
စစ်ကောင်စီကို ခုခံနေသည့် ဒေသကာကွယ်ရေးအဖွဲ့များ အားကောင်းသည့် စစ်ကိုင်းတိုင်း၊ အနောက်ဘက် မော်လိုက်မြို့နယ်ရှိ ဝဲဒေါင့်ရွာကို စစ်ကောင်စီတပ်က ယနေ့ (စက်တင်ဘာ ၁) ရက် နံနက်ပိုင်းမှစ၍ မီးရှို့နေသည်။
စစ်တပ်က လက်နက်တပ် ဆင်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့လည်း မီးရှို့ရာတွင် ပါဝင်ဆောင်ရွက်နေသည်ဟု ဆိုသည်။
လက်ရှိတွင် ထိုဒေသ၌ စစ်ရေးလှုပ်ရှားမှုများ ငြိမ်သက်နေကြောင်း၊ ဝဲဒေါင့်ရွာ မီးရှို့ခံရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုကို မသိရသေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ မော်လိုက်မြို့နယ် ကာကွယ်ရေးအဖွဲ့ (PDF) တာဝန်ရှိသူက ပြောသည်။
“အဲဒီဘက်မှာ ထိတွေ့မှု(တိုက်ပွဲ) ခဏခဏဖြစ်တဲ့ နယ်မြေဖြစ်တော့ သူတို့ဆုတ်ခွာချင်လို့ (ရွာကို မီးရှို့တာ) လားတော့ မသိဘူး။ စောင့်ကြည့်ရမှာပေါ့။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။.. သူတို့က (နံနက်) ၈ ခွဲလောက်ကတည်းက စရှို့တာ” ဟု ၎င်းက ပြောသည်။
မော်လိုက်မြို့ပေါ်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၃ ခုရှိပြီး အမှတ် ၃၆၄၊ ၃၆၅၊ ၃၆၆တို့ဖြစ် သည်။ ထိုတပ်ရင်းများနှင့် ရဲ၊ ပျူစောထီးတို့ပေါင်းကာ ချင်းတွင်းမြစ်အရှေ့ဘက် ကမ်းနံဘေးရှိ ဝဲဒေါင့်၊ ကင်းတပ်၊ ထော်သာရွာတို့တွင် တပ်စွဲထားကြောင်း အထက်ပါ PDF ထံမှ သိရသည်။
မြစ်ကမ်းနဖူးပေါ်ရှိ ကင်းတပ်ရွာတွင် ဗိုလ်အဆင့်အပါအဝင် စစ်သား ၂၀၊ ပျူစောထီး ၅၀ တို့ဖြင့် အခိုင်အမာအခြေချကာ ၎င်းတို့ကို ထောက်ခံသည့် အရပ်သားများကို သင်တန်းပေး၊ လက်နက်ပေးနေသည်ဟု ထိုသူက ဆိုသည်။
ချင်းတွင်းမြစ်လက်တက် တစ်ခုပေါ်ရှိ ထော်သာရွာတွင်မူ စစ်သား ၁၀၊ ပျူစောထီး ၃၀ ခန့် အခြေစိုက်ကာ လမ်းသွားလမ်းလာများကို စစ်ဆေးနေကြောင်း၊ ဩဂုတ်လလယ်မှစ၍ မြစ်အရှေ့ဘက်ကမ်းတစ်ကြောတွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှု တိုးမြင့်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်အချို့ထံမှ သိရသည်။
စစ်ကောင်စီ၏ စစ်ဆင်ရေးအတွင်း စီးနင်းခံခဲ့ရသည့် ကုန်းဝါးရုံသာရွာမှ ဒေသခံ ၁၇ ဦး ဖမ်းဆီးခံရ ကြောင်း၊ ၉ ဦးပြန်လွတ်လာသော်လည်း ကျန်သူများနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း ၎င်းတို့က ဆိုသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်မသိရသေးသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ချင်းတွင်းမြစ်ကမ်းဘေးရှိ မော်လိုက်မြို့နယ်သည် တောင်ကုန်း တောင်တန်းပေါများပြီး စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် တမူး၊ ကလေးတို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည်။
မြစ်အနောက်ကမ်းရှိ ကျေးရွာများကိုလည်း ဇွန်လအတွင်း စစ်ကောင်စီက စီးနင်းခဲ့ပြီး မန်ကျည်းတန်း၊ တပ်ကုန်း၊ ယုဝရွာတို့ မီးရှို့ဖျက်ဆီးခံရ၍ အိမ်ခြေ ရာနှင့်ချီ ပျက်စီးဆုံးရှုံးဖူးသည်။
ထိုအခြေအနေတွင် ဒေသတွင်းရှိ ကျေးရွာ ၁၂ ရွာထက်မနည်းမှ ဒေသခံ ထောင်နှင့်ချီ၍ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေရေးထိုင်ရေး ဒုက္ခမျိုးစုံကြုံတွေ့နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်တို့က ဆိုသည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် နိုင်ငံအနှံ့ နေအိမ် ၃၀,၀၀၀ နီးပါး ပျက်စီးခဲ့ရာ ၈၀ ရာခိုင်နှုန်းနီးပါးမှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar က ဩဂုတ်လကုန်တွင် ထုတ်ပြန်ထားသည်။
ပြည်သူပိုင်အိုးအိမ်များ မီးရှို့ရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းလေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)