သတင်း

မန္တလေးတွင် စစ်တပ်ထောက်ခံသူတချို့ကို လက်နက်ထုတ်ပေး

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ့စစ်ဖွဲ့သည်ဆိုကာ ဒေသခံတချို့ကို လက်နက်နှင့် စစ်ယူနီဖောင်း ထုတ်ပေးခဲ့သည်ဟု မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ဇူလိုင် ၃၀ နေ့လယ်တွင် မဟာအောင်မြေမြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့စစ် ဖွဲ့စည်းပွဲဟု ဆိုကာ စစ်တပ်ထောက်ခံသူတချို့ကို လက်နက်များပေးနေခြင်း ဖြစ်ပြီး ထိုသူများက မြို့နယ်လုံခြုံရေး ဆောင်ရွက်ရမည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကျည်အတောင့် ၇၀ နဲ့ သေနတ်အတို ၁၀ လက် ပေးလိုက်တယ်လို့ သိရတယ်။ တစ်မြို့နယ်လုံးစာဆိုပြီး” ဟု မဟာအောင်မြေဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“ပြည်သူ့စစ်တဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့တဲ့။ ပြည်သူ့ဒုက္ခပေးရေးအဖွဲ့လို့ပဲ ခေါ်ရမှာပါ။ ပါဝင်သူတွေက အစိမ်းထောက်ခံသူတွေ၊ ပျူစောထီးတွေ၊ သွေးသောက်တွေပေါ့”  

အစိမ်းဆိုသည်မှာ စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သင်္ကေတ အရောင်ဖြစ်ပြီး ပျူစောထီး၊ သွေးသောက်တို့မှာ တော်လှန်ရေးကို ဆန့်ကျင်တိုက်ခိုက်သည့်အစုအဖွဲ့များ ဖြစ်သည်။

ထိုအစုအဖွဲ့များတွင် ပျူစောထီးက ဦးစွာ ထွက်ပေါ်လာသည့် အမည်ဖြစ်ရာ အာဏာသိမ်းအပြီး ပေါ်လာသည့် ပြည်သူ့စစ်အဖွဲ့များကို အများပြည်သူက ပျူစောထီးဟု အမည်ပေးထားကြသည်။

မဟာအောင်မြေမြို့နယ်တွင် အဖွဲ့ဝင် ၆၅ ဦးဖြင့် ပြည်သူ့စစ်အဖွဲ့  ဖွဲ့စည်းလိုက်ပြီး ယင်းအထဲမှ ၅ ဦးကို လက်နက်တပ်ဆင်ထားသည်ဟု စစ်ကောင်စီဝါဒဖြန့်  အွန်လိုင်းစာမျက်နှာတချို့တွင် ရေးထားသည်။  

လက်နက်ရရှိသည့် ၅ ဦးတွင် စိန်ပန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြတ်သူ၊ သဗြူးရပ်ကွက်မှ မီးသတ်တပ်ဖွဲ့ဝင် ဦးသန်းဝင်းနှင့် ကိုငပြည့်ဆိုသူတို့ ပါဝင်သည်ဟု စိန်ပန်းရပ်ကွက်၌ နေထိုင်သူတစ်ဦးက ဆိုသည်။

“အခုလိုချပြလိုက်တော့ သဲကွဲသွားတာပေါ့ဗျာ။ အရင်က အုတ်ရောရောကျောက်ရောရောနဲ့ ပြည်သူတွေထဲ ဒလန်လုပ်နေသူတွေကိုပါ သိလိုက်ရတယ်။ အရင်က ဒါ့ကြောင့်လည်း စိန်ပန်းက အထိနာခဲ့ရတာ။ နောက်နှစ်ဦးကိုလည်း ဆက်စုံစမ်းနေတယ်” ဟု ဆိုသည်။

၄၅ နှစ်အရွယ်  ဦးမြတ်သူဆိုသူသည် ယခင်က ဆယ်အိမ်မှူးတစ်ဦးဖြစ်ပြီး ရပ်ကွက်အတွင်း လောင်းကစားဒိုင်လုပ်ငန်းလုပ်ကိုင်ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရကြောင်း ယင်းရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

“အရင်တုန်းက သူက နှစ်လုံးသုံးလုံးဒိုင်၊ ခု သူက မလုပ်တော့ဘူး။ သူ့နာမည်ကို သူများပေးပြီးတော့မှ လူပေါ်လူညွန့် ခူးစားတာပေါ့။ မြေလေးဘာလေးပွဲစားလိုလို လက်မှတ်ထိုးတာတို့ ပိုက်ဆံရှာဖွေတယ်။ ဘီယာဆိုင်တွေဘာတွေ ဆက်ကြေးကောက်တယ်။ သူ့ကိုသတင်းပေးနေတဲ့ သူ့တပည့် ထော့ကျိုးဆိုတာလည်း လွန်ခဲ့တဲ့လက အသတ်ခံရတယ်” ဟု စိန်ပန်းရပ်ကွက်တွင် နေထိုင်သည့် အထက်ပါလူက ဆိုသည်။

ယမန်နှစ်အတွင်း ဦးမြတ်သူ၏နေအိမ်ကို ဗုံးခွဲပြီး သတိပေးခံထားရသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့တစ်မျိုးလုံးက အစိမ်းမှအစိမ်း။ ကြံ့ခိုင်ရေးထောက်ခံသူတွေပေါ့။ သူ့အိမ် ဗုံးပစ်တိုက်ခိုက်ခံရတယ်။ ဒါလည်း ဒီအလုပ်တွေ ဆက်လုပ်တယ်။ အခု သူ့အိမ်ကတော့ ကြက်ခြံလို သံဆန်ခါတွေ ကာထားတယ်” ဟု ၎င်းက ပြောသည်။

ဇူလိုင် ၃၀ ရက်နေ့က မဟာအောင်မြေ ပြည်သူ့စစ် ၅ ဦးအတွက် လက်နက်တပ်ဆင်မှုအခမ်းအနား မှတ်တမ်းဓာတ်ပုံကို စစ်ကောင်စီဝါဒဖြန့် စာမျက်နှာများတွင် ဖော်ပြခဲ့ကြသည်။  

ဦးမြတ်သူတာဝန်ယူထားသည့် ကမ်းနားလမ်းအနီးမှ စိန်ပန်းရပ်ကွက်အုပ်ချုပ်ရေးရုံးသည် အာဏာသိမ်းပြီးကတည်းက ပိတ်ထားရာမှ လွန်ခဲ့သည့်ရက်အနည်းငယ်မှစ၍ ရုံးပြန်ဖွင့်နေကြောင်း သိရသည်။

“တာရိုးပေါ်က ကြည့်ရင်တော့ ရုံးအတွင်းပိုင်းကို မမြင်ရဘူး။ တံခါးဖွင့်ထားတာတော့ မြင်ရတယ်။ အဲဒီအနီးမှာလည်း အင်အား ၁၀ ယောက်လောက်နဲ့ ကင်းပုန်းချထားတာတို့ ရှိတယ်ကြားတယ်” ဟု အထက်ပါသတင်းရင်းမြစ်က Myanmar Now ကို ဆက်ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဥပေက္ခာပြုပြီး မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ အာဏာသိမ်းပြီး အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို နိုင်ငံအနှံ့မှ လက်နက်ကိုင် ပြန်ခုခံခဲ့ကြရာ ဒေသအချို့မှာ တော်လှန်ရေးနယ်မြေ ဖြစ်လာသည်။

ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်လည်း ပြောက်ကျားစနစ်ဖြင့် တော်လှန်နေကြရာ ထိုအထဲတွင် မဟာအောင်မြေမြို့နယ်သည် အာဏာရှင်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် တော်လှန်ရေးနယ်မြေ ဖြစ်လာသည်။

ခုခံမှု ပြင်းထန်သည့် နေရာများတွင် စစ်ကောင်စီနှင့် ဆက်စပ်သူများ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရ သည်။

စစ်ကောင်စီကလည်း ယင်းမြို့နယ်များကို ပိုမို ကြမ်းတမ်းစွာ ကိုင်တွယ်နေပြီး မြို့ပေါ်တွင် ပြည်သူ့စစ်အဖွဲ့ ပေါ်ပေါ်တင်တင်ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်သည်။ 

ပြည်သူ့စစ်ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး လိုအပ်ပါက တိုင်းစစ်ဌာနချုပ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ လိုအပ်သည့် ကူညီထောက်ပံ့မှုများနှင့် သင်တန်းပေးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၆ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။ 

စစ်မျက်နှာ များစွာဖွင့်ထားရသော အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားမလုံလောက်သဖြင့် ပြည်သူ့စစ်အဖွဲ့များ ပေါ်ပေါက်လာစေရန် အဆက်မပြတ် ကြိုးပမ်းနေခြင်း ဖြစ်သည်။

၎င်းတို့၏ ခုခံတိုက်ခိုက်မှုစွမ်းရည်၊ တပ်ဆင်ထားသည့် လက်နက်အရည်အသွေး များစွာကောင်းမွန်ခြင်း မရှိသော်လည်း နယ်မြေ နှံ့စပ်ကျွမ်းကျင်မှုကြောင့် စစ်ကောင်စီတပ် အားကိုးရသည့် ဒေသခံများ ဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button