ဖေဖော်ဝါရီ ၃ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည့် ရုပ်ရှင်အကယ်ဒမီပေးပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်မည်ဖြစ်ပြီး အတင်းကျပ်ဆုံး လုံခြုံရေးအစီအမံများဖြင့် ကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေသည်။
စစ်ကောင်စီလက်အောက် ဒုတိယအကြိမ်မြောက်ကျင်းပသည့် အကယ်ဒမီပေးပွဲအတွက် ဆန်ကာတင်စာရင်းတွင် စစ်ခေါင်းဆောင်သမီး ထုတ်လုပ်သည့်ရုပ်ရှင်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ရက်စက်သူများအဖြစ် ပုံဖော်ထားသည့် စစ်တပ်ဝါဒဖြန့်ရုပ်ရှင် ‘စောင်နီလေးတစ်ထည်’ ရုပ်ရှင်ဇာတ်ကားတို့က ကြီးစိုးထားသည်။
ထိုအခမ်းအနားအတွက် အဓိက ပါဝင်ပတ်သက်သည့် အဖွဲ့မှာ အစဉ်အဆက် စစ်ဗိုလ်ချုပ်များနှင့် စီးပွားဖက်ဖြစ်သည့် Forever Group ဖြစ်သည်။
စစ်ခေါင်းဆောင်သမီး၏ ရုပ်ရှင်ဇာတ်ကားများကို ပွဲထုတ်မည့် အကယ်ဒမီပေးပွဲအတွက် အကယ်ဒမီရုပ်တုမှ ရွှေကြယ်နှင့် ဆုရသူများအတွက် ပေးမည့် ရွှေရင်ထိုးများအတွက် ကုန်ကျစရိတ်ကို တိုင်းပြည်ဘဏ္ဍာငွေထဲမှ ကျခံသုံးစွဲမည်ဟုလည်း စစ်ကောင်စီက ကြေညာထားသည်။
ဖေဖော်ဝါရီ ၁ ရက်မှ ၄ ရက်အထိ မည်သည့်ရိုက်ကူးရေးမျှ မပြုလုပ်ရန်လည်း စစ်ကောင်စီက အမိန့်ထုတ်ထားခြင်းမှာ ၎င်းတို့လက်အောက်တွင် ကျင်းပသည့်ပွဲကို လူစည်စေရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။
ဒရုန်းရန်ကြောင့် ပွဲနေရာပြောင်းခြင်း
ပြီးခဲ့သည့်နှစ်တွင် စစ်ကောင်စီက ၂ဝ၁၉ မှ ၂ဝ၂၂ အထိ ၃ နှစ်စာ အကယ်ဒမီပေးပွဲကို နေပြည်တော်မြို့တော်ခန်းမအနီးရှိ လေဟာပြင်ကဇာတ်ရုံ၌ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ လုံခြုံရေး ပိုစိတ်ချရမည့် နေရာကို ရွေးချယ်ထားသည်။
စစ်ခေါင်းဆောင်တက်မည့် အကယ်ဒမီပေးပွဲသည် နေပြည်တော်ရှိ MICC-1 ဟုခေါ်သည့် မိုးလုံလေလုံခန်းမတွင် ကျင်းပမည်ဖြစ်သည်သောကြောင့် ရှေ့တန်းစစ်မျက်နှာပြင်တွင် စစ်ကောင်စီတပ်များ ခါးခါးသီးသီးရင်ဆိုင်ခဲ့ရသည့် ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကဲ့သို့သော ဘေးရန်မှ အတိုင်းအတာတစ်ခုအထိ ကင်းလွတ်နိုင်မည် ဖြစ်သည်။
တက်ရောက်မည့်လူဦးရေကိုလည်း စစ်ကောင်စီဘက်က ကန့်သတ်ထားသည်။
ဖိတ်ကြားခံရသူများကလည်း ၎င်းတို့၏ ကိုယ်ရေးအချက်အလက်အသေးစိတ်ကို စစ်ကောင်စီထံ ပေးရမည်ဖြစ်သည်။
စစ်ခေါင်းဆောင်သမီး၏ရုပ်ရှင်များ
အကယ်ဒမီပေးပွဲက အာဏာသိမ်းဗိုလ်ချုပ်များလက်အောက် တိုင်းပြည်တည်ငြိမ်အေးချမ်းနေကြောင်း ဖော်ပြလိုသည့်အပြင် စစ်ခေါင်းဆောင်မိသားစု၏ စီးပွားရေးနှင့်လည်း ဆက်စပ်နေသည်။
အကယ်ဒမီဆု ဆန်ကာတင်စာရင်းဝင်ရုပ်ရှင် ၁၂ ကားတွင် စစ်ခေါင်းဆောင်သမီးပိုင် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့သည့် ဇာတ်ကား သုံးပုံတစ်ပုံ ပါဝင်သည်။ ‘အချိန်လွန်မိုး’၊ ‘စတုတ္ထမြောက်သွေးကြောမျှင်’၊ ‘တစ်ခါကရန်ကုန်မြို့ပြ’ နှင့် ‘ကံကောင်း’ စသည့် ဇာတ်ကားများ ဖြစ်သည်။
စစ်ခေါင်းဆောင်သမီး ဒေါ်ခင်သီရိသက်မွန်သည် 7th Sense အမည်ရ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကို ၂၀၁၇ တွင် တည်ထောင်ခဲ့ပြီး ဖခင်ဖြစ်သူ၏ ငွေကြေးနှင့် နိုင်ငံရေးသြဇာ အရှိန်အဝါကြောင့် အချိန်တိုအတွင်း အောင်မြင်မှုရလာခဲ့သည်။
အာဏာသိမ်းပြီးနောက် ဒေါ်ခင်သီရိသက်မွန်၏ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးကို စစ်ခေါင်းဆောင်မိသားစုပိုင် အခြားစီးပွားရေးလုပ်ငန်း ၅ ခုနှင့်အတူ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးကြောင်း ၂၀၂၁ မတ်လ ၁၀ ရက်နေ့ ကြေညာခဲ့သည်။
ထိုကြေညာချက်အပြီး 7th Sense က ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားများကို ထုတ်လုပ်ရေးလုပ်ငန်းအမည်ပြောင်းကာ ထုတ်လုပ်ခဲ့သည်။ V7 Entertainment, W Entertainment, M Entertainment Channel, မီးမီးမွှေး, SM Winner, ဆုံမှတ်, Hey Play အစရှိသည့် ထုတ်လုပ်ရေးအမည်သစ်များ သုံးစွဲနေသည်ဟု ပြည်ပသို့ ထွက်ခွာလာသည့် ရုပ်ရှင်လောကသား အချို့ထံမှ သိရသည်။
ဆန်ခါတင်ဇာတ်ကား ၄ ကားသည် 7th Sense က ရိုက်ကူးပြီး အမည်ပြောင်းထုတ်လုပ်ထားခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်က ရိုက်ကူးခဲ့သည့် ‘စတုတ္ထမြောက်သွေးကြောမျှင်’ ဇာတ်ကား၏ ရုပ်ရှင်ကန်တော့ပွဲတွင် 7th Sense အမည်ကို သုံးခဲ့သော်လည်း ရုံတင်ချိန်တွင် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို ‘ဆုံမှတ်’ ဟု အမည်ပြောင်းခဲ့သည်။ ထိုဇာတ်ကားကို 7th Sense ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ကိုဝေမင်းမောင် (ခ) ရွှေမန်းက Executive producer အဖြစ် တာဝန်ယူရိုက်ကူးခဲ့သည်။
အလားတူ ‘အချိန်လွန်မိုး’ ရုပ်ရှင်သည်လည်း ၂၀၁၉ ခုနှစ်အတွင်းက ‘ကျွန်တော့်ရဲ့ သူ‘ အမည်ဖြင့် စစ်ခေါင်းဆောင်သမီး၏ ထုတ်လုပ်ရေးက ရိုက်ကူးထားခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မှ ထုတ်လုပ်သူကို SM Winner Entertainment ဟု အစားထိုး၍ ရုံတင်ခဲ့သည်။
SM Winner Entertainment ကုမ္ပဏီသည် အမည်ပြောင်း ထိုဇာတ်ကား ရုံမတင်မီ ခြောက်လခန့်အလိုတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၂၀၂၃ မတ် ၁၀ တွင်မှ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်လိုက်သည်ကို တွေ့ရသည်။
၂၀၂၃ နိုဝင်ဘာတွင် ရုံတင်ပြသခဲ့သည့် ‘ကံကောင်း’ အမည်ရ ဇာတ်ကားမှာလည်း စစ်ခေါင်းဆောင်သမီးနှင့် ဆက်စပ်သူများ ထုတ်လုပ်သည့် ရုပ်ရှင်ဖြစ်သည်။
ထိုဇာတ်ကား၏ ဒါရိုက်တာ ဝင်းလွင်ထက်၊ ဇာတ်ညွှန်း မိုးနီလွင်တို့သည် 7th Sense ထုတ်လုပ်ရေးကုမ္ပဏီနှင့် အတူလက်တွဲလုပ်ကိုင်နေသူများဖြစ်သည်၊ ထိုကား၏ ဓာတ်ပုံပိုင်းတာဝန်ယူရိုက်ကူးသူ ရဲမင်းသူမှာလည်း Seventh Sense ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Hey Play မှ ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု People’s Spring သတင်းဌာနက ရေးသားထားသည်။