ဆောင်းပါးရုပ်ပုံလွှာရုပ်ရှင်

မိုးခါးရေမသောက်လိုသော တောထဲရောက် ရုပ်ရှင်ဒါရိုက်တာ 

“ပြည်သူတွေကို သတ်မှာလား” 

အာဏာသိမ်းပြီးစတွင် စစ်တပ်အရာရှိတစ်ဦးကို သူ့ဇနီးသည်က မေးလိုက်ခြင်းပင်။ ထိုအရာရှိမှာ ဆန္ဒပြပြည်သူများကို နှိမ်နင်းရန် နောက်တန်း ပြန်ပို့ခံရသူဖြစ်သည်။​

ဇနီးသည်၏ အမေးကို အရာရှိစစ်သားက “အထက်ပါ အမိန့်ပေးလာရင် ပစ်ဆိုလည်း ပစ်ရမှာပဲ” ဟု တုံ့ပြန်သည်။​ ဆန္ဒပြသူများအကြား သူပါနေရင်ကောဟု သူ့မိန်းမက ခွန်းတုံ့ပြန်လိုက်သည့်အခါ “မိန်းမပါနေရင်တော့ ဘယ်ပစ်မလဲ“ ဟု ဆိုသည်။ 

ဇနီးဖြစ်သူ၏ မေးခွန်းက ထိုအရာရှိငယ်ကို တွေဝေသွားစေသည်။ ကိုယ့် သွေးသားထိမှ နာတတ်ခြင်းမှာ လူမပီသကြောင်း သူ့ဇနီးက မှတ်ချက်ပြုလိုက်ခြင်းဖြစ်သည်။​

အာဏာသိမ်းမှုနှင့်အတူ စစ်တပ်အသိုင်းအဝိုင်းတစ်ခုလုံးကို လူထုက ဆန့်ကျင်ကြသည်။ ‘ရဲနှင့်စစ်သား ဈေးမရောင်းပါ” ဟု စာရေးချိတ်ဆွဲထားသည့် ဈေးဆိုင်များပင် ရှိလာသည်။ လူ့အသိုင်းအဝိုင်း၏ ခါးခါးသီးသီး ဆန့်ကျင်မှုကြောင့် တပ်မိသားစုဝင်များ အနေရအထိုင်ရ ခက်လာသည်။​ လင်သားဖြစ်သော စစ်သားများကို CDM လုပ်ရန် ဖိအားပေးကြသည်။ 

ဇနီးဖြစ်သူ၏ မှတ်ချက်စကားကြောင့် အထက်ပါ အရာရှိငယ်လည်း အနှစ်နှစ်အလလ တာဝန်ထမ်းဆောင်ခဲ့သော စစ်တပ်ကို စွန့်ခွာရန် ဆုံးဖြတ်သည်။ စစ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့် မရေမတွက်နိုင်သော အလွှာမျိုးစုံ နိုင်ငံ့ဝန်ထမ်းများတွင် သူလည်း ပါဝင်ခဲ့သည်။

စစ်တပ်မှ ဇနီးမောင်နှံနှစ်ဦး အပြန်အလှန်ပြောစကားများကို အကြောင်းရင်းခံထားသည့် ရုပ်ရှင်ဇာတ်လမ်းတိုတစ်ခု မကြာသေးခင် ရက်ပိုင်းအတွင်းက ထွက်လာသည်။​  အာဏာသိမ်းမှုနောက်ဆက်တွဲအခြေအနေကို ရိုက်ကူးပုံဖော်ထားသော ထိုဇာတ်ကားတိုမှာ အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးနိုင်သည့် ပြည်ပရောက်မြန်မာများ အကြိုက်တွေ့နေသည်။

ရုပ်ရှင်ဇာတ်လမ်းတို၏ အမည်မှာ “မသောက်မိသော မိုးခါးရေ” ဖြစ်ကာ စီစဉ်ရိုက်ကူးသူမှာ ဒါရိုက်တာ ကိုပေါက်ဟု လူသိများသူဖြစ်သည်။ စစ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရင်း တောထဲရောက် ဒါရိုက်တာက အနုပညာလက်နက်ဖြင့် စစ်ကောင်စီကို ထိုးနှက်ရန် ထိုရုပ်ရှင်ဇာတ်လမ်းတိုကို ဖန်တီးထားခြင်းပင်။ 

“စစ်သားတစ်ယောက်ရဲ့ ပြည်သူ့ဘက်ကို ရပ်တည်တဲ့ဆုံးဖြတ်ချက် မှန်ကန်မှုနဲ့ လူသားဆန်မှုကို ပြချင်လို့ ဒီဇာတ်ကားကို ရိုက်တာပါ” ဟု ဒါရိုက်တာ ကိုပေါက်က ဆိုသည်။

ရုပ်ရှင်ဖန်တီးခြင်း 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ထိန်းချုပ်ရာနယ်မြေ ရောက်ရှိပြီးနောက် စစ်အာဏာရှင် တော်လှန်ရေးကိုသာ အာရုံရောက်နေရင်း အနုပညာအလုပ်ကို မေ့ပျောက်ပျောက်ဖြစ်နေမိသည်ဟု ဒါရိုက်တာကိုပေါက်က ဆိုသည်။​ မိတ်ဆွေများ၏ တိုက်တွန်းမှုများကြောင့်  ရုပ်ရှင် ပြန်ရိုက်ရန် စိတ်ကူးမိချိန်မှာ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ချိန်တွင် ဖြစ်သည်။

“အရင်က ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ စကားပြန်ပြောပြီး ဇာတ်ညွန်းလေးတွေ ပြန်ဖတ်တော့ အရင်က ဒါရိုက်တာစိတ်လေးနဲ့ ဇာတ်ရှာခဲ့တဲ့အချိန်တုန်းကလို Mood ပြန်သွင်းရတာပေါ့” ဟု ကိုပေါက်က ပြောသည်။

အခြေအနေအရ ပျော်စရာ ငိုစရာဇာတ်လမ်းများ မရိုက်လို။ ဇာတ်လမ်းရှာသည်။ လွတ်မြောက်နယ်မြေရောက် လူငယ်များ၊ CDM စစ်သားများ၊ ရဲများနှင့် ဆုံသည်။ တစ်ဦးချင်းစီ၏ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းများ သူသိလာရသည်။

ရုပ်ရှင်ရိုက်မည်ဆိုသော်လည်း တောထဲရောက် ဒါရိုက်တာတွင် ကင်မရာသမားမရှိသလို ရိုက်ကူးရေးအဖွဲ့သားလည်း မရှိပေ။ လက်စွဲတော် iPhone 11 ဖြင့် ရိုက်ကူးရသည်။ ထိုဖုန်းတစ်လုံးတည်းနှင့်ပင် ရိုက်ကူး၊ တည်းဖြတ်သာမက နောက်ခံတီးလုံးပင် ထည့်ရသည်။ အချောသပ်တည်းဖြတ်မှုနှင့် စာတန်းထိုးခြင်းကိုမူ မိတ်ဆွေအချို့က ကူညီသည်။

“ကင်မရာမန်းလည်း ကိုယ်ပဲ၊ ဇာတ်ညွန်းလည်း ကိုယ်ပဲ၊ ဒါရိုက်တာလည်း ကိုယ်ပဲ၊ ဆက်တင်လည်း ကိုယ်ပဲ”

အချိန်အားဖြင့် ၄၅ မိနစ်ခန့်ကြာသော “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ထားကြသူများမှာလည်း နာမည်ကြီးသရုပ်ဆောင်များ မဟုတ်ကြပေ။ တောထဲရောက် PDF လူငယ်များနှင့် CDM စစ်သားများသာဖြစ်သည်။

ဇာတ်လမ်းဇာတ်ကွက် ရိုက်ကူးရေးအတွက် အနည်းငယ်လက်ဝင်သော ကိစ္စမှာ စစ်တပ်ယူနီဖောင်းများ စုဆောင်းရခြင်းဖြစ်သည်။ တိုက်ပွဲများအတွင်း သေဆုံးခဲ့သော၊ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများ၏ ယူနီဖောင်းများကို လိုက်တောင်းရသည်။ တစ်နိုင်ငံလုံးက တော်လှန်နေချိန်ဖြစ်ရကား ထိုဝတ်စုံကို မည်သူမျှ အထူးတလည် သိမ်းဆည်းမထားမိကြပေ။​

“ပခုံးပေါ်က တံဆိပ်လောက် ဖြုတ်တာကိုး၊ ကျန်တာက ခြေသုတ်ခုံလုပ်ပစ်တာကိုး။ တော်ရုံတံဆိပ်တွေ ဘားတွေတောင်မှ ဖိနပ်မှာ တပ်ကြတာဆိုတော့ အင်္ကျီက ရစရာမရှိဘူး။ ခဲရာခဲဆစ် ရှာကြံရတယ်ပေါ့” ဟု ဒါရိုက်တာကိုပေါက်က ပြောသည်။

ပြည်ပနိုင်ငံတစ်ခုတွင် ဒါရိုက်တာကိုပေါက်၏ ‘မသောက်မိသော မိုးခါရေ’ ရုပ်ရှင်ဇာတ်လမ်းတို ပြသနေစဉ်။

ရုပ်ရှင်ဇာတ်လမ်းတိုအတွက် သူကျေနပ်သည်။

ယခုဇာတ်ကားဖြင့် လွတ်လပ်စွာ အနုပညာဖန်တီးခွင့်ရ၍ဖြစ်သည်။ ဆင်ဆာအဖွဲ့၏ စိစစ်ဖြတ်တောက်မှုကို စိုးရိမ်စရာမလိုသည့်အပြင် နာမည်ကြီး မင်းသားမင်းသမီးများ မပါသည့်အတွက် ပရိသတ်၏ အသိအမှတ်ပြုမှုက အရိုးသားဆုံးဖြစ်ပေမည်။

“အရင်က ဆင်ဆာက စကားလုံးလေးတွေကအစ ဆတ်ဆတ်ထိမခံတော့ တစ်လုံးချင်း လိုက်ပြင်ပေးရတယ်။ ဒီကားမှာတော့ အနုပညာသမားတစ်ယောက်အနေနဲ့ ဘယ်သူ့ ဖြတ်တောက်မှုမှ မပါဘဲ ချပြခွင့်ရတယ်” ဟု ဒါရိုက်တာကိုပေါက်က ရှင်းပြသည်။

စက်အဖွဲ့သားများဝန်းရံလျက် ထိုင်ခုံမှနေ၍ လက်ညှိုးထိုးခိုင်းရသော ဒါရိုက်တာဘဝနှင့် တောထဲရောက် တစ်ကိုယ်တော် ရုပ်ရှင်ဖန်တီးရသည့် အခြေအနေသာ ကွာသည်။ ဇာတ်လမ်းတစ်ခုလုံး စလယ်ဆုံး တစ်ဦးတည်း ရိုက်ကူးဖန်တီးရခြင်းဖြစ်သည်။

ဒါရိုက်တာကိုပေါက်၏ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ဘာသာစကားငါးမျိုးဖြင့် ပြသမည်ဖြစ်သည်။ အမေရိကန်၊ ဩစတြေးလျ၊ အင်္ဂလန်နှင့် ဂျပန်တို့တွင် ပြသပြီးဖြစ်သည်။ ပြည်ပရောက်မြန်မာများ ဝက်ဝက်ကွဲအားပေးကြည့်ရှုကြသည်။

ရရှိလာသော ဝင်ငွေအားလုံးကို တော်လှန်ရေအတွက် အသုံးပြုသွားမည်ဟု သိရသည်။​

အနုပညာဖြင့် အာဏာရှင်တော်လှန်

အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်များအကြောင်း အနုပညာသမား ဖန်တီးတင်ဆက်ထားသည့် ဇာတ်လမ်းတိုများကို ပြည်သူလူထုက အားပေးကြသည်။ ပြီးခဲ့သည့် မေလက ဒါရိုက်တာဏကြီး ရိုက်ကူးခဲ့သော “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုသည်လည်း အတော်ပင်ပေါက်ရောက်ခဲ့သည်။

အချိန် ၈ မိနစ်ခန့်သာ ကြာသော ထိုဇာတ်လမ်းတိုအကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကပင် သတင်းစာရှင်းလင်းပွဲအတွင်း တခုတ်တရ ထုတ်ဖော်ပြောဆိုရသည်။​

အနုပညာအရ ဖန်တီးတင်ဆက်ထားသော ဇာတ်လမ်းရုပ်ရှင်များသည် ပြည်သူလူထုကို စည်းရုံးသိမ်းသွင်းနိုင်သည်သာမက တော်လှန်ရေးအတွက် ရန်ပုံငွေလိုအပ်ချက်ကိုလည်း အထောက်အကူပေးနိုင်သည်။ အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် အနုပညာသမားများက ရောက်လေရာအရပ်မှနေ၍ တော်လှန်ရေးသီချင်းများ၊ မှတ်တမ်းရုပ်ရှင်များ၊ ဇာတ်လမ်းရုပ်ရှင်များ ဖန်တီးကြသည်။​

အခြား ပြည်သူပြည်သားများနည်းတူ အနုပညာရှင်များကိုလည်း အာဏာသိမ်းစစ်တပ်က မညှာမတာ ဖိနှိပ်သည်။ အတော်မသတ် ဖမ်းဆီးထောင်ချခြင်းများ၊ အိမ်နှင့် ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခြင်းများလည်း ရှိသည်။ ပြည်တွင်း၌ ကျန်ရှိနေခဲ့သော အနုပညာရှင်များ အနေအထိုင် သတိထားဆင်ခြင်ရသည်။

အာဏာသိမ်းပြီးစတွင် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအခါ ပုံမှန်အနုပညာအလုပ်များ ပြန်လုပ်နေကြရသည်။

မိုးခါရေဇာတ်လမ်းတို ရိုက်ကူးရခြင်း ရည်ရွယ်ချက်များတွင် တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ မေ့မေ့ပျောက်ပျောက် ဖြစ်လာသူများကို လှုပ်နှိုးရေးလည်း ပါဝင်သည်ဟု ဒါရိုက်တာကိုပေါက်က ဆိုသည်။​

အနုပညာရှင်များသည် ပြည်သူများကို လွှမ်းမိုးနိုင်၍ စံပြဖြစ်စေရန် သူက အာသီသရှိ၏။ 

ဇာတ်လမ်းတိုအမည်ကပင် အခက်အခဲကြုံလာတိုင်း အလွယ်လမ်းမလိုက်ဘဲ ယုံကြည်ချက်အတိုင်း ဆက်လျှောက်သူများကို ရည်ရွယ်ခြင်းဖြစ်သည်ဟု ကိုပေါက်က ဖွင့်ဆိုသည်။​

“ကျွန်တော်တို့ တင်ပြတဲ့ဇာတ်ကားတွေကြည့်ပြီး လိုက်ခံစားကြ၊ ဘဝပြောင်းသွားတာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့က ခံယူချက်တွေဝေဝါးပြီး ဟိုပြောင်းဒီပြောင်းဆို ဒီအနုပညာရှင်တွေကို ဘယ်လိုစံထားမှာလဲ” ဟုလည်း သူက ထောက်ပြသည်။

မန္တလေးတိုင်း ပျော်ဘွယ်မြို့တွင် ကြီးပြင်းခဲ့သူ ကိုပေါက်မှာ ၁၉၉၅ ခုနှစ်တွင် အနုပညာလောကကို စတင် ရောက်ရှိခဲ့သူဖြစ်သည်။ ဇာတ်ညွှန်းရေးဆရာအဖြစ် စတင်ခဲ့သော်လည်း ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၄၀၀ နီးပါးတွင် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ ဒါရိုက်တာအဖြစ် ဗီဒီယိုကားပေါင်း ၂၀၀ ကျော်နှင့် ရုပ်ရှင်ကားကြီးပေါင်း ၂၀ ကျော်ကိုလည်း ရိုက်ကူးခဲ့သည်။

အနာဂတ် မရေရာသော်လည်း အသက် ၅၀ အရွယ် တောထဲရောက် ရုပ်ရှင်ဒါရိုက်တာမှာ စစ်အာဏာရှင်တော်လှန်ရေးကိုသာ ရှေးရှုထားသည်။

“အဆုံးထိ တိုက်မှရမယ်ဆိုတဲ့စိတ်နဲ့ ရောက်လာတာ။ နောက်ကြောင်း ပြန်လှည့်လို့မှ မရတာ။ သူများတွေ လမ်းခုလတ်မှာရပ်လည်း သူတို့သမိုင်းပဲ” ဟု သူက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button