သတင်း

တန့်ဆည်တွင် တိုက်ပွဲဖြစ်၊ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းအလယ်ပိုင်း တန့်ဆည်မြို့နယ်၊ ဂွေးကုန်းကျေးရွာကို ဝင်ရောက်မီးရှို့နေသည့် စစ်သားများကို ဒေသတွင်း ခုခံသူများက ယမန်နေ့ (စက်တင်ဘာ၂၀) ညနေပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက် အကျအဆုံးရှိကြောင်း မြေပြင်သတင်းရင်းမြစ်များအရ သိရသည်။

အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကြောင်းက ယမန်နေ့က ဂွေးကုန်းကျေးရွာအတွင်း ဝင်ရောက်လာရာ ဒေသခံအဖွဲ့များနှင့် တစ်နာရီနီးပါးခန့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တန့်ဆည်တပ်ရင်းနှင့် ကျေးရွာလုံခြုံရေးအဖွဲ့များပါသည့် ပူးပေါင်းတပ်သည် မွန်းလွဲ ၃ နာရီခွဲမှ စတင်တိုက်ခိုက်ခဲ့ပြီး ပြန်ဆုတ်ချိန်တွင် ကျေးရွာလုံခြုံရေးအဖွဲ့ဝင် ၆ ဦး ပိတ်မိကျန်နေခဲ့သည်၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒဏ်ရာရသွားကြသည်ဟု သိရသည်။

“လက်နက်ကြီးနဲ့ လှမ်းပစ်တော့ သူတို့နေရာကို တိုက်ရိုက်ထိတာပေါ့ဗျာ။ နှစ်ယောက်ကတော့ ဒဏ်ရာမရဘူး။ ၄ ယောက်ကတော့ ဒဏ်ရာပြင်းထန်သွားတာ” ဟု ကျေးရွာလုံခြုံရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကြောင်းက ရွာအတွင်း တပ်စွဲလိုက်သဖြင့် ပိတ်မိကျန်ခဲ့သည့် ၆ ဦးကို ပြန်သွားကယ်ရန် အခွင့်မသာ ဖြစ်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

သို့သော် ပိတ်မိကျန်ခဲ့သူများအနက်မှ ၄ ဦးသည် ညပိုင်းအချိန်တွင် ထွက်ပြေးလာနိုင်ကြောင်း၊ ခြေထောက် ပြတ်ခဲ့သည့် တစ်ဦးက ပုန်းအောင်းနိုင်ခဲ့ပြီး တစ်ဦးမှာ တိုက်ပွဲကျသွားကြောင်း တန့်ဆည် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“မထိတဲ့နှစ်ယောက်က သယ်နိုင်တဲ့ နှစ်ယောက် သယ်ခဲ့တာပေါ့။ အဲဒီမှာ နှစ်ယောက်ကျန်ခဲ့တာ၊ တစ်ယောက်ကတော့ လုံးဝကျသွားတာ။ တစ်ယောက်က‌တော့ ပေါင်ပြတ်ပြီး ပုန်းနေခဲ့တယ်။ ဒီနေ့ မနက် ရှင်းလင်းရေးဝင်တော့ ကယ်ထုတ်နိုင်ခဲ့တယ်” ဟု တန့်ဆည် PDF တာဝန်ရှိသူက ပြောသည်။

ရွာအတွင်း တပ်စွဲနေစဉ် နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့သည့် ထိုစစ်ကြောင်းက ယနေ့ (စက်တင်ဘာ ၂၁)  နံနက် ၈ နာရီခန့်တွင် ပြန်ထွက်ခွာသွားပြီး အနီးရှိ နဘတ်ငယ်ကျေးရွာသို့ ဝင်ရောက်မီးရှို့နေကြောင်း သိရသည်။

ယခုလအတွင်း တန့်ဆည်မြို့နယ်မြောက်ခြမ်းကို လှည့်လှည်စီးနင်းနေသည့် စစ်ကြောင်းနှစ်ခုတွင် စစ်သားနှင့် ပျူစောထီး စုစုပေါင်း အင်အား ၁၈၀ ခန့်အထိ ရှိသည်။ ပျူစောထီးဆိုသည်မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဖြစ်သည်။

ဂွေးကုန်းကျေးရွာကို မီးရှို့ခဲ့သည့် ထိုစစ်ကြောင်းသည် စက်တင်ဘာ ၁၆ ကလည်း ထိုရွာမှ ၂ မိုင်ခန့်အကွာတွင်ရှိသော အုတ်ဖိုအိုင်ရွာကို ဝင်ရောက်စီးနင်းခဲ့သည်၊ ကင်းစောင့်နေသည့် ရွာလုံခြုံရေးအဖွဲ့ဝင် ၆ ဦးနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး ကို ဖမ်းဆီးသတ်ဖြတ်မီးရှို့ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က တန့်ဆည်မြို့နယ် ဘောလုံးကွင်းတွင် တပ်မ ၃၃ လက်အောက်ခံ စစ်သားများကို ရဟတ်ယာဉ်ဖြင့် လာချသွားပြီးနောက် ထိုစစ်ကြောင်းသည် တန့်ဆည်မြို့တောင်ဘက်ခြမ်း ခပေါင်းကြိုင်နှင့် ကုန်းရိုး(အရှေ့) ရွာကို စစ်ကြောင်းထိုးခဲ့သည်။

ထို့နောက် စက်တင်ဘာ ၁၅ မှ စတင်၍ တန့်ဆည်မြို့ မြောက်ပိုင်းရွာများကို စစ်ကြောင်းထိုးလာပြီး ချောင်းဆုံ၊ ဖလံချိုင်ရွာတို့မှတဆင့် အုတ်ဖိုအိုင်ရွာကို စက်တင်ဘာ ၁၆ ၌ စစ်ကြောင်း ရောက်ရှိလာခြင်းဖြစ်သည်။

တန့်ဆည်မြို့နယ် မြောက်ပိုင်းကို စစ်ကြောင်း ဝင်ရောက်လာကတည်းက အုတ်ဖိုအိုင်ရွာ အပါအဝင် နဘက်ကြီး၊ ဖလံချိုင်၊ နှောကုန်း၊ အောင်ချမ်းသာစသည့် ကျေးရွာများမှ ရာနှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေသည့် စစ်ကောင်စီတပ်က မီးရှို့မှုများမှာ ၎င်းတို့၏လက်ချက်မဟုတ်ကြောင်း၊ ၎င်းတို့က ပြည်သူလူထုကို အကာအကွယ်ပေးနေကြောင်း ပြောဆိုလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button