သတင်း

၂၁ ပင်လုံ ဖိတ်စာ တရုတ်သံရုံးမှတဆင့် မြောက်ပိုင်းလက်နက်ကိုင်များထံ ရောက်ရှိ

(ရန်ကုန်) – နေပြည်တော်တွင် ဇူလိုင်လ ဒုတိယသီတင်းပတ်အတွင်း ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အစိုးရက ရန်ကုန်ရှိ တရုတ်သံရုံးမှတဆင့် ဖိတ်ကြားလိုက်သည်။

အဆိုပါဖိတ်ကြားမှုကြောင့် မြန်မာ့တပ်မတော်နှင့် စစ်ရေးတင်းမာမှု မကြာခဏ ဖြစ်ပွားခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO)၊  ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ကိုးကန့် တပ်ဖွဲ့ (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့လည်း ညီလာခံ တက်ရောက်ခွင့် ရှိလာမည် ဖြစ်သည်။

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဟု လူသိများသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် အထက်ပါအဖွဲ့များအပြင် “ဝ” ပြည်သွေးစည်းညီ ညွှတ်ရေးတပ်မတော်(UWSA)၊  အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်၊ မိုင်းလား အဖွဲ့ (NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့လည်း ပါဝင်သည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေး” ဟု အမည်ပေးထားပြီး နေပြည်တော်  MICC 2 တွင် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပမည့် အဆိုပါအစည်းအဝေး တက်ရောက်ရန် ဖိတ်စာကို ယနေ့ (ဇူလိုင် ၄ရက်) နံနက်ပိုင်းတွင် လက်ခံရရှိခဲ့ကြောင်း ရက္ခိုင့်တပ်မတော် (AA)  ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“တက်ဖို့ မတက်ဖို့ ဆွေးနွေးရဦးမယ်။ တက်ဖို့ မတက်ဖို့ ကိစ္စ နောက် ၂ ရက်၊ ၃ ရက်လောက်မှ သိရမယ်” ဟု ခိုင်သုခက Myanmar Now ကို  ပြောသည်။  

၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေးသို့ FPNCC အဖွဲ့ဝင်များအား တက်ရောက်ကြရန် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းက မေလအတွင်းက တိုက်တွန်းထားသည်။  

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့သည် ပြီးခဲ့သည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံအစည်းအဝေးသို့ တရုတ်အစိုးရ၏ မေတ္တာရပ်ခံချက်ကြောင့်ဟု ဆိုကာ အထူးဖိတ်ကြားခံရသူအနေဖြင့် တက်ရောက်ခဲ့သည်။

ယင်းသို့တက်ရောက်လာစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။  

၎င်းတို့သည် မြန်မာအစိုးရ စီစဉ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ငြင်းဆန်ပြီး “ဝ” အဖွဲ့ ဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သစ်ကိုသာ စွဲကိုင်မည်ဟု ကြေညာထားသည်။

Show More

Related Articles

Back to top button