သတင်း

မန္တလေးတွင် ဒုတိယအကြိမ် အုပ်ကြီးနှင့် တပ်ထောက်ခံသူများကို လက်နက်တပ်ဆင် 

မြို့ပြပြောက်ကျားတိုက်ခိုက်မှုများ အရှိန်မြင့်နေသည့် မန္တလေးမြို့ပေါ် ရပ်ကွက်များတွင် ပြည်သူ့စစ်ဖွဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် အုပ်ချုပ်ရေးမှူးနှင့် တပ်ထောက်ခံသူများကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးလျက်ရှိသည်။

ဇူလိုင်လကုန်ပိုင်းက မဟာအောင်မြေမြို့နယ်တွင် ထိုသို့လုပ်ဆောင်အပြီး လေးရက်အကြာ ယမန်နေ့ (ဩဂုတ် ၃) တွင် အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လက်နက်နှင့် စစ်ယူနီဖောင်းများ ထုတ်ပေးပြန်သည်။

မဟာအောင်မြေမြို့နယ် ၁၉ လမ်းနှင့် ၈၉ လမ်းထောင့်အနီးရှိ မင်းတဲအီကင်းရပ်ကွက်ရုံး၌ စစ်ကောင်စီက အခမ်းအနားနှင့် လက်နက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။​

“သူတို့လက်နက်ပေးတာ ဘယ်သူတွေပါတယ်တော့ အသေးစိတ် မသိရသေးဘူး။ ရပ်ကွက်ထဲမှာ သတင်းကြားတာတော့ အောင်မြေသာစံထဲက အုပ်ကြီးတွေ၊ တပ်ထောက်ခံသူတွေ၊ ပျူစောထီး (တပ်ထောက်ခံသူ) တွေလို့ ပြောကြတယ်” ဟု ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ခတ်နေချိန် ထိုနှစ် ဇူလိုင်လအတွင်း အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရသလို မင်းတဲအီကင်းရပ်ကွက်ရုံးလည်း မီးရှို့ခံရဖူးသည်။

ထို့ပြင် ၂၀၂၁ မတ်လအတွင်း မင်းတဲအီကင်းရပ်ကွက်ကို ကိုယ်ထူကိုယ်ထ ကင်းစောင့်နေသည့် အသက် ၄၀ အရွယ် ဦးအေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်သတ်ဖြတ်၍ မီးလောင်နေသည့် ကားတာယာကွင်းများထဲသို့ ထည့်ခဲ့သဖြင့် မိသားစုမှာ ပြာကျနေသော ရုပ်အလောင်းသာ ပြန်ရသည်။

“အခု (စစ်တပ်ထောက်ခံသည့် အရပ်သားများပါ) လက်နက်တွေထပ်ရပြီဆိုတော့ ရပ်ကွက်ကို ပိုပြီး ဒုက္ခပေးတော့မှာပေါ့” ဟု အထက်ပါ ဒေသခံက ပြောသည်။

၂၀၂၁ မတ်လအတွင်း စစ်တပ်က ပစ်သတ်၍ မီးရှို့ခဲ့သည့် ဦးအေးကို၏ ရုပ်အလောင်း။ ဓာတ်ပုံ- ပေးပို့

ယမန်နေ့က အောင်မြေသာစံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်မည်မျှ ထုတ်ပေးသည်ကိုမူ စုံစမ်း၍မရသေးပေ။ 

မဟာအောင်မြေမြို့နယ်၌ လက်နက်ထုတ်ပေးစဉ်ကမူ ပြည်သူ့စစ်အဖွဲ့ဝင် ၆၅ ဦးရှိပြီး ထိုအထဲမှ ငါးဦးကို လက်နက်ပေးထားကြောင်း၊ ကျည်အတောင့် ၇၀ နှင့် သေနတ် ၁၀ လက်ဖြစ်ကြောင်း စစ်ကောင်စီဘက်မှ ဝါဒဖြန့်ချိသူတို့က Facebook လူမှုကွန်ရက်တွင် ရေးကြသည်။

မဟာအောင်မြေမြို့နယ်အတွင်း လက်နက်ရရှိသူများထဲတွင် စိန်ပန်းရပ်အုပ်ချုပ်ရေးမှူး ဦးမြတ်သူ၊ သဗြူးရပ်ကွက်မှမီးသတ်တပ်ဖွဲ့ဝင်ဦးသန်းဝင်းနှင့် ကိုငပြည့်ဆိုသူတို့ပါသည်ဟု စိန်ပန်းရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

“အခုလိုချပြလိုက်တော့ သဲကွဲသွားတာပေါ့ဗျာ။ အရင်က အုတ်ရောရောကျောက်ရောရောနဲ့ ပြည်သူတွေထဲ ဒလန် (စစ်တပ်သတင်းပေး) လုပ်နေသူတွေကိုပါ သိလိုက်ရတယ်။ အရင်က ဒါ့ကြောင့်လည်း စိန်ပန်းက အထိနာခဲ့ရတာ” ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် မန္တလေးတွင် စိန်ပန်းရပ်ကွက်ရှိရာ မဟာအောင်မြေမြို့နယ်တွင် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ၊ စစ်ကောင်စီက တုံ့ပြန်သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသည်။

ထိုသို့သော ပြည်သူ့စစ်အဖွဲ့များကို အရှိန်မြှင့်ဖွဲ့စည်းမည်ဟု ပြောထားသည့် စစ်ကောင်စီက စိတ်ပါဝင်စားသူများ တိုင်းစစ်ဌာနချုပ်နှင့် ဆက်သွယ်နိုင်ကြောင်း၊ လိုအပ်သည့် ကူညီထောက်ပံ့မှုနှင့် သင်တန်းများပေးမည်ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ကြေညာထားသည်။

ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်၍ အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို နိုင်ငံအနှံ့ ဆန့်ကျင်နေကြရာ စစ်မျက်နှာများစွာဖွင့်ထားသည့် စစ်ကောင်စီက ပြည်သူ့စစ်များဖြင့် တန်ပြန်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button