သတင်း

ကျောက်ဖြူတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့ရန် စစ်ကောင်စီကြိုးပမ်း

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းရမည်ဟု စစ်ကောင်စီဘက်က ညွှန်ကြားလာကြောင်း မြို့ခံများထံမှ သိရသည်။

သြဂုတ် ၁၅ ရက်နေ့ အစည်းအဝေးတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံစဉ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်းက ထိုသို့ ပြောခဲ့သည်ဟု သိရသည်။  

ရပ်ကွက်၊ ကျေးရွာအုပ်စု၌ အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့်တွင် ၁၂ ဦးဖြင့် ဖွဲ့စည်းထားကြောင်း ပေါက်ကြားလာသည့် အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။  

“မြို့နယ်မှာ ၁၂ ဦးနဲ့ ဖွဲ့ထားပြီလို့ ပြောတယ်။ ရပ်ကွက်ကျေးရွာတွေမှာကတော့ ၇ ဦးနဲ့ ဖွဲ့ရမယ်လို့ ပြောတယ်။ ဘယ်နေ့ အပြီးဖွဲ့ပါလို့တော့ မပြောခဲ့ဘူး။ ဒါပေမဲ့ ဒီရက်ပိုင်း ဖွဲ့ရမဲ့သဘောရှိနေတယ်” ဟု အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ 

ရက္ခိုင့်တပ်တော် (AA) စိုးမိုးသည့် ရခိုင်မြောက်ပိုင်းတွင် ထိုအစီအစဉ် မတွေ့ရသေးပေ။

ကျောက်ဖြူတွင် AA, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောက်ပံ့သူဟု စွပ်စွဲကာ ဖမ်းဆီးခံရသူများရှိပြီး ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ယမန်နှစ် ဩဂုတ်အတွင်းက AA ၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး သတင်းပို့ရန် ခလရ ၃၄ တပ်ရင်းမှူးက ဖိအားပေးခဲ့သည်။ 

ကျောက်ဖြူတွင် PDF ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲခံရသည့် အမျိုးသမီးတစ်ဦးနှင့် AA ထောက်ပံ့သူဟု စွပ်စွဲခံရသည့် ဒေသခံ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်။ 

အလားတူ ဇူလိုင် ၂၄ တွင် ကျောက်ဖြူမှ ရဲစခန်းမှူးတစ်ဦး ဖမ်းဆီးခံရပြီး AA တပ်ဖွဲ့ဝင်များဟု ယူဆရသူများ၏ လက်ချက်ဟု ဒေသခံများက ဆိုကြသည်။

ရခိုင်တွင် သြဇာကြီးထွားလာသည့် AA ၏ အရှိန်အဝါကို ချိုးဖျက်ရန် စစ်ကောင်စီသည် ဒေသတည်ငြိမ်မှု ပျက်ပြားအောင်၊ အချင်းချင်း ညီညွတ်မှုပျက်ပြားအောင် ကြံရွယ်နေသည်ဟု ဒေသခံများက သုံးသပ်ကြသည်။

စစ်ကောင်စီသည် ရခိုင်ဒေသတည်ငြိမ်မှုကို ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေသည်ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့် ဩဂုတ်လအတွင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

ပေါက်ကြားလာသည့် ကျောက်ဖြူမြို့နယ်ထွေအုပ်ရုံး၌ ပြုလုပ်ခဲ့သည့်အစည်းအဝေးမှတ်တမ်း။ 

စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PDF ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး ရခိုင်တွင် ဒေသခံ ၁၀ ဦးခန့်ကို PDF နှင့် ဆက်စပ်မှု ထောက်ပံ့မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထောင်ချထားသည်။

ဇူလိုင် ၂၇ ကလည်း သံတွဲမြို့မှ ပန်းချီဆရာမတစ်ဦးကို NUG, PDF အားပေးသူဟု စွပ်စွဲပြီး အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခဲ့သည်။

လတ်တလောတွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်နေပြီး ပြီးခဲ့သည့် ဩဂုတ် ၁၃ တစ်ရက်တည်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် အရာရှိများအပါအဝင် ၃၀ ထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအများအပြား AA က ရရှိခဲ့သည်။

ပြည်သူ့လုံခြုံရေးအဖွဲ့

ပြည်သူ့လုံခြုံရေးအဖွဲ့ဟု ဆိုသော ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီက နိုင်ငံအနှံ့ဖွဲ့စည်းရန် ကြိုးပမ်းနေပြီး မန္တလေးနှင့် ကချင်ပြည်နယ် ဖားကန့်ဒေသတို့တွင်လည်း ကြိုးပမ်းခဲ့သည်။ 

မန္တလေးမြို့၌ ဇူလိုင် ၃၀ က မဟာအောင်မြေမြို့နယ်တွင် စစ်ကောင်စီတပ်က “ပြည်သူ့စစ် ဖွဲ့စည်းပွဲ” ဟု ဆိုကာ အုပ်ချုပ်ရေးမှူးများအပါအဝင် စစ်တပ်ထောက်ခံသူတချို့ကို လက်နက်နှင့် စစ်ယူနီဖောင်း ထုတ်ပေးခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ လက်နက်ထုတ်ပေးစဉ်ကမူ ပြည်သူ့စစ်အဖွဲ့ဝင် ၆၅ ဦးရှိပြီး ထိုအထဲမှ ငါးဦးကို လက်နက်ပေးထားကြောင်း၊ ကျည်အတောင့် ၇၀ နှင့် သေနတ် ၁၀ လက်ဖြစ်ကြောင်း စစ်ကောင်စီဘက်မှ ဝါဒဖြန့်ချိသူတို့က Facebook လူမှုကွန်ရက်တွင် ရေးသားထားကြသည်။

ဩဂုတ် ၃ တွင် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်ရုံး၌ အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက လက်နက်နှင့် စစ်ယူနီဖောင်းများ ထုတ်ပေးခဲ့သော်လည်း အရေအတွက် မသိရပေ။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စိုးမိုးနယ်မြေဖြစ်သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင်လည်း ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဆိုသည့်အဖွဲ့များ ဖွဲ့စည်းနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။   

မြို့နယ်အဆင့်ကို အဖွဲ့ဝင် ၁၃ ဦး၊ ရပ်ကျေးအဆင့်ကို အဖွဲ့ဝင် ၆၇ ဦး ပါဝင်ရမည်ဖြစ်ကြောင်း၊ ဩဂုတ် ၁၅ အမီ ဖွဲ့စည်းပြီး အရန်မီးသတ်၊ ကြက်ခြေနီကဲ့သို့ လူမှုရေးအသင်းအဖွဲ့များသာမကဘဲ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကဲ့သို့ ဘာသာရေးအသင်းအဖွဲ့များကိုပါ ထည့်သွင်းဖွဲ့စည်းရန် ညွှန်ကြားထားသည်။

စစ်ကောင်စီ၏ခြေလှမ်း

စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် ဒေသခံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ဒေသများတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ အမျိုးသားရေးအမည်ခံ အစွန်းရောက်များကို စုစည်းပြီး စစ်ကောင်စီက စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားပြီး ဒေသခံတို့က ၎င်းတို့ကို ပျူစောထီးအဖွဲ့ဟု ခေါ်ဆိုလေ့ရှိသည်။   

ပေါက်ကြားလာသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မတ်လ ၂၅ ရက်စွဲ ဌာနတွင်းပေးစာတွင် ရဲ၊ စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်၊ မီးသတ်၊ ကြက်ခြေနီတို့ ပါဝင်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် ဖွဲ့စည်းရန် စစ်ခေါင်းဆောင်က ညွှန်ကြားထားကြောင်း ပါရှိသည်။ 

ဧပြီ ၂၇ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ပြည်သူများပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်တစ်ခုကို တိုးမြှင့်ဆောင်ရွက်နေသည်ဟု ပြောခဲ့ပြီး တပ်နှင့် ရဲအပြင် လုံခြုံရေးအထောက်အကူပြုအဖွဲ့အစည်းများနှင့် ပြည်သူများပါဝင်မည်ဟု ပြောသည်။ 

ထိုသို့ စစ်ကောင်စီ၏ ကြိုးပမ်းနေမှုများအပေါ် NUG က မေလ ၂၆ ရက်က သတိပေးချက် ထုတ်ခဲ့သည်။

NUG ၏ သတိပေးချက်တွင် စစ်ကောင်စီက ဖွဲ့စည်းနေသည့်  ပြည်သူ့လုံခြုံရေးအဖွဲ့များတွင် မပါဝင်ရန်နှင့် ပါဝင်သူများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ပြီး အရေးယူသွားမည်ဟု ဖော်ပြထားသည်။

ထို့နောက် ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့စည်းရေးနှင့် ပတ်သက်၍ သြဂုတ် ၁၀ က ပြုလုပ်သည့် အစည်းအဝေး၌ စစ်ကောင်စီဒုက္ကဋ္ဌ စိုးဝင်းက ထည့်သွင်းဆွေးနွေးခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်၊ ဒုက္ကဋ္ဌ၊ ကောင်စီဝင်များအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်မှ စစ်ကောင်စီခန့် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။

ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့စည်း၍ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးဆောင်ရွက်မည့် အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မှုတို့ကို ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါအဖွဲ့ကို ဆယ်အိမ်မှူးများ၊ စစ်မှုထမ်းဟောင်းများ၊ အရန်မီးသတ်များ၊ စစ်ကောင်စီကို ထောက်ခံသည့် အုပ်စုနှင့် ၎င်းလက်ကိုင်တုတ်များဖြင့် ဖွဲ့စည်းလာနိုင်ပြီး ပြည်သူအချင်းချင်း ရန်တိုက်ရန်၊ လူထုကို နှိပ်စက်မှုပြုလုပ်ရန် ကြံရွယ်လာခြင်းဟု လူအများက ရှုမြင်ကြသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button