အာဆီယံနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ခြင်း ကင်းမဲ့နေသည့် မြန်မာစစ်တပ်ခေါင်းဆောင်များကို အလွန် စိတ်ပျက်မိကြောင်း စစ်ကာပူနှင့် ဖိလစ်ပိုင်တို့၏ ယမန်နေ့ (စက်တင် ဘာ ၇) ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ဖိလစ်ပိုင်သမ္မတသစ်ဖြစ်လာသူ ဖာဒီနန်မားကို့စ်ဂျူနီယာသည် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံပြီးနောက် စင်ကာပူသို့ ရောက်လာစဉ် ထိုနှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို ထပ်လောင်းအတည်ပြုကြောင်းနှင့် မြန်မာနိုင်ငံတွင် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်ပျက်ပြားစေနိုင်သော အပြုအမူများ မပြုလုပ်ရန်လည်း ၎င်းတို့နှစ်နိုင်ငံက တောင်းဆိုသည်။
ထို့ပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို နိုင်ငံတွင်း အပြည့်အဝ ဝင်ရောက်ခွင့်ပြုရန်၊ သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရန်လည်း တောင်းဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရမှသာ မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် သွားရောက်မည်ဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ်ဖြစ်သူ နိုလင်းဟေဇာက ယခုလ ၅ ရက်က စင်ကာပူရှိ ISEAS အင်စတီကျုတွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။
နိုလင်းဟေဇာအနေဖြင့် ကုလအထူးသံအဖြစ် ပြီးခဲ့သည့်လလယ်ပိုင်းက နေပြည်တော်သို့ ပထမဆုံးအကြိမ်သွားရောက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့ဘဲ စစ်ကောင်စီ တာဝန်ရှိသူအချို့နှင့်သာ တွေ့ခဲ့ရသည်။
ထိုခရီးစဉ်နှင့် ပတ်သက်၍ ရလဒ်အနေဖြင့် မဆိုသလောက်သာ ထွက်ပေါ်ခဲ့သည်ဟု ၎င်းက ဝန်ခံထားပြီး “နည်းနည်းလေးဖြစ်ဖြစ် ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မဆုတောင်းနေပါတယ်” ဟု ISEAS ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောဆိုသည်။
မြန်မာပြည်သူလူထု ခံစားနေရသည့် ဒုက္ခများ လျော့ပါးသက်သာစေရန်အလို့ငှာ နေပြည်တော်သို့ သွားရောက်ခြင်းဖြစ်ပြီး မည်သို့သော တရားဝင်မှုကိုမျှ ပေးအပ်ခြင်း မဟုတ်ကြောင်း ကုလအထူးကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီက စာမျက်နှာ ၂၈ မျက်နှာပါ ကြေညာချက်ဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် ၎င်းတို့ကို အသိအမှတ်ပြုမှသာ တွေ့ဆုံဆွေးနွေးရေးနှင့် အခြားသော လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်မည့်သဘောလည်း စစ်ကောင်စီက ဖော်ပြခဲ့သည်။
ကုလအထူးကိုယ်စားလှယ်နည်းတူ အာဆီယံအထူးသံဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးသည်လည်း နေပြည်တော်သို့ နှစ်ကြိမ်တိုင် သွားရောက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမြန်ဆုံး ကြားဝင်ဆောင်ရွက်လိုအပ်ပြီး မြန်မာ့အရေးသည် ဒေသတွင်း၌ အလုံးစုံကပ်ဘေးအသွင် ဖြစ်ပေါ်လာနိုင်ကြောင်းလည်း နိုလင်းဟေဇာက သတိပေးထားသည်။
အာဆီယံအနေဖြင့် မြန်မာ့အရေးကို ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်ရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ယခုရက်ပိုင်းအတွင်း တောင်းဆိုထားသည်။
“အာဆီယံအတွင်းရေးမှူးချုပ်အနေနဲ့ အချိန်ပြည့်ဆောင်ရွက်နိုင်တဲ့ အဖွဲ့ရှိရပါမယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ အစည်းအဝေးတွေကြားမှာပဲ လူတွေအသတ်ခံနေရလိမ့်မယ်။ ကျွန်တော်တို့ တားဆီးရမယ်”
လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် နိုဝင်ဘာလထိပ်သီးအစည်းအဝေးအမီ မြန်မာ့ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေကို အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။ ထိုအစည်းအဝေးတွင် မြန်မာ့အရေး ဆုံးဖြတ်ချက်သစ် ချမှတ်ဖွယ်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)