အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရင်ပေါင်တိုင်ရွာအနီးတစ်ဝိုက် စစ်တပ်က လေကြောင်းမှလာပစ်နေ 

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်အစပ် ကျေးရွာများကို ယနေ့ (အောက်တို ဘာ ၁၉) နံနက်ပိုင်းတွင်း စစ်ကောင်စီက လေကြောင်းမှ လာရောက်ပစ်ခတ်နေသည်ဟု သိရသည်။

နံနက် ၁၀ နာရီခန့်တွင် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာနှင့် ကပ်လျက်ရှိ ပုလဲမြို့နယ် ပုထိုးသာရွာ တို့ကို Mi35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးဖြင့် လာရောက်ပစ်ခတ်ပြီးနောက် အခြား ရဟတ်ယာဉ် ၄ စီးဖြင့် စစ်သားများချထားခဲ့သည်ဟု သိရသည်။

“Mi35 က ရှေ့ပြေးလာတယ်။ ရဟတ်ယာဉ် ၂ စီးက လူလာချတယ်။ Mi35 က ပစ်နေတုန်းမှာ နောက်ပြန်ခေါက်ပြီး ထပ်လာတယ်။ အားလုံးပေါင်းဆိုရင် ရဟတ်ယာဉ် ၆ စီးပေါ့။ အောက်ကနေ ထိုးစစ်ဆင်တယ်။ အပေါ်ကနေလည်း ပစ်တဲ့အနေအထားပေါ့။ ရင်ပေါင်တိုင်နဲ့တစ်ခွင်က ရွာတွေပေါ့” ဟု ယင်းမာပင်အခြေစိုက် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုခန့်က ပြောသည်။ 

စစ်ကောင်စီက ရင်ပေါင်တိုင်ရွာအနီးတစ်ဝိုက်ကို ရုတ်တရက်လာရောက် စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“ပြီးခဲ့တဲ့ ရင်ပေါင်တိုင်ဖြစ်စဉ်ပြီးကတည်းက ဒီနေ့မနက်အစောပိုင်းထိ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားသွားလာတာလည်း မရှိဘူး။ တမင်သက်သက် ရွာကို ဝင်စီးပြီးတော့ ပစ်တာ” ဟု ကိုခန့်က ပြောသည်။ 

ရုတ်တရက် လေကြောင်းမှ ဝင်ရောက်စီးနင်းမှုကြောင့် ရင်ပေါင်တိုင်အပါအဝင် အနီးနားကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာတွင်း ပိတ်မိနေသူအချို့ရှိနေကြောင်း အခြား ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ရင်ပေါင်တိုင်ရွာကို စစ်တပ်က လေကြောင်းမှ ရုတ်တရက် ဝင်ရောက် ပစ်ခတ်ပြီးနောက် စစ်သားများချထားကာ စီးနင်းခဲ့စဉ် ဒေသခံ ၁၉ ဦး သေဆုံးခဲ့ရသည်။​

ရင်ပေါင်တိုင်ရွာတွင် ရက်အတန်ကြာ တပ်စွဲပြီးနောက် စစ်တပ်က ဒေသခံ ၂၀ နီးပါးက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ နယ်မြေချင်း ထိစပ်နေသော ပုလဲနှင့် ကနီနယ်တို့မှ ကျေးရွာ ၂၀ နီးပါးကို နှစ်ပတ်နီးပါးကြာ စစ်ကြောင်းထိုးခဲ့သည်။

ကျေးရွာများကို ဝင်ရောက်စီးနင်းစဉ် ဒေသခံများ၏ နေအိမ်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာသူရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ရှိခဲ့သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button