
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့နယ်မြေ တောင်ပြိုလက်ဝဲမြို့အနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
တောင်ပြိုမြို့အရှေ့ဘက် တစ်မိုင်ခွဲခန့်အကွာ ကွမ်းသီးပင်ကျေးရွာပျက်အနီးတွင် ယနေ့ (စက်တင်ဘာ ၂၂ ရက်) နံနက်ပိုင်း ၁၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ကြီး၊ လက်နက်ငယ် အသံတွေကို အဆက်မပြတ်ကြားနေရတာ။ နေ့လယ် ၁ နာရီခွဲလောက်မှာတော့ သေနတ်သံ၊ လက်နက်ကြီးသံတွေ တိတ်သွားတယ်” ဟု သူက ပြောသည်။
ကွမ်းသီးပင်ကျေးရွာသည် အိမ်ခြေ ၁,၀၀၀ ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ခဲ့ပြီး ထိုဒေသခံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံနေကြသည်။
တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးကို Myanmar Now က အတည်မပြုနိုင်သေးပါ၊ ထို့အပြင် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းသော်လည်း အတည်မပြုနိုင်သေးဟု ဆိုသည်။
မြန်မာဘက်ခြမ်း တောင်ပြိုလက်ဝဲ နယ်မြေ (၃) အပိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လက်ကြီးပစ်ခတ်သံများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွင် နေထိုင်သူများလည်း ကြားလိုက်ရသည်ဟု ဒုက္ခသည်တစ်ဦးကလည်း ပြောသည်။
“နယ်မြေ (၃) တောင်ပြိုလက်ဝဲဘက်က လက်နက်ကြီး ပစ်သံတွေကို ကြားလိုက်ရတယ်။ လူတွေကတော့ တိုက်ပွဲဖြစ်ကြတယ်လို့ ပြောတယ်” ဟု သူက ဆိုသည်။
မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတစ်လျှောက် စက်တင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လေယာဉ်အသုံးပြု တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လက်နက်ကြီးကျည်ဆံများ ကျရောက်ပေါက်ကွဲခဲ့သည်။
“ဒီနေ့ ဖြစ်တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်က လေယာဉ်အသုံးပြုတာ မတွေ့ရဘူး။ တောင်ပြိုလက်ဝဲ အနီးမှာဖြစ်တာဆိုတော့ ဘင်္ဂလားနဲ့ တော်တော် နီးနီးကပ်ကပ်ရှိနေတာလေ။ အဲဒါကြောင့် လေယာဉ်မသုံးတာလည်းဖြစ်မယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စက်တင်ဘာ ၁၉ တွင် မောင်တောဘက်မှ ရေလမ်းကြောင်းအတိုင်း တောင်ပြိုဘက်သို့ လက်နက်၊ ရိက္ခာနှင့် စစ်သားများတင်ဆောင်လာသည့် မော်တော်နှစ်စီးကို မဲဒီကျေးရွာအနီး ချောင်းအတွင်း AA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သေးသည်။
စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်နယ်မြို့နယ် ၆ ခုတွင် လူသားချင်းစာနာမှုအကူအညီများ ရပ်ဆိုင်းထားရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA) က ထုတ်ပြန်ထားသည်။
ထောက်ပံ့ကူညီမှုများကို လုံခြုံရေးအကြောင်းပြကာ တားမြစ်ထားသည့်မြို့နယ်များမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့ဖြစ်သည်။ UNOCHA ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား တိုက်ပွဲများကြောင့် လုံခြုံရေးအခြေအနေ အကဲဆတ်နေသည်ဟု ပါရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)