
မကွေးတိုင်း ပခုက္ကူနှင့် မန္တလေးတိုင်း ညောင်ဦးမြို့တို့ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံတား (ပခုက္ကူ) တောင်ဘက်ရှိ စစ်ဆေးရေးဂိတ်ကို ယမန်နေ့ (စက်တင်ဘာ ၄) က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းမိသည်ဟု ဒေသအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ညောင်ဦးမြို့ဘက်ခြမ်း၊ လက်ပံချည်ပေါ် ရွာဘက် တံတားထိပ်ရှိ ထိုစစ်ဆေးရေးဂိတ်တွင် စစ်သားများ၊ စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားအဖွဲ့(ပျူစောထီး) စုစုပေါင်း ၇ ဦးခန့်ရှိနေချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောက်ကျားအဖွဲ့ခေါင်းဆောင် ရဲဘော် ရန်နောင်က ပြောသည်။
ပခုက္ကူအခြေစိုက် ပြောက်ကျားအဖွဲ့ဘက်မှ အမျိုးသမီးရဲဘော်တစ်ဦးအပါဝင် စုစုပေါင်း ၃ ဦးက သေနတ် ၂ လက်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ သေနတ်များ သိမ်းမိသဖြင့် မိနစ် ၂၀ ကျော်ကြာ တိုက်ပွဲဆင်နွှဲရာတွင် အထောက်အကူဖြစ်ခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သည့် ရဲဘော် ရန်နောင်က ပြောသည်။
“ကျွန်တော်တို့က ပစ်လိုက်တော့ တစ်ယောက် လဲကျသွားတယ်။ အဲဒီသေသေနတ်ကို ဝင်ကောက်ပြီး ထပ်ပစ်တော့ နောက်တစ်ယောက်က ကျည်ညပ်နေတာ။ အော်ပြီး ထွက်ပြေးတာ။ ကျွန်တော်တို့က လိုက်ပစ်တော့ သေနတ်ရလိုက်တာ” ဟု ရဲဘော် ရန်နောင်က ပြောသည်။
တိုက်ခိုက်မှုအတွင်း ပြောက်ကျားအဖွဲ့ဘက်မှ ထိခိုက်သူမရှိဟု ၎င်းကဆိုသည်။
“အဓိကက လက်နက်အင်အားမလုံလောက်လို့ အသက်ကို ရင်းပြီးလုပ်လိုက်တာ။ ကျည်တွေလည်း ညပ်တယ်။ တကယ်ကို ခက်ခဲခဲ့တယ်” ဟု ရဲဘော် ရန်နောင်က ပြောသည်။

လက်ရှိတွင် ထိုဒေသတစ်ဝိုက်၌ စစ်ကောင်စီက တောနင်းရှာဖွေမှုများလုပ်နေသည်ဟု အထက်ပါ ပြောက်ကျားအဖွဲ့က ဆိုသည်။ စစ်ကောင်စီကမူ နှုတ်ဆိတ်နေဆဲဖြစ်သည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း နိုင်ငံအနှံ့ ရရာလက်နက်ဖြင့် ခုခံမှုများကြောင့် စစ်မျက်နှာ များစွာဖွင့်ထားရသည့် စစ်ကောင်စီက စစ်ကိုင်း၊ မန္တလေးနှင့် အချို့သောနေရာများတွင် ၎င်းတို့ကို ထောက်ခံသူများအား လက်နက်တပ်ဆင်ပေးထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)