ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် တေးသီချင်း ဖြန့်ချိသည်ဆိုကာ အဆိုတော်နှင့် သရုပ်ဆောင်တို့ကို ထောင်ဒဏ် ၇ နှစ်ထိချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားသည်ဟု စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ (ဧပြီ ၅) တွင် ထုတ်ပြန်သည်။
“ဘီယာဗိုက်” အမည်ရ တေးသီချင်းဗီဒီယိုတွင် ပါဝင်သူ အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနှင့် အခြားသက်ဆိုင်သူများကို ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရွန်နစ်ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
အဆိုပါ သီချင်းတွင် ဘီယာကြိုက်တတ်သည့် ချစ်သူအမျိုးသား မိမိအပေါ် အချစ်မလျော့ပါက စိတ်ကြိုက်သောက်နိုင်ကြောင်း မေသူက သီဆိုထားသည်။
ထိုသီချင်းကို သရုပ်ဖော်ရိုက်ကူးရာတွင် ခုတင်ပေါ်တွင် မူးပြီး အန်နေသည့် ၁၀ စက္ကန့်ခန့်ကြာ သရုပ်ဖော်မှုသည် ကင်မရာရှုထောင့်အရ လိင်ပိုင်းဆိုင်ဇာတ်ဝင်ခန်းကဲ့သို့ ဖြစ်နေသည်ကို တွေ့ရသည်။ ထိုသီချင်းရုပ်သံကို အွန်လိုင်းလူမှုကွန်ရက်တွင် ပြီးခဲ့သည့် ၃ လခန့်က စတင်ထုတ်လွှင့်စဉ် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။
စစ်ကောင်စီ ထိုသို့ အမှုဖွင့်ထားသူတို့ကို ဖမ်းဆီးထားခြင်း ရှိမရှိ မသိရသေးပေ။
တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ပြသခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့ထံ တင်ပြပြီး စစ်ဆေးခွင့်ပြုချက်ရယူရမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဘာသာရေးနှင့် ယဉ်ကျေးမှုကို လက်နက်သဖွယ် အသုံးချခဲ့သော စစ်ဗိုလ်ချုပ်များသည် စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် အခြားနယ်ပယ်အားလုံးကို အစဉ်ဖိနှိပ်ခဲ့သည့်နည်းတူ တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက် ဆင်ဆာစနစ်ကို ပြန်လည်အသက်သွင်းလာသည်။
အာဏာသိမ်းပြီး ၃ နှစ်အတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည်ဟူသော စစ်ကောင်စီ သတ်မှတ်နိုင်ဖွယ်ရှိသည့် အလားတူသီချင်းများစွာ ပေါ်ထွက်ထားသည်။ ထိုသီချင်းများကို ထုတ်လုပ်ဖြန့်ချိသူများမှာ အာဏာသိမ်းစစ်တပ်နှင့် ပနံသင့်သူများဖြစ်သည်ကို တွေ့ရသည်။
စစ်တပ်ကို ဝါဒဖြန့်သီချင်းများသီဆိုပေးနေသူ အဆိုတော်ယုန်လေးသည်လည်း ဘီကီနီဝတ် မော်ဒယ်များကို လိင်အသားပေးရိုက်ကူးသည့် Heyy Girl ဟု အမည်ပေးထားသည့် သီချင်းတစ်ပုဒ် ယမန်နှစ် ဧပြီလက ထုတ်လွှင့်ခဲ့ဖူးသည်။
ထို့အတူ စစ်တပ်လော်ဘီ ဟာသသရုပ်ဆောင် ဒိန်းဒေါင်သည်လည်း လိင်အင်္ဂါများနှင့် ဆက်စပ်သည့် ပြက်လုံးထုတ်သူအဖြစ် ထင်ရှားသည်။ ထို့ပြင် လိင်ပိုင်းဆိုင်ရာ အပြောအဆိုများ ဖြေဆိုထားသည့် အင်တာဗျူးရုပ်သံများကိုလည်း ဖျော်ဖြေရေးမီဒီယာများက ဖော်ပြနေကြသည်။
ထိုသူများကို အရေးယူသည့်သတင်း ထွက်မလာသေးပေ။
စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် တေးသီချင်းဗီဒီယိုများ၌ နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများမပါဝင်ရန်နှင့် ကာမရာဂလှုံ့ဆော်မှုများ မပါဝင်ရန် ကန့်သတ်ထားသည်။ မလိုက်နာပါက အရေးယူမည်ဟု ဆိုသည်။
အခြားတစ်ဖက်တွင်မူ စစ်ကောင်စီထိန်းချုပ်ထားသည့် ရုပ်သံလိုင်းများတွင် “သက်ရှိစည်းရိုး” ကဲ့သို့သော ဝါဒဖြန့်ရုပ်ရှင်ကားများပြသကာ တိုင်းရင်းသားလူမျိုးစုများအပေါ် အမုန်းတရားဝါဒဖြန့်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းပြခြင်း စသည့် ပြကွက်များကို ပြသနေသည်။
စစ်ကောင်စီ ဝါဒဖြန့် အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများတွင်လည်း စစ်တပ်ဆန့်ကျင်သူများကို လိင်ပိုင်းဆိုင်ရာစော်ကားကြရန် အားပေး လှုံ့ဆော်နေသည်။ ထို့အတူ စစ်တပ်ဝါဒဖြန့်သမားတချို့ကလည်း တိုင်းရင်းသားလက်နက်ကိုင်များကို ချေမှုန်းရန် အားပေးအားမြှောက်ပြုသည့် ပြောဆိုချက်များ ထုတ်လွှင့်နေသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များကိုယ်တိုင်လည်း သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများကို နေ့စဉ် ကျူးလွန်နေသည်မှာ ၃ နှစ် ရှိပြီ ဖြစ်သည်။
ဆင်ဆာသမိုင်းအကျဉ်း
ရုပ်ရှင်၊ ဂီတနှင့် စာပေတို့ကို ကြပ်မတ်ရန်ဟုဆိုကာ ရုပ်ရှင်နယ်ပယ်အတွက် ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့ကိုလည်းကောင်း၊ စာနယ်ဇင်းနှင့် စာပေထုတ်ဝေရေးတို့အတွက် စာပေစိစစ်ရေးဌာနတို့ကို ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် စစ်အာဏာရှင် အဆက်ဆက်ထားရှိကာ ဆင်ဆာဖြတ်တောက်လေ့ရှိသည်။
အမျိုးသားဂီတအနုပညာရှင်များ ဆံပင်ရှည်ထားခွင့်မပြုသလို၊ ကဗျာအပါအဝင် ထုတ်ဝေမည့် စာပေအမျိုးမျိုးကိုလည်း ဆင်ဆာဖြတ်တောက်လေ့ရှိသည်။ ထင်ရှားသည့် သာဓကတစ်ခုမှာ ဝန်ကြီးချုပ်ဟောင်း ဦးနု ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ “တာတေစနေသား” စာအုပ်မှာ စစ်အစိုးရအဆက်ဆက်က ထုတ်ဝေခွင့်မပြုခဲ့ခြင်းပင်။ နှစ်ပေါင်း ၃၀ ကျော်ကြာပြီးမှသာ မြန်မာနိုင်ငံတွင်း ထုတ်ဝေခွင့်ရခဲ့သည်။
နအဖ ခေတ်ရုပ်ရှင်ဆင်ဆာဖြတ်တောက်မှု အခြေအနေကို မီးမောင်းထိုးပြထားပြီး ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် “အဲ့ဒီအခန်းဖြတ်” ရုပ်ရှင်ဇာတ်လမ်းတို ၂၀၁၂ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုဇာတ်လမ်းတိုတွင် ဆင်းရဲသားများအခန်း၊ မီးပြတ်သည့်အခန်းတို့ ပါဝင်ရာ ရုပ်ရှင်ဆင်ဆာအဖွဲ့အကြီးအကဲ ဗိုလ်မှူးဆိုသူက ထိုအခန်းများသည် နိုင်ငံကို သိက္ခာချနေသည်ဆိုကာ ငေါက်ငမ်း ဖြတ်တောက်ခိုင်းသည်ကို သရုပ်ဖော်တင်ဆက်ထားသည်။
ထို့အတူ ရုပ်ရှင်နယ်ပယ်တွင်လည်း ဆင်ဆာအကြောင်းပြကာ ရုင်ရှင်သရုပ်ဆောင် ကျော်သူ၊ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာတို့မှာ ရုပ်ရှင်ရိုက်ကူး သရုပ်ဆောင်ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံခဲ့ကြရသည်။
ထိုခေတ် ဆင်ဆာဖြတ် လက်စောင်းထက်ခဲ့သူမှာ ဗိုလ်မှူးချုပ်ဟောင်းနှင့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းဖြစ်သည်။
၂၀၁၀ အလွန်တွင် ရုပ်ရှင်ထုတ်လုပ်မှုများနှင့် စာနယ်ဇင်းတိုက်တို့ အထိုက်အလျောက် လွတ်လပ်ခွင့်ရလာပြီး သတင်းစာထုတ်ဝေခွင့်၊ နိုင်ငံရေးစာပေအမြောက်အမြား ပေါ်ထွက်လာခဲ့သည်။ ၂၀၂၀ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် သတင်းစာတိုက်နှင့် ရုပ်သံချန်နယ်များ၊ သတင်းဌာနများ ပိတ်ပင်ခံခဲ့ရသည်။
ထို့နောက် စာပေလွတ်လပ်ခွင့်ကိုလည်း တစ်ရစ်ချင်း တင်းကျပ်လာခဲ့ပြီး ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများကို ထုတ်ဝေခွင့်လိုင်စင်များ ပိတ်သိမ်းကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ပိတ်ပင်ခံထားရသည့် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းပေါင်း ၃၀ ခန့်ရှိလာပြီဖြစ်သည်။
ထုတ်ဝေခွင့် ပိတ်ပင်ခံရသည့်တိုက်များသည် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု ထုတ်ဝေခွင့် မရှိ၊ နည်းပညာတစ်ခုခုကိုအသုံးပြုကာ မည်သည့်စာပေအမျိုးအစားကိုမျှ ပုံနှိပ်ထုတ်ဝေခွင့်မပြုဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ကန့်သတ်ထားသည်။ ထို့အတူ ထုတ်ဝေသည့် စာအုပ်များကိုလည်း ပြန်ကြားရေးဝန်ကြီးဌာသို့ ပေးပို့ကြရန် သတင်းစာများမှတစ်ဆင့် အကြိမ်ကြိမ်သတိပေးနေသည်။
ယခုကာလ ဆင်ဆာဖြတ်တောက်မှုအတွက် အဓိကတာဝန်ရှိသူမှာ စစ်ဗိုလ်ဟောင်း ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း ဖြစ်လာသည်။ စစ်ဗိုလ်ဟောင်းလက်ထက်တွင် နာမည်ကြီးမော်ဒယ်များဖြစ်သည့် နန်းမွေစံ၊ သင်ဇာဝင့်ကျော်တို့မှာလည်း အီလက်ထရွန်နစ်ဥပဒေပါ ပုဒ်မ ၃၃ (က) ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်များ ချမှတ်ခံထားရသည်။