အတွေးအမြင်

လူသတ်လက်ကို သွားကိုင်ခဲ့ရာ … သွေးစွန်းရုံမှတစ်ပါး အခြားမရှိပြီ

နိုင်ငံတကာအသိုက်အဝန်း၏ ဖယ်ကြဉ်ခြင်းခံထားရသော မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရွှေရောင်အနားကွပ် အစိမ်းရောင်ထဘီ ဝတ်ဆင်ထားသော စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာတို့ လက်ဆွဲ နှုတ်ဆက်ရင်း လှိုက်လှိုက်လှဲလှဲ ပြုံးနေသည့် ပုံရိပ်တစ်ခုကို ကမ္ဘာကြီးက မြင်တွေ့ခွင့်ရခဲ့သည်။ 

သို့သော် တဒင်္ဂအပြုံးများ နောက်ကွယ်တွင် ဂယက်လှိုင်းများ ထ၍ ကျန်ရစ်ခဲ့သည်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်ကို စတင်ရယူချိန်ကစ၍ မင်းအောင်လှိုင်နှင့် တွေ့ဆုံခွင့်ရရှိရေး ဟေဇာ ကြိုးပမ်းနေခဲ့ပြီး၊ ဩဂုတ် ၁၆ ရက်နေ့တွင် နေပြည်တော်ကို ဆိုင်းမဆင့် ဗုံမဆင့် ရောက်ရှိသွားခဲ့သည်။ 

စစ်တပ်၏ အာဏာသိမ်းမှုကို “အစိမ်း” နှင့် “အနီ” တို့၏ အာဏာပဋိပက္ခအဖြစ် ပုံဖော်မှုများဖြင့် ပြည်သူတို့၏ ဆန္ဒအမှန်ကို ဖုံးကွယ်ရန် ကြိုးစားနေသော နိုင်ငံ၏ အရေးကို ကြားဝင်ဖြေရှင်းရန် ကြိုးပမ်းသူ၏ ဝတ်စားဆင်ယင်မှုက အရောင်နိုင်ငံရေး (Color Politics) ကို ဂရုမထားခြင်းလား၊ တမင် အရောင်တိမ်းညွှတ်မှုဖြင့် ဆွဲဆောင်ခြင်းလား မေးခွန်းထုတ်ချင်စရာ ဖြစ်ခဲ့သည်။ 

နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိပါ။

ယခုနှစ် ဇန်နဝါရီလကုန်ပိုင်း စင်္ကာပူအခြေစိုက် Channel News Asia နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဟေဇာ ပြောခဲ့ဖူးသည့် စစ်တပ်အပေါ် သူ၏အမြင်သဘောထားကို မေ့ကြဦးမည်မဟုတ်ပေ။ 

“မြန်မာ့အကြပ်အတည်းကို ဖြေရှင်းမယ့် ဆွေးနွေးပြောဆိုမှု အားလုံးတိုင်းမှာ စစ်တပ် ပါကို ပါရမယ်။ လက်ရှိအချိန်မှာ စစ်တပ်က ထိန်းချုပ်ထားတာပါ၊ ရေရှည်မှာ အာဏာခွဲဝေရေး ဘယ်လို ပုံသဏ္ဌာန် ဖြစ်သင့်သလဲဆိုတာ ညှိနှိုင်းဖို့ လိုအပ်ပါတယ်” ဟု ပြောဖူးသော နိုလင်ဟေဇာကို သရုပ်ခွဲဆန်းစစ် လေ့လာခဲ့ဖူးသည်။

ဟေဇာသည် သူ၏ မဆင်မခြင်ပြောဆိုမှုအတွက် မြန်မာပြည်သူများ၏ အမျက်ဒေါသကို တပွေ့တပိုက်ကြီး ရရှိခဲ့သူ ဖြစ်သည်။ ထို့စဉ်ကတည်းက ဟေဇာ၏ ခြေလှမ်းများကို မြန်မာပြည်သူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာနိုင်ငံရေးကို အလေးထားသူတိုင်း မျက်ခြည်မပျက် စောင့်ကြည့်နေခဲ့ကြသည်။

အချိန်ရွေးချယ်မှု မှားသော ဟေဇာ၏ နေပြည်တော်ခရီးစဉ်

ဟေဇာသည် နေပြည်တော်ခရီးစဉ်ကို ကြိုတင်ကြေညာခြင်း မပြုဘဲ ခရီးစဥ်စတင်သည့် ဩဂုတ်   ၁၆ ရက်နေ့မှ ၎င်း၏အထူးကိုယ်စားလှယ်ရုံးက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုခရီးစဥ်မျိုးက နှစ်ဖက် အချိန်ယူ ပြင်ဆင်ရခြင်းမျိုး ဖြစ်သည်။

၎င်း၏ခရီးစဥ်များကို ကြိုတင်ကြေညာလေ့ရှိသော အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn ကဲ့သို့ အနိမ့်ဆုံး ပွင့်လင်းမြင်သာမှုမျိုးပင် ဟေဇာတွင် မရှိကြောင်း တွေ့ရသည်။    

နေပြည်တော်ကို ဟေဇာ မရောက်မီ တစ်ရက်အလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ကောင်စီက နောက်ထပ် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး၊ သူ ရောက်သည့်နေမှာပင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်အတွင်းရှိ ရင်ပေါင်တိုင်ရွာအပါအဝင် ကျေးရွာများကို စစ်တပ်က လှည့်ပတ်မီးရှို့လျက်ရှိသည်။ ၎င်းဖြစ်ရပ်များသည် တိုက်ဆိုင်မှု မဟုတ်ပါ။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ဖိတ်ခေါ်ပြီး မင်းအောင်လှိုင်က အကြမ်းဖက်မှုများနှင့် အရသာခံ ဧည့်ဝတ်ပြုခဲ့ခြင်း ဖြစ်သည်။  

ဟေဇာ၏ ခရီးစဉ်အပေါ် NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကြေညာချက် ချက်ချင်း ထုတ်ပြန်ပြီး အထူးကိုယ်စားလှယ်အနေဖြင့် စစ်ရာဇဝတ်ကောင်ကို မျက်နှာချိုသွေးသော အပြုအမူမျိုး မလုပ်ဖို့ သတိပေးခဲ့သည်။   

နေပြည်တော် စစ်ခေါင်းဆောင်များနှင့် တွေ့ရသော ကုလအထူးကိုယ်စားလှယ်

သွေးစွန်းလက်ကို ဆွဲကိုင်ခဲ့သော ဟေဇာ        

မင်းအောင်လှိုင်နှင့် တွေ့ဆုံပွဲရလဒ်အပေါ် ဟေဇာ၏ ထုတ်ပြန်ချက်ကို မြန်မာအရေး စိတ်ဝင်စားသူ အားလုံးက စောင့်မျှော်နေခဲ့ကြသည်။  မင်းအောင်လှိုင်ကို လက်ဆွဲနှုတ်ဆက်ချိန် ဟေဇာ၏ စိတ်ခံစားမှု မည်သို့ရှိနေမလဲဟု မှန်းဆသူများပင် ရှိခဲ့သည်။ 

“လူသတ်မှူးချုပ် [Murder-in-Chief] မင်းအောင်လှိုင်ကို တွေ့ဆုံပြီး သူ့ရဲ့ သွေးစွန်းလက်ကို ကိုင်ပြီးနှုတ်ဆက်ရတာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အတွက် ဘယ်လောက် အော်ဂလီဆန်ပြီး ရွံရှာစရာ ကောင်းလိမ့်မလဲ တွေးကြည့်လို့ ရနိုင်ပါတယ်” ဟု ပြောလာသူက မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (Special Advisory Council – Myanmar) ကို တည်ထောင်ရာတွင် ပါဝင်သည့် Chris Sitodi ဖြစ်သည်။ 

“မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့က အထူးကိုယ်စားလှယ်တာဝန်အရ မဖြစ်မနေဆောင်ရွက်ရပေမယ့် အဲ့ဒီ တွေ့ဆုံမှုကနေ ဘာရလဒ်မှ ထွက်မလာဘူးဆိုတာ ရှင်းပါတယ်” ဟု ဟေဇာ၏ ရလဒ်ကောင်း ကင်းမဲ့သော တွေ့ဆုံမှုကို Chris Sitodi က SAC-M ၏ ဩဂုတ်လ ၁၉ ရက်နေ့ ကြေညာချက်တွင် ထောက်ပြဝေဖန် ထားပါသည်။   

ဩစတေးလျနိုင်ငံသား Chris Sitodi သည် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းရှိမရှိ အချက်အလက်ရှာဖွေရန် ဖွဲ့စည်းခဲ့သော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင် (UN Independent International Fact-Finding Mission) အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးပညာရှင်တစ်ဦးလည်း ဖြစ်သည်။ 

ဟေဇာလှည့်ကွက် နှင့် မင်းအောင်လှိုင်အမျက်

မင်းအောင်လှိုင်ကို တွေ့ဆုံသူတိုင်း မဖြစ်မနေ ရင်ဆိုင်ရမည့်အချက်က ၎င်းကို မြန်မာနိုင်ငံ၏ တရား ဝင် အစိုးရအကြီးအကဲအဖြစ် အသိအမှတ်ပြု တွေ့ဆုံခြင်း ဟုတ်၊ မဟုတ် ပြဿနာကို ဖြေရှင်းရခြင်း ဖြစ်သည်။ 

ထို့ကြောင့် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးအပြီး အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ ဩဂုတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် “ကုသလမဂ္ဂ၏ ထိတွေ့ဆက်ဆံမှုသည် မည်သည့်နည်းနှင့်မျှ တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း” ဖော်ပြခဲ့သည်။

တရားဝင်မှုကို အာသာငမ်းငမ်း လိုအပ်နေသော မင်းအောင်လှိုင်က ကုလသမဂ္ဂထက် တစ်ကွက်ကြိုမြင် ပုံရသည်။  နိုလင်းဟေဇာနှင့်တွေ့ဆုံရန် နာရီပိုင်းအလိုတွင်  ဟေဇာ၏တွေ့ဆုံမှုသည် တရားဝင်အစိုးရကို တွေ့ဆုံခြင်းဖြစ်သည် ဟု ၎င်း၏ ဝါဒဖြန့်ချိရေးမှူး ဇော်မင်းထွန်းက ကြေညာသည်။

“ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိ မြန်မာ နိုင်ငံရဲ့ အစိုးရနဲ့ တရားဝင်တွေ့ဆုံမှု ဖြစ်တယ်ဆိုတာ သတိပြုစေလိုပါတယ်။ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိနိုင်လိမ့်မယ် လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ 

ဟေဇာနှင့် ဆွေးနွေးသည့်အခါတွင် မင်းအောင်လှိုင်က “မိမိအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အစိုးရအဖွဲ့ကို ဦးဆောင်၍ တာဝန်ယူနေပါသည်” ဟု အစချီပြီး ၎င်းသည် တရားဝင်မှု အနေအထား (Legitimacy Position) အမိအရ အထိုင်ချပြီးမှ ဆွေးနွေးခဲ့သည်။ 

ထိုအချက်ကို လက်ခံသောအပြုအမူ လုပ်ဆောင်ခဲ့ခြင်းရှိမရှိ ဟေဇာကိုယ်တိုင်သာ သိနိုင်ပေလိမ့်မည်။

မင်းအောင်လှိုင်ကို တွေ့ဆုံမှုသည် စစ်ကောင်စီအစိုးရကို တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း ကုလက ကြိုတင်ကြေညာခဲ့ပါက ထိုခရီးစဥ် ဖြစ်လာမည်မဟုတ်ပါ။ ဤနေရာတွင် ဟေဇာနှင့် ကုလသမဂ္ဂ၏ သံတမန်လှည့်ကွက်အဖြစ် မြင်နိုင်ပြီး၊ ထိုကဲ့သို့ လှည့်ပတ်ခံခဲ့ရခြင်းအပေါ် မင်းအောင်လှိုင် အမျက် ထွက်နိုင်ပါသည်။ 

နေပြည်တော် စစ်ခေါင်းဆောင်များနှင့် တွေ့ရသော ကုလအထူးကိုယ်စားလှယ်

ကျော့ကွင်းမှ ခုန်ထွက်သွားသော ဟေဇာ

စစ်ကောင်စီသည် တရားဝင်မှုကျော့ကွင်း (Legitimacy Trap) ထဲ ဟေဇာ တိုးဝင်လာရန်သာလိုပြီး၊ ၎င်းတို့ကို တရားဝင်အသိအမှတ်ပြုမှ တွေ့ဆုံမည်ဟု  တွေ့ဆုံရေး ညှိနှိုင်းစဥ် ဈေးဆစ်ခဲ့ပုံ မရပါ။ ထိုသို့တွေ့ဆုံမှုများကတဆင့် နိုင်ငံတကာအမြင်တွင် တဖြည်းဖြည်း တရားဝင်မှု မြင့်တက်လာ လျှင်လည်း အကျိုးမယုတ်ဟု နည်းဗျူဟာကျကျ စဥ်းစားခဲ့နိုင်ပါသည်။ 

တွေ့တွေ့ချင်း ဟေဇာ၏ ပထမဆုံး တောင်းဆိုချက်က သူနှင့် မင်းအောင်လှိုင်အကြား စဉ်ဆက်မပြတ် တွေ့ဆုံလိုပါကြောင်း ဖြစ်ပြီး၊ တရားဝင်မှုကို ဆာလောင်မွတ်သိပ်နေသော မင်းအောင်လှိုင် အတွက် အခွင့်အရေးပင် ဖြစ်သည်။ 

ထိုအချက်ကို မင်းအောင်လှိုင်က အမိအရဆုပ်ကိုင်ပြီး ကုသလမဂ္ဂတွင် မြန်မာနိုင်ငံ၏ကိုယ်စားလှယ် ထားရှိရေးကို အဆုံးအဖြတ်ပေးသည့် Credential Committee နှင့်ပတ်သက်၍ စဥ်းစားသုံးသပ်ရေး သည် ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်ရေးတွင် ပထမဆုံး ဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း တုန့်ပြန် ခဲ့သည်ကို စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် လေ့လာတွေ့ရှိရသည်။ 

ထို့အပြင် ယခုခရီးစဉ်ကအပြန် “သက်ဆိုင်ရာသို့” ဟေဇာ၏ အစီရင်ခံမှုနှင့် တုံ့ပြန်မှု အခြေအနေအပေါ် မူတည်ပါသည်ဟု တံခါး ‘ဟ’ ထားပေးပြီး၊ “မြန်မာနှင့် ကုလသမဂ္ဂတို့အကြား ရေရှည်လက်တွဲ ဆောင်ရွက်နိုင်ရန်အတွက် သတင်းများနှင့် ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ထုတ်ပြန်ဆောင်ရွက်ရန်” နှစ်ဖက်သဘောတူညီခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။  

ထိုသို့သဘောတူထားပါလျက် အထူးကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်ဖြင့် ဟေဇာက စစ်ကောင်စီ ထောင်ထားသော တရားဝင်မှု ကျော့ကွင်းကနေ ခုန်ထွက်သွားခြင်းကို မင်းအောင်လှိုင် အမျက်ထွက်ခဲ့ သည်။ 

ဟေဇာ၏ တောင်းဆိုချက်အားလုံး ငြင်းဆိုခံခဲ့ရခြင်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မှာကြားချက်အတိုင်း “လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းမပြုရန် နှင့် ပြည်သူလူထုနေထိုင်ရာ ရပ်ရွာများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းမပြုရန်” ဟေဇာ၏ တောင်း ဆိုချက်ကို မင်းအောင်လှိုင် ငြင်းပယ်ခဲ့သည်။ 

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းက စစ်တပ်တစ်ခုတည်းသာ ပြုလုပ်နိုင်သောအရာဖြစ်ရာ ထိုသို့ မလုပ်ပါဘူးဟု မင်းအောင်လှိုင် လိမ့်၍မရပေ။ ထို့ကြောင့် သောင်းကျန်းသူများတည်ရှိရာနေရာသို့ ပစ် မှတ်ထား တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု တုန့်ပြန်ခဲ့ပြီး၊ ဗုံးကြဲခြင်းကို ဆက်လက်လုပ်ဆောင်မည့် သဘော ပြောဆိုခဲ့သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆယ်ဇင်းရွာကို ဩဂုတ် ၉ရက်က စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းပြီး နောက်တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့

ရွာများမီးရှို့ခြင်းကိစ္စကိုမူ မင်းအောင်လှိုင် လုံးလုံးလျားလျား ငြင်းဆိုခဲ့သည်။ ၂၀၁၇ ခုနှစ် ရခိုင် ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာလူမျိုးများ နေထိုင်သည့်နေရာများ မီးရှို့ခဲ့ခြင်း ဖြစ်ရပ်ကိုလည်း ၎င်းတို့ ရှို့ခြင်း မဟုတ်ကြောင်း ငြင်းဆန်သည့် နည်းအတိုင်းပင် ဖြစ်သည်။

ဟေဇာသည် ရိုဟင်ဂျာများ ၎င်းတို့၏နေရပ်ရင်း ပြန်နိုင်ရေးကိုလည်း မင်းအောင်လှိုင်နှင့် ဆွေးနွေး ခဲ့ပြီး စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဟေဇာသည် “ဘင်္ဂါလီ” ဟုသာ သုံးနှုန်းသွားပြီး၊ ရိုဟင်ဂျာဟု မသုံးနှုန်းခဲ့ကြောင်း အထူးပြုဖော်ပြခဲ့သည်။

ရိုဟင်ဂျာဟု သုံးနှုန်းလိုက်ပါက မင်းအောင်လှိုင် စိတ်အနှောက်အယှက်ဖြစ်ပြီး ဆွေးနွေးမှု ပျက်မည်ကို စိုးရိမ်ပြီး၊ ၎င်းလက်မခံသော အသုံးအနှုန်းကို ဟေဇာ ရှောင်ရှားခဲ့ဟန်တူသည်။  

ထိုအချက်အမှန်ဖြစ်လျှင် အထွေထွေအတွင်းရေးမှူး၏ အထူးကိုယ်စားလှယ်တစ်ယောက်၏ ကျင့်ဝတ် နှင့် မူဝါဒရပ်တည်ချက်က အချိန်အခါလိုက် ပြောင်းလဲတတ်သလား မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ မြန်မာခရီးစဥ်အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများဆီ သွားရောက်ရန် စီစဥ်ထားသော ဟေဇာကို အခက်ကြုံနိုင်ပါသည်။ 

ကုလသမဂ္ဂက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသော လုပ်ရပ်ဖြစ်သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကြိုးပေး ကွပ်မျက်မှုနှင့်စပ်လျဥ်းပြီး နောက်ထပ်ဆောင်ရွက်ခြင်းမပြုဘဲ ရွှေ့ဆိုင်းပေးရန် ဟေဇာ၏ တောင်းဆို ချက်ကိုလည်း မင်းအောင်လှိုင် ငြင်းပယ်ခဲ့သည်။  

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ကံကြမ္မာနှင့် ထပ်တူပြုထားသော မင်းအောင်လှိုင်   

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးရန် ဟေဇာ၏ တောင်းဆိုမှုကို နေပြည်တော်ထောင်ထဲ “ဒေါ်အောင်ဆန်းစုကြည်အပေါ် အထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ ထား ရှိကာ ဆောင်ရွက်ပေးထားပါသည်” ဟု မင်းအောင်လှိုင်၏ တုန့်ပြန်မှုက ၎င်း၏ကြမ်းကြုတ်သောစိတ် နေစိတ်ထားကို အပေါ်လွင်ဆုံး ဖြစ်ခဲ့သည်။ 

တရားစီရင်မှုများပြီးဆုံးပြီးနောက် “မိမိ (မင်းအောင်လှိုင်) ၏လုပ်ဆောင်ချက်များအပေါ် တုံ့ပြန်လာ မှုများကိုမူတည်၍ ၎င်း (ဒေါ်အောင်ဆန်း စုကြည်) အပေါ် စဉ်းစားဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ၎င်း၏သဘောထားကို ပြောခဲ့ပုံက ၎င်း၏ ကံကြမ္မာနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်ချိတ်ဆက်ထားပုံ ပေါ်လွင်ပါသည်။  

ထိုအချက်က ဖော်ပြနေသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အသက်ရှင်သန်ခွင့်သည် မင်းအောင်လှိုင် လက်ထဲ လုံးလုံးလျားလျား ရှိနေပြီး၊ ၎င်းအပေါ် နိုင်ငံတကာက တုံ့ပြန်မှု ပြင်ထန်းသည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်လည်း အသက်ရှင်လျက် ထောင်တွင်းက လွတ်မြောက်လမ်းမရှိဟု ဆိုလို ရင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တရားစွဲခံထားရသော ဩစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် Sean Turnell ကိစ္စ ဆွေးနွေးသည့်အခါ မင်းအောင်လှိုင်၏ ပြန်ပေးဆွဲတတ်သော ဗီဇစိတ် ရုပ်လုံးပေါ် လာသည်။ 

“ဩစတေးလျအစိုးရအနေဖြင့် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်မည်ဆို လျှင် မိမိအနေဖြင့် အဆိုပါကိစ္စ (Sean Turnell အမှုကိစ္စ) နှင့်ပတ်သက်၍ တင်းမာစွာ ဆောင်ရွက်မည့် အခြေအနေမျိုးမရှိပါ” ဟု ပြောဆိုချက်သည် ပြန်ပေးဆွဲသမားတစ်ဦး၏ အပေးအယူသဘောဆန်ဆန် ပြုမူပြောဆိုမှု ဖြစ်သည်။

သွေးစွန်လက်ကို ဆွဲကိုင်နှုတ်ဆက်ပြီး ပြန်ခဲ့ရသော ဟေဇာ

ဟေဇာသည် မင်းအောင်လှိုင်ကို သူပြောရမည့် အချက်များကို သေချာပြင်ဆင်လာခဲ့သည်။ ထိုအချက် အားလုံးကို မင်းအောင်လှိုင်က ငြင်းဆန်ခဲ့သည်။ 

နေပြည်တော်ခရီးစဉ်ကအပြန် ဟေဇာ ရရှိခဲ့သော ရလဒ်မှာ သွေးစွန်လက်ကို ကိုင်ဆွဲနှုတ်ဆက်ခဲ့ရခြင်းသာ ရှိပြီး၊ သူ၏လက်လည်း သွေးညှီနံ့   စွန်းထင်းခဲ့ချေပြီ။ 

Show More

Related Articles

Back to top button