
စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်ကျေးရွာ စာသင်ကျောင်းမှ ကလေး ၁၁ ဦးနှင့် စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများ တစ်လနီးပါး ကြာသည်အထိ ပြန်လွတ်လာခြင်းမရှိသေးဟု သိရသည်။
စက်တင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီတပ်က ထို စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်ပြီး ကလေးငယ်များ ဆရာ၊ ဆရာမ ၅ ဦးနှင့် ဒေသခံ ၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
“မိဘတွေနဲ့ ကလေးတွေ အခုထိ အဆက်အသွယ်မရပါဘူး။ မိဘတွေအနေနဲ့ သူတို့ရဲ့ကလေးတွေ လက်ထိသွားတာလား၊ ခြေထောက်ထိသွားတာလား၊ ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းမှာ ထိသွားတာလဲဆိုတာ ဘာမှမသိရဘူး” ဟု အဆိုပါ စာသင်ကျောင်းမှ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးက Myanmar Now ကို ပြောသည်။
ကလေးများကို ရေဦးမြို့သို့ ဖမ်းခေါ်သွားသည်ဟုသာ သိရပြီး မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း အတိအကျ မသိရဟုလည်း အဆိုပါ ဆရာမက ပြောသည်။
“ကလေးတွေနဲ့ အတူပါသွားတဲ့ ဆရာမလေးတွေနဲ့ပဲ အဆက်အသွယ်ရတာ။ ကလေးတွေက သူတို့နဲ့ အတူရှိတာပဲ သိရတယ်။ ဆရာ၊ ဆရာမတွေကိုယ်တိုင်လည်း သူတို့ကို ပြန်ရက်ဘာညာ ဘာမှ မသတ်မှတ်ပေးထားဘူး” ဟု ပြောသည်။
ကလေးငယ်များ အုပ်ထိန်းသူနှင့် တွေ့ခွင့်မရခြင်းသည် အခွင့်အရေးချိုးဖောက်ခံရခြင်း ဖြစ်သည်၊ စစ်တပ်က ဖမ်းခေါ်သွားသည့် ကလေးများ၏ လုံခြုံရေးအတွက် ပူပန်နေရသည်ဟုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဆူဇန်နာလှလှစိုးက ပြောသည်။
“မိဘတွေနဲ့လည်း လုံးဝမတွေ့ရဘူးဆိုတော့ ကလေးတွေရဲ့ အခြေခံအခွင့်အရေးတွေကိုတော့ နားလည်လိုက်နာပေးစေချင်တယ်။ ဒါကို လိုက်နာဖို့ တိုက်တွန်းချင်တယ်။ အရေးကြီးတာတော့ ကလေးတွေရဲ့ လုံခြုံရေးက အဓိကပဲ။ ဖမ်းဆီးခံထားရတဲ့ကလေးတွေအကုန်လုံးကို အမြန်ဆုံး ပြန်လည်လွှတ်ပေးစေချင်တယ်” ဟု ပြောသည်။
အဖမ်းခံထားရသည့် ကလေးများမှာ အသက် ၇ နှစ်၊ ၉ နှစ်၊ ၁၂ နှစ်၊ ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ်များ ဖြစ်ကြသည်ဟုလည်း သိရသည်။
လေတပ်၊ ကြည်းတပ်က စာသင်ကျောင်းကို ပစ်ခတ်စီးနင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် ကလေးများမှာ ခြေထောက်နှင့် လက်များတွင် ပြတ်ရှဒဏ်ရာ ရရှိထားကြသူ ပါဝင်ကြောင်း မျက်မြင်တွေ့ရှိလိုက်ရသူ ဒေသခံတစ်ဦးက ပြောသည်။
“ခြေထောက်တွေဆို သွေးတွေရဲနေတဲ့ ကလေးတွေရောပဲ။ သေသွားတဲ့ ကလေးတွေရဲ့ ရုပ်အလောင်းတွေကို အိတ်တစ်အိတ်ထဲ အကုန်ထည့်၊ ဒဏ်ရာရထားတဲ့ ကလေးတွေကို အကုန်ခေါ်သွားတာ၊ ကလေးတွေမှာ အသံတောင် မထွက်ရဲကြဘူး” ဟု သူက ဆိုသည်။
စက်တင်ဘာ ၁၆ ပစ်ခတ်မှုတွင် ကလေး ၇ ဦးသေဆုံးခဲ့ပြီး မြေပြင်ထိုးစစ်ကြောင့် လူကြီး ၆ ဦး သေဆုံးခဲ့ရသည်။
သေဆုံးသွားသူများကိုလည်း မည်သို့ သင်္ဂြိုဟ်ခဲ့သည်ကို မသိရကြောင်းလည်း စေတနာ့ဝန်ထမ်း ဆရာမက ဆိုသည်။
“ကိုယ့်ကလေးတွေ ဒဏ်ရာရပြီး ပါသွားတာလည်း ဘယ်နေရာတွေ ဘယ်လိုဒဏ်ရာရမှန်းလည်း မသိရဘူး။ သေဆုံးသွားတဲ့ ကလေးတွေကျတော့လည်း ဘယ်လိုတွေမြှုပ်လိုက်လည်း မသိဘူး။ မိဘတွေရဲ့စိုးရိမ်မှု ဘယ်လောက်အတိုင်းအဆလဲ မှန်းလို့ရပါတယ်” ဟု ပြောသည်။
စစ်ကောင်စီကမူ အဆိုပါ စာသင်ကျောင်းတွင် ဒေသကာကွယ်ရေးအဖွဲ့များ ရှိနေခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ပြီးခဲ့သည့်လ သတင်းရှင်းလင်းပွဲတွင် ကာကွယ်ပြောဆိုသည်။
ထို့အပြင် ဒဏ်ရာရ ကလေးငယ်များကို ရေဦးမြို့တွင် ဆေးကုသပေးနေကြောင်းလည်း ဆိုသည်။
စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သူများထဲတွင် အသက် ၁၈ နှစ်အောက် အရေအတွက် ၂၂၀ ပါဝင်သည်၊ ၄၆၁ ဦးကို ဖမ်းဆီးထိမ်းသိမ်းထားသည်ဟု NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ စုဆောင်းထားသည့် မှတ်တမ်းဖြစ်ပြီး ဆက်သွယ် စုံစမ်း မှတ်တမ်းတင်ရန် ခက်ခဲနေသော ကာလဖြစ်သောကြောင့် သတ်ဖြတ်၊ ဖမ်းဆီးခံရသူ အရေအတွက်မှာ ထိုထက်မက များပြားဖွယ် ရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)