တိုက်ပွဲတချို့ ဖြစ်ခဲ့သော ရခိုင်ဒေသတွင် စစ်ကောင်စီတပ်က ဆုတ်ခွာသွားသည့် စခန်း ၇ ခု ရှိကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ (ဩဂုတ် ၁၁) သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အပြန်အလှန် ဖြတ်တောက်ပိတ်ဆို့ကြရာတွင် စစ်ကောင်စီတပ်က အခက်အခဲကြောင့် ဆုတ်ခွာသွားခြင်း ဖြစ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
“တိုက်ခိုက်သိမ်းပိုက်တဲ့ပုံစံမျိုးတော့ မဟုတ်ပါ။ အထူးသဖြင့် မောင်တောဘက်မှာ စစ်ကောင်စီဘက်က ဆုတ်ခွာသွားတဲ့စခန်းက ၇ ခုလောက် ရှိတယ်” ဟု ဦးခိုင်သုခက Myanmar Now ကို ပြောသည်။
မောင်တောမြောက်ပိုင်းတွင် ဇူလိုင် ၁၈ ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ကားကို AA တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသအတွင်း စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။
မောင်တောမြို့နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိနေကြောင်း AA ထံမှ သိရသည်။
AA က တပ်စခန်းအပြင်ဘက်ထွက်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်ကလည်း အရပ်သားများကို AA သံသယဖြင့် ဖမ်းဆီး၊ နှိပ်စက်၊ အမှုဖွင့်နေကြောင်း၊ မကြာသေးမီက ဖမ်းဆီးခဲ့သူများထဲမှ ဒေသခံ ၅၀ နီးပါး ဆက်လက်ထိန်းသိမ်းခံထားရကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရသည့် အရပ်သားများအတွက် AA အနေဖြင့် ကြားခံအဖွဲ့အစည်းမှတစ်ဆင့် ကန့်ကွက်ထားသလို ဖမ်းဆီးခံရသူများ ပြန်လွတ်မြောက်နိုင်ရေး ဆောင်ရွက်ပေးနေကြောင်း ဦးခိုင်သုခက ပြောသည်။
“မြန်မာစစ်တပ်က လုပ်နေတာကို ကျွန်တော်တို့အနေနဲ့ တားဆီးဖို့ဆိုတာကတော့ မရပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဖမ်းချင်လို့ရှိရင် အကြောင်းရှာပြီးတော့ လုပ်နေတာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။
“သို့သော်လည်း အပြစ်မဲ့ပြည်သူတွေကို ဥပဒေနဲ့ မညီတဲ့ ဖမ်းဆီးမှုတွေမလုပ်ဖို့၊ ဥပဒေနဲ့မညီတဲ့ နှိပ်စက်မှုတွေ မလုပ်ဖို့တော့ ကြားခံလူတွေကတစ်ဆင့် ကျွန်တော်တို့ဘက်က ကန့်ကွက်ပြောဆိုနေတာတွေ၊ တခြားနည်းလမ်းတွေနဲ့ လွတ်မြောက်အောင် လုပ်ဆောင်နေတာတွေ ရှိတယ်”
ထိုကဲ့သို့ဖမ်းဆီးနေမှုများကြောင့် စစ်ရေးနှင့် သွားလာရေး သတိရှိကြရန် ဒေသခံများအား AA က တိုက်တွန်းနေသည်။
“စစ်ကောင်စီဘက်ကနေပြီးတော့ ကျွန်တော်တို့ ပြည်သူတွေအပေါ်မှာ ဒီလိုမတရားဖမ်းဆီးအနိုင်ကျင့်မှုတွေကြောင့် ဖြစ်နေတာဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ သွားသတိ၊ လာသတိ၊ စစ်ရေးသတိ အမြဲရှိပြီးတော့ သွားလာကြဖို့ပဲ ကျွန်တော်တို့အနေနဲ့ အကြံပြုလိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
၂၀၂၀ နိုဝင်ဘာလဆန်းတွင် နားလည်မှုဖြင့် အပစ်ရပ်သွားသည့် AA နှင့် စစ်တပ်တို့သည် ၂၀၂၁ဒီဇင်ဘာ၌ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်၊ ယခုနှစ် ဖေဖော်ဝါရီအတွင်း ထိတွေ့မှုအနည်းငယ်ဖြစ်ခဲ့ကာ ဇွန်လအတွင်း AA ၏ နယ်မြေညှိနှိုင်းရေးမှူးများကို စစ်တပ်က ဖမ်းဆီးမှုများ ဖြစ်ခဲ့ပြီးနောက် စစ်ရေးတင်းမာလာခဲ့သည်။
ထို့နောက် ဇွန်နှင့် ဇူလိုင်လအတွင်း နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုများ ဖြစ်ပေါ်ခဲ့ကာ စစ်တပ်ကလည်း ဒေသခံများကို ဆက်လက် ဖမ်းဆီးနေခြင်း ဖြစ်သည်။
စစ်ကောင်စီအလိုကျ လုပ်ဆောင်နေပါက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ရခိုင်ပြည်နယ်အစိုးရကို AA က သတိပေးလိုက်သည်။ စစ်ကောင်စီယန္တရားတွင် ပါဝင်နေပါက ရခိုင်လူမျိုးပင်ဖြစ်စေ လိုအပ်သလို ဖမ်းဆီး ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဦးခိုင်သုခက ယနေ့ ပြုလုပ်သော သတင်းစာရှင်းပွဲတွင် ပြောခဲ့သည်။
“ဒီလူတွေက ကျွန်တော်တို့ ပြည်သူလူထုတွေကို မတရားဖိနှိပ် ညှဉ်းပန်း သတ်ဖြတ် အဲဒီအထဲမှာ အဓိကလုပ်နေတဲ့ ယန္တရားထဲက လူတွေဖြစ်တဲ့အတွက်ကြောင့် အဲဒါတွေကို ပြည်သူလူထုလုံခြုံရေးအတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
AA ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တုံ့ပြန်ချက် ထွက်ပေါ်မလာသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



