ယနေ့ (သြဂုတ် ၉) နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးခန်းတွင် ရှိနေသော လူနာတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
သေဆုံးသူမှာ လွိုင်လင်လေးမြို့ အရှေ့ဘက် တီးလုံကျေးရွာအုပ်စု ဒေါပါပကျေးရွာ ဆေးပေးခန်းတွင် ရောက်ရှိနေသည့် အသက် ၆၀ ဝန်းကျင်အရွယ် ဦးသိုးရယ်ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“သူနေမကောင်းတာနဲ့ ဆေးလာကုရင်းနဲ့ ထိတာ၊ ဆေးခန်းအပြင်မှာလား အထဲမှာလားတော့ မသိဘူး၊ ဗုံးကြဲတာတော့ တော်တော်များတယ်၊ (တိုက်လေယာဉ်) သုံးပတ်တောင် ပတ်တယ်ရော” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံက ပြောသည်။
စစ်ရှောင်များ အားထားနေရသည့် ဆေးပေးခန်း တိုက်ခိုက်ခံရမှုတွင် အခြားအရပ်သားများ ဒဏ်ရာရမှုမရှိဟု ဆိုသည်။
သေဆုံးသူမှာ ဒေါစဲရွာမှဖြစ်ကြောင်း ကရင်နီတပ်မတော် (KA) သတင်း ဖော်ပြနေသည့် The Karenni Information Centre (KnIC) ကလည်း ထုတ်ပြန်ထားသည်။
အိမ်ခြေ ၃၀၀ ခန့်ရှိသော ဒေါပါပရွာသည် လွိုင်ကော်မြို့ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့် အကွာတွင် ရှိသည်။ အဆိုပါကျေးရွာသည် ကယား (ကရင်နီ) ပြည်နယ်ရှိ စစ်ရှောင်များ လာရောက်ခိုလှုံနေသော ကျေးရွာများအနက် တစ်ရွာဖြစ်သည်။
ဗုံးကြဲမှုကြောင့် ဆေးခန်းအဆောက်အအုံ ပျက်စီးသွားပြီး ကျေးရွာတွင် စာသင်နေသည့် စစ်ရှောင်ကလေးများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း အခြားဒေသခံတစ်ဦးက ပြောသည်။
လွိုင်ကော်မြို့နယ်အတွင်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို အကြမ်းဖက်မှုတိုက်ဖျက်ရေး ကြွေးကြော်သံနှင့် အကြမ်းဖက်တိုက်ခိုက်နေသော စစ်ကောင်စီတပ်၏ ပစ်မှတ်များထဲတွင် ကရင်နီဒေသ ကျန်းမာရေးဌာနများ ပါဝင်လာသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
ဖေဖော်ဝါရီလအတွင်းကလည်း မိုးဗြဲ-ဒီးမော့ဆို လမ်းပိုင်းရှိ နန်းမယ်ခုံမြို့ဆေးရုံ၊ ဒီးမော့ဆိုမြို့နယ်ရှိ လိုဘာခိုကျေးရွာရှိ တိုက်နယ်ဆေးရုံတို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ကျေးလက်ဆေးပေးခန်းငယ်အချို့လည်း လက်နက်ကြီးနှင့်သာမက လေကြောင်းတိုက်ခိုက်မှုပါ ခံခဲ့ရသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကလည်း လွိုင်ကော်ကက်သလစ်သာသနာ၏ အကြီးဆုံးဘုရားကျောင်းရှိ ဂရုဏာဆေးခန်းကို စစ်တပ်က ဝင်စီးပြီး ကျန်းမာရေးဝန်ထမ်းအချို့ကို ဖမ်းဆီးခဲ့သည်။
ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၅၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဩဂုတ် ၁ ရက်နေ့က ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)