သတင်း

ရဲအရာရှိ ကျောက်ဖြူတွင် ပျောက်သွားပြီး စစ်ကောင်စီက ဒေသခံတို့ကို ဖမ်းဆီး 

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့ ရဲစခန်းမှူးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များဟု ယူဆရသူ သုံးဦးက ယမန်နေ့ (ဇူလိုင်၂၄) က ခေါ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်က ယင်းမြို့မှ အမျိုးသမီးများ အပါအဝင် အရပ်သား ၇ ဦးကို ချုပ်နှောင် စစ်ဆေးနေသည်ဟု သိရသည်။ 

ယမန်နေ့ နံနက် ၇ နာရီခန့်က စနဲမြို့ဈေးသို့ ဆိုင်ကယ်ဖြင့်လာသည့် စနဲရဲစခန်းမှူး ဒုရဲအုပ်ကျော်ဇင်ဝင်း လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

ဖမ်းဆီးခံရသူများထဲမှ တချို့ ပြန်လွတ်လာပြီး ၇ ဦး ဆက်လက် ချုပ်နှောင်ခံနေရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မနေ့က အခင်းဖြစ်ခဲ့တဲ့နေရာမှာ ရှိတယ်။ မြင်တယ်လို့ထင်ရတဲ့ လူတွေကိုတော့ ခေါ်စစ်ပြီးတော့ ညနေပိုင်း ၇ နာရီလောက်မှာ ပြန်လွတ်ပေးလိုက်တယ်လို့ သိရတယ်။ ပြီးတော့ မသင်္ကာမှု၊ ဆက်စပ်မှုနဲ့ ဆိုပြီး ဖမ်းဆီးထားတာတွေလည်းရှိတယ်” ဟု ဆိုသည်။

ထို ၇ ဦးမှာ ကျောက်ဖြူမြို့နှင့် ၃၃ မိုင်ခန့်ဝေးသော စနဲမြို့ရှိ ကံပြင်ရပ်ကွက်၊ တောင်ငူစုရပ်ကွက်၊ စံပယ်ချောင်းကျေးရွာတို့မှ အမျိုးသမီးငယ်များ၊ လူငယ်များ ဖြစ်သည်ဟု သူက ဆက်ပြောသည်။  

Myanmar Now က ရရှိထားသည့် စာရင်းအရ ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ စနဲမြို့ ကံပြင်ရပ်ကွက်မှ ညီအစ်မဖြစ်သည့် မခင်သူဇာလွင် (၂၅) နှစ်နှင့် မခင်နီလာလွင်(၂၁) နှစ်၊ စျေးဆိုင် ဖွင့်လှစ်ရောင်းချနေသော ညီအစ်မနှစ်ဦးဖြစ်သည့်  မမိုးမိုးသွယ် (၃၂) နှစ်နှင့် မအေးမြတ်မွန် (၂၃) နှစ် ၊ စံပယ်ချောင်းကျေးရွာမှ တင်မျိုးထွန်း(၂၃) နှစ်နှင့် မောင်စည်သူထွန်း (၁၇) နှစ်၊ တောင်ငူစုရပ်ကွက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း အောင်နိုင်လင်း (၃၂) နှစ်တို့ ဖြစ်ကြသည်။ 

ထိုအမျိုးသမီးငယ်နှစ်ဦးမှာ တစ်ရပ်ကွက်တည်းနေ အစ်မဝမ်းကွဲဖြစ်သူ၏ အိမ်တွင် ရှိနေကြစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ စျေးသည် ညီအစ်မနှစ်ဦးမှာလည်း နေအိမ်၌ ဈေးရောင်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

“ဦးဘကြည်ရဲ့ သမီးကြီး (မခင်သူဇာလွင်) ကတော့ ဆယ်တန် ရှုံး(ကျ) ထားတဲ့ သူပါ။ အငယ်မက သမိုင်းမေဂျာ တတိယနှစ်ပါ။ သူတို့နှစ်ယောက်ကတော့ မိန်းမပျိုလေးတွေပါ” ဟု အထက်ပါမြို့ခံက ပြောသည်။

“စံပယ်ချောင်ရွာက တင်မျိုးထွန်း (ခေါ်) ဒူးရှည်ဆိုတဲ့သူက အလုပ်ကအပြန် အိပ်နေတဲ့ အချိန်မှာ အိမ်မှာတွေ့လို့ ဖမ်းယူသွားတာ။ အဲဒီရွာက အဖမ်းခံရတဲ့ စည်သူထွန်းက ပြီးခဲ့တဲ့နှစ်ကမှ ဆယ်တန်းအောင်ထားတဲ့သူပါ”  

ထိုလူငယ် ၇ ဦးကို ယနေ့ (ဇူလိုင် ၂၅) နံနက် ၁၀ နာရီခွဲခန့်က ရဲစခန်းသို့ ခေါ်ဆောင်သွားသည်ဟု ကနဦး ကြားသိရသော်လည်း ကျောက်ဖြူအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၃၄  ထဲတွင် ရှိနေသည်ဟု သတင်းရရှိကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ကျောက်ဖြူရဲစခန်းကို ယူသွားတယ်ဆိုလို့ သွားကြည့်တော့ ရဲစခန်းမှာ မရှိဘူး။ ၃၄ တပ်ရင်းထဲမှာလို့ သိရတယ်။ သူတို့က ဘာမှမသိဘဲ ဒီအတိုင်း အိမ်မှာ စျေးရောင်းနေတာကနေ ပါသွားတာ။ အိမ်မှာက ဆိုင်ရောင်းတယ်။ အခု အဆက်အသွယ်မရဘူး” ဟု မမိုးမိုးသွယ်နှင့် မအေးမြတ်မွန်တို့၏ မိသားစုဝင်တစ်ဦးက  ဆိုသည်။

”အဲဒီကလေးတွေနဲ့ AA နဲ့လည်း ဘာမှမဆိုင်ပါ။ ပတ်သက်မှုလည်း မရှိပါ။ လွှတ်ပေးစေချင်ပါတယ်။ (ဟိုညီအစ်မတွေကလည်း) ကလေးအမေတွေပါ၊ သူ့အိမ်ထောင်နဲ့သူ၊ သူတို့ဘဝနဲ့ သူတို့ လုပ်စားနေကြတာပါ။ ပြန်လွှတ်ပေးစေချင်ပါတယ်”

အရပ်သားများကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ကျောက်ဖြူ ရဲစခန်းနှင့် စစ်တပ်ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်မျိုးကို သတင်းထုတ်ပြန်ခြင်း မပြုသလို သက်ဆိုင်ရာမိသားစုဝင်များကို အသိပေးလေ့ မရှိပေ။

ရဲစခန်းမှူး ဖမ်းဆီးခေါ်ဆောင်ခံရမှုကြောင့် ၎င်းမြို့အနီးဝန်းကျင် ကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက် ရှာဖွေနေကြောင်း၊ စနဲစျေးအဝင်လမ်း၊ လမ်းဆုံလမ်းခွတို့တွင် စစ်ကောင်စီတပ်နှင့် ရဲပူးပေါင်းအဖွဲ့က လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျောက်ဖြူ – ရန်ကုန် ကားလမ်းမပေါ်တွင် စစ်ဆေးနေခြင်း၊ ဒေသခံတချို့ဖမ်းဆီးခံရခြင်းတို့ကြောင့်  စိုးရိမ်ကြောက်လန့်ပြီး တိမ်းရှောင်နေကြသူ အများအပြားရှိနေသည်။

“စံပယ်ချောင်းရွာ နောက်ပြီးတော့ ကံပြင်ရပ်ကွက်နဲ့ အဲဒီမြို့အနီးအနားကို ကျေးရွာတော်တော်များကို စစ်တပ်က ဝင်ပြီးတော့ ရှာနေကြတယ်လို့ သိရတယ်” ဟု စနဲမြို့ခံနောက်တစ်ဦးက ပြောသည်။

AA က ထုတ်ပြန်သည့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် အရပ်သားများ၏ စာရင်း။

အဆိုပါစနဲမြို့အနီးဝန်းကျင်တွင် AA ၏ လှုပ်ရှားမှုများရှိနေပြီး စနဲရဲစခန်းမှူးကို အရပ်ဝတ်ဖြင့် ဖမ်းဆီးသွားသူများမှာ AA တပ်ဖွဲ့ဝင်များဟု သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။ 

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် အရပ်သားများ၏ စာရင်းကို ယနေ့ AA က ထုတ်ပြန်ခဲ့ရာ ထိုအထဲတွင် ကံပြင်ရပ်ကွက် မှ ၁၀ ဦး၊ တောင်ငူစုရပ်ကွက်မှ ၂ ဦးနှင့် စနဲတိုက်နယ် စံပယ်‌ချောင်းကျေးရွာမှ ၂ ဦး စုစုပေါင်း ၁၄ ဦးပါဝင်သည်။

အထက်ပါ ၇ ဦးအပြင် ဖမ်းဆီးခံရသူ နောက်ထပ် ၇ ဦးမှာ ဦးသိန်းအောင် (၅၅) နှစ်၊ ဦးမောင်လှဝင်း (ခေါ်) ချိုချိုလေး (၄၂) နှစ်၊ ဒေါ်မမြင့်ခင် (ခေါ်) ပြက်ပြက်မ (၄၂) နှစ်၊ ဦးညီညီလွင်(၃၉) နှစ်၊ ဒေါ်စိန်ခိုင်(၆၂)၊ မောင်ထွန်းဝင်းဦး (အသက် မသိရ) ၊ ဦးဘရွှေ(၄၆) နှစ်တို့ဖြစ်ကြပြီး ၎င်းတို့ကိုမူ ညပိုင်း၌ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား နှစ်ဖက် စစ်ရေးတင်းမာနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များကို AA က ဖမ်းဆီးနေသလို အရပ်သားများကို စစ်တပ်ကလည်း ဖမ်းဆီးတရားစွဲဆိုမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင် ၁၇ မွန်းလွဲ၂ နာရီဝန်းကျင်က ကျောက်တော်ဘက်မှ ကားဖြင့် ပြန်လာသည့် ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှနှင့် ယာဉ်မောင်း မောင်ကျော်နိုင်တို့ကို  AA  က ယိုးငုံနှင့် ကျောက်ဆိပ်ကျေးရွာကြား၌ ဖမ်းဆီးပြီး ဇူလိုင် ၂၃ တွင် ပြန်လွှတ်ပေးခဲ့သည်။

၂၀၂၀ နိုဝင်ဘာ ၄ က နှစ်ဖက်အပစ်မရပ်မီ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီး အသက် ၅၀ အရွယ် ဦးကျော်လှစိန်သည် စက်လှေဖြင့် မြစ်အတွင်း ကဏန်းမျှားနေစဉ် စစ်တပ်က ပစ်ခတ်၍ သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button