အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုဂ္ဂလိက သတင်းစာတစ်စောင် ကြွေလွင့်ပြန်

ရန်ကုန် — ခုနစ်လကြာ ထုတ်ဝေခဲ့ပြီးနောက်တွင် ‘မြန်မာသံတော်ဆင့်’ နေ့စဉ်သတင်းစာသည် စီးပွားရေးအရ တွက်ခြေမကိုက်တော့သဖြင့် မနက်ဖြန် (ဩဂုတ်လ ၁ ရက်နေ့မှစ၍) ရပ်နားတော့မည်ဖြစ်ရာ မနည်းကြိုးစား ရပ်တည်နေရ သော မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ပုံနှိပ်မီဒီယာလောကအတွက် နောက်ထပ် စိတ်ပျက်စရာ အခြေအနေတစ်ရပ် ဖြစ်လာခဲ့သည်။

စနေ၊ တနင်္ဂနွေမှ အပ တစ်ပတ်လျှင် ငါးရက်ထုတ် အဆိုပါ ရန်ကုန်အခြေစိုက်သတင်းစာသည် စီးပွားရေးအရ ဆက်လက် လည်ပတ်ရန် မဖြစ်နိုင်သောကြောင့် ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သတင်းစာတိုက်၏ တာဝန်ခံ အယ်ဒီတာ ဦးသူရိန်ဝင်းက ပြောသည်။

“ထုတ်ဝေသူက နားတယ်ဆိုတဲ့ ပုံစံ ပြောထားတော့ အပြီးရပ်နားတာလား၊ ဘယ်တော့ ပြန်ထွက်မလဲ ဆိုတာ ကျွန်တော်တို့ အယ်ဒီတာ အဖွဲ့လည်း မသိဘူး” ဟု ၎င်းက ပြောသည်။

ပုံနှိပ်မီဒီယာအတွက် အဓိကဝင်ငွေဖြစ်သော ပုဂ္ဂလိကစီးပွားရေးကြော်ငြာများမှ ဝင်ငွေ လျော့သွားခြင်းကြောင့် သတင်းစာထုတ်ဝေမှု ရပ်နားခဲ့သော်လည်း အပတ်စဉ်ထုတ် ‘မြန်မာသံတော်ဆင့်’ဂျာနယ်ကိုတော့ ဆက်လက် ထုတ်ဝေနေ မည်ဟု သူကဆိုသည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် မြေယာသိမ်းဆည်းခံရမှုများကို အဓိကဖော်ပြလေ့ရှိသည့် ‘မြန်မာသံတော်ဆင့်’ သတင်းစာ တာဝန်ရှိသူတို့ကမူ သတင်းစာ ရပ်နားရခြင်းသည် နိုင်ငံပိုင်သတင်းဌာနများက ကြော်ငြာများကို လက်ဝါးကြီးအုပ် ထားခြင်းကြောင့် ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

“သတင်းစာ တစ်စောင်ရပ်တည်နိုင်ရန် စာစောင်အရေအတွက်ထက် ကြော်ငြာရရှိမှုအခြေအနေဖြင့် ရပ်တည်နေရကြောင်း၊ နိုင်ငံပိုင်မီဒီယာများ၏ ကြော်ငြာဈေးကွက်ကို လက်ဝါးကြီး အုပ်ထားမှုမှာ ပုဂ္ဂလိကမီဒီယာများ ကြော်ငြာဖြင့် အသက်ရှင် ရပ်တည်နိုင်မှုကို ခြိမ်းခြောက်နေသည်” ဟု နောက်ဆုံးထုတ် သတင်းစာအယ်ဒီတာ့အာဘော်က ဆိုသည်။

၂၀၁၂ ခုနှစ်မှစ၍ ပုဂ္ဂလိကပုံနှိပ်မီဒီယာများ လွတ်လပ်စွာ တည်ထောင်ခွင့်ပြုပြီးနောက်တွင် နေ့စဉ်ထုတ်သတင်းစာ ၄၆ စောင်၊ အပတ်စဉ်ထုတ်ဂျာနယ် ၅၄၂ စောင်အထိ မှတ်ပုံတင်နိုင်ခဲ့သော်လည်း ယခုအခါ သတင်းစာ ၂၆ စောင်နှင့် ဂျာနယ် ၂၀၅ စောင်သာ ကျန်ရှိတော့သည်။

ပြီးခဲ့သည့် ဇွန်လဆန်းအတွင်း ပြန်ကြားရေးဝန်ကြီးဦးဖေမြင့် တည်ထောင်ခဲ့သည့်‘ပြည်သူ့အရေး’ဂျာနယ် ရပ်နားခဲ့သလို ဧပြီလကလည်း နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်လာခဲ့သည့် ‘အလင်းတန်း’ဂျာနယ် ရပ်နားခဲ့သည်။

“ပုံနှိပ်မီဒီယာတွေ တစ်ခုပြီးတစ်ခု ပြုတ်ကျနေတယ်။ အခြေအနေ မကောင်းပါဘူး။ ဝန်ကြီး (ဦးဖေမြင့်) ပါဝင် ပတ်သက်ခဲ့ဖူးတဲ့ ဂျာနယ်တောင် ပြုတ်ကျတယ်ဆိုတော့ ကျန်တဲ့ဂျာနယ်တွေတော့ စဉ်းစားကြည့်ပေါ့။ အရှုံးလည်း ပေါ်နေပါတယ်။ ဒါကြောင့် ပုံနှိပ်မီဒီယာတွေမှာ ပရိသတ်နည်းသထက် နည်းလာပြီ”ဟု မြန်မာတိုင်းမ်မီဒီယာ၏ အမှုဆောင်အယ်ဒီတာ ဦးသီဟစောက ပြည်သူ့အရေးဂျာနယ် ရပ်နားစဉ်က Myanmar Now ကို ပြောဖူးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button