစ်ယာဉ်များဖြင့် လုံခြုံရေးတိုးမြှင့်ချထားပြီး ညပိုင်းတွင် လက်နက်ကြီးဖြင့် ရှစ်ချက်ထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ယခုပစ်ခတ်ခံရသည့်နေရာသည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များလုံခြုံရေးယူထားသည့် နေရာတစ်ခုဖြစ်သော်လည်း ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသည့် နယ်မြေများနှင့် ဆက်စပ်နေကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။
လက်နက်ကိုင်အဖွဲ့အစည်းများစွာလှုပ်ရှားသည့် မူဆယ်မြို့ရှိ လူစည်ကားရာဈေးနှင့် မီးပွိုင့်များအနီးတွင် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး လူသေဆုံးဒဏ်ရာရမှုများရှိနေသည်။
ယခုလ ၆ ရက် ညနေပိုင်းက မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မြို့နယ်တရားသူကြီး ဦးရာဇာမင်းစိုးမှာ ကားရပ်ထားစဉ် ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဇုန်တည်ရှိရာ မူဆယ်မြို့သည် အချက်အချာကျပြီး နယ်စပ်ကုန်သွယ်ရေးဖြင့် စည်ပင်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် နယ်စပ်ဂိတ်များ ဖွင့်လိုက် ပိတ်လိုက်ဖြစ်ကာ မူးယစ်ဆေးဝါး၊ ရာဇဝတ်မှုနှင့် လောင်းကစားရုံများ ထူပြောလာသည်ဟု မြို့ခံများက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)