သတင်း

တန့်ဆည်တွင် စစ်တပ်က ဒေသခံ ၁၀ ဦးကို သတ်ဖြတ်ကာ မီးရှို့ထားခဲ့  

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယမန်နေ့ (စက်တင်ဘာ ၁၆) တွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး အပါအဝင် ၁၀ ဦးကို သတ်ဖြတ်ကာ မီးရှို့ သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

တန့်ဆည်မြို့မြောက်ဘက် ၅ မိုင်ခန့်အကွာ အုတ်ဖိုအိုင်ရွာကို ယမန်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် ရောက်ရှိလာသည့် စစ်တပ်က ကင်းစောင့်နေသည့် ရွာလုံခြုံရေးအဖွဲ့ဝင် ၆ ဦးနှင့် ဒေသခံကာကွယ်ရေး အဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ 

“အုတ်ဖိုအိုင်မှာ ကင်းစောင့်နေတုန်းမှာ …..တွေ တက်ခဲ့တာကို မသိလိုက်တာ။ မနက်ခင်း အစောပိုင်း ၅ နာရီလောက်ကတည်းက ရွာခြေကို ကပ်နေတယ်ထင်တာပဲ။ အဲ့ဒီမှာ ကင်းသမားတွေ ပိတ်မိသလိုဖြစ် ပြီးတော့ တစ်ခါတည်း အရှင်းခံရသလိုဖြစ်တယ်။….ရွာခံပျူ ပါလောက်တယ်။ အဲဒါကြောင့်လည်း ဒီကောင်တွေ လမ်းကျွမ်းတာနေမှာ” ဟု တန့်ဆည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

နေအိမ် ၄ လုံးလည်း မီးရှို့ဖျက်ဆီးခံရကာ ညနေဘက် စစ်ကြောင်း ပြန်ထွက်သွားချိန်တွင် ဒေသခံ ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်ကြည့်ရှုရာ ရွာအတွင်း မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်း များကို တွေ့ရှိခဲ့သည်။

“ရဲဘော်တွေ ရုပ်အလောင်းတွေကို မီးရှို့ထားတာ။ အသားကို ကင်ထားသလိုဖြစ်နေတာ။ အရိုးတွေ၊ ခေါင်းရိုးတွေဆို ပေါ်နေတော့တာ။ သတ်ပြီးတော့ မီးရှို့ထားတာ။ တလင်းပြင်မှာ ကုတင်ဆွဲထုတ်ပြီးတော့ ကုတင်ပေါ်မှာ ရှို့ထားခဲ့တာ။

“စတွေ့တာက ၄ လောင်း အရင်တွေ့တာ။ နောက်ထပ် ၆ လောင်း တွေ့တာ။ ရွာကကျဉ်းကျဉ်းလေး ရွာငယ်ဆိုတော့ တစ်နေရာနဲ့ တစ်နေရာကမဝေးဘူး” ဟု အထက်ပါ တန့်ဆည်မြို့နယ်ပကဖ တာဝန်ရှိသူက ပြောသည်။ 

သတ်ဖြတ်ခံရသည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးမှာ အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်ပြီး ယမန်နေ့ ညနေ၌ပင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုအိုင်ရွာကို စီးနင်းစဉ် အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားပြီး PDF ၇ ဦးကို လက်နက်ခဲယမ်းများနှင့် အသေဖမ်းမိကြောင်း စစ်ကောင်စီက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က တန့်ဆည်မြို့နယ် ဘောလုံးကွင်းတွင် တပ်မ ၃၃ လက်အောက်ခံ အင်အား ၆၀ ခန့်ကို ရဟတ်ယာဉ်ဖြင့် လာရောက်ချထားခဲ့ပြီး ထိုစစ်ကြောင်းသည် တန့်ဆည်မြို့တောင် ဘက်ခြမ်း ခပေါင်း ကြိုင်နှင့် ကုန်းရိုး(အရှေ့)ရွာကို စစ်ကြောင်းထိုးခဲ့သည်။

ထို့နောက် စက်တင်ဘာ ၁၅ မှ စတင်၍ တန့်ဆည်မြို့ မြောက်ပိုင်းရွာများကို စစ်ကြောင်းထိုးလာပြီး ချောင်းဆုံ၊ ဖလံချိုင်ရွာတို့မှတဆင့် အုတ်ဖိုအိုင်ရွာကို စစ်ကြောင်း ရောက်ရှိလာခြင်းဖြစ်သည်။

အုတ်ဖိုအိုင်ရွာမှ ယမန်နေ့ ညနေပိုင်းက ပြန်ထွက်သွားသည့် စစ်တပ်သည် အင်ကုက္ကားရွာတွင် ညအိပ်တပ်စွဲပြီး နောက် ယနေ့ (စက်တင်ဘာ ၁၇) နံနက်က ချောင်းဆုံ (တောင်)ရွာကို ဦးတည် ထွက်ခွာသွားသည်။

အောင်ချမ်းသာရွာအနီး ဒေသခံကာကွယ်ရေးအဖွဲ့များက စစ်ကြောင်းကို ပဒေသာမိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု အထက်ပါတာဝန်ခံက ပြောသည်။

ယခင်က တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီဘက်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး လေ့ရှိ သော်လည်း ယခုအကြိမ်စစ်ကြောင်းတွင် အင်အားလျှော့ချသည့်နည်းတူ ဗျူဟာပြောင်းလဲ အသုံးပြုနေသည်ဟု ကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။

“အင်အား နည်းနည်းနဲ့ ကျစ်ကျစ်လျစ်လျစ်သိုသိုသိပ်သိပ်နဲ့ ထိုးမယ်ပေါ့။ မြောက်ဘက်ကို ထွက်မယ် ဆိုရင် တခြားဘက်ကို ထွက်မယ့်အရိပ်အယောင်ပြပြီးတော့ သူတို့ထွက်ချင်တဲ့ နေရာကို မရရအောင် ထွက်တာ။ ကျွန်တော်တို့ မြင်အောင်ပြပြီးတော့ သူတို့သွားချင်တဲ့ နေရာကို သိုသိုသိပ်သိပ်လေး သွားတယ်” 

“အရင်ကလို တစ်ရက်တစ်ရက် ရွာတွေအများကြီးမထိုးဘဲ နဲ့ သူတို့ သွားချင်တဲ့ နေရာလေးကို တစ်ရက်ချင်း တစ်ရက်ချင်းနဲ့သွားနေတာ” ဟု အထက်ပါ တာဝန်ခံက ပြောသည်။ 

တန့်ဆည်မြို့နယ် မြောက်ပိုင်းကို စစ်ကြောင်း စတင်ထွက်လာသည့် လွန်ခဲ့သည့်ရက်ပိုင်းတည်းက အုတ်ဖိုအိုင်ရွာ အပါအဝင် နဘက်ကြီး၊ ဖလံချိုင်၊ နှောကုန်း၊ အောင်ချမ်းသာစသည့် ကျေးရွာများမှ  ရာနှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

“နွားတွေကအစ လှည်းနဲ့ အကုန်ရှောင်ရတာ။ သူတို့ လာရင်ပြေးရတာပဲ။ သူတို့ သတ်ရင် တော့ ခံရတာပဲ။ အင်အားလည်း မမျှတော့ သူတို့ပြုသမျှ နုရသလိုဖြစ်နေတာပေါ့” ဟု တန့်ဆည်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နေသည့် တန့်ဆည်မြို့နယ် ကျေးရွာများကို စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button