သတင်း

ဒီပဲယင်းအရှေ့ခြမ်း မူးကမ်းကြီးရွာကို စစ်တပ်က နှစ်ရက်ဆက် မီးရှို့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က မူးမြစ်ဘေးရှိ မူးကမ်းကြီးကျေးရွာကို စီးနင်းပြီး နှစ်ရက်ဆက်တိုက် မီးရှို့နေကြောင်း ဒေသခံသတင်းရင်းမြစ်များက အတည်ပြုသည်။

ဩဂုတ် ၄ တွင် ကိုင်းကံနှင့် အင်ပင်ယဒင်ရွာအကြား ရဟတ်ယာဉ်ဖြင့် ရောက်လာသည့် စစ်သားများ စစ်ကြောင်းထိုးရာလမ်းတစ်လျှောက် ကျေးရွာများမှ အရပ်သား ၈ ဦးကို သတ်ဖြတ်ခဲ့သည်။ 

အင်အား ၈၀ ကျော် ဝန်းကျင်ရှိ ထိုစစ်သားများမှာ ကျောက်တော်မြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၃၇၆ မှ ဖြစ်ကြသည်။ 

ဒေသခံ ရွာသား အယောက် ၅၀ ခန့်ကိုလည်း ၎င်းတို့အကာအကွယ်ရစေရန် လူသားဒိုင်းအဖြစ် စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယမန်နေ့ (ဩဂုတ်၈) နံနက် ၁၀ နာရီခန့်တွင် မူးကမ်းကြီးကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကြောင်းကို ၃ ဖွဲ့ ခွဲလိုက်ပြီး ကျေးရွာ၏တောင်ဘက်မှ ပစ်ခတ်ဝင်ရောက်လာကြောင်း၊ မည်သည့်နေရာတွင် မိုင်းထောင်ထားသည်ကို စစ်တပ်အလိုတော်ရိ ဒလန်ထံမှ ကြိုသိထားပုံရကြောင်း ဒေသခံ ကျေးရွာကာကွယ်ရေးအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသိန်းငှက်က ပြောသည်။

“ကျွန်တော်တို့ မိုင်းကွင်းကာပြီး အဆင်သင့်စောင့်နေတာ။ (စစ်တပ်က) လက်နက်ကြီးတွေ အဆမတန် သုံးပြီးတော့ တရကြမ်း သုံးဖွဲ့ ခွဲဝင်လာတော့ တိုက်ပွဲ မဖြစ်လိုက်ဘူး။ ကျွန်တော်တို့ ဆင်ထားတဲ့ မိုင်းကွင်းတွေပေါ်လည်း မပါလာဘူး။ ဒလန် ကောင်းတော့ မိုင်းကွင်းတွေ မရှိတဲ့နေရာ ပတ်ဝင်တာဆိုတော့ ထိထိရောက်ရောက် မခွဲလိုက်နိုင်ဘူး” ဟု ဆိုသည်။

စစ်သားများ ရွာအတွင်း စီးနင်းဝင်ရောက်စဉ် အများစုမှာ ကြိုတင်တိမ်းရှောင်နိုင်ခဲ့ကြသော်လည်း မူးကမ်းကြီးဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုနေ့ ညနေ ၃ နာရီတွင် စစ်သားများက ရွာကို မီးတင်ရှို့ခဲ့ပြီး မူးကမ်းကြီးရွာတွင် စခန်းချတပ်စွဲကာ ဖမ်းဆီးလာသည့် ဒေသခံများကိုလည်း ထိုရွာအတွင်း ဆက်လက်ချုပ်နှောင်ထားကြောင်း၊ နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ပြောသည်။

“အခြေအနေတိတိကျကျတော့ မသိရသေးဘူးဗျ။ လောလောဆယ် အိမ်ခြေ ၆၀ လောက် ပါသွားပြီလို့ သိရတယ်၊ စစ်သားတွေက ရွာထဲမှာပဲ ရှိသေးတယ်။ ဖမ်းခံရတဲ့ပြည်သူ ၄၀ ကတော့ မလွတ်သေးဘူးဗျ၊ လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးနေတဲ့ အနေအထားမှာပဲ ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။ 

“သူတို့က မီးရှို့တဲ့အိမ်တွေကြားမှာ အလောင်းတွေဘာတွေ ဖျောက်တာတွေရှိတော့ အခု ဖမ်းခံထားရတဲ့ ပြည်သူတွေလည်း ရှိနေတဲ့အခါကျတော့ အသက်အန္တရာယ်စိုးရိမ်ရတာပေါ့” 

ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကျေးရွာကို ထပ်မံမီးရှို့သည့် စစ်သားတို့က လူနေအိမ်များကို အကာအကွယ်ယူကာ ပစ်ခတ်နေသဖြင့်  ပြန်ဆုတ်လာခဲ့ရကြောင်း ကျေးရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုသိမ်းငှက်က ပြောသည်။

“ခုလည်း မီးတွေတင်နေတုန်းပါပဲ။ မီးတွေက တော်တော်များတယ်၊ သုံးနေရာလောက်ကို ရှို့နေတဲ့ အနေအထားပဲ။ မီးခိုးတွေကို မဲနေတာပဲ။ စစ်သားတွေ (ရွာတောင်ဘက်) နေရာရွေ့တယ်ဆိုလို့ မျက်ခြည်ပျက်သွားမှာစိုးလို့ ကျွန်တော်တို့ ရွာကို ကပ်တဲ့အချိန်မှာ သူတို့ဘက်က ကင်းပုန်းတွေ ချန်ထားပြီး အသင့်ပစ်လို့ အခုပဲ နောက်ပြန်ဆုတ်ခဲ့တာ” ဟု သူက ယနေ့ မွန်းတည့်ချိန်က ပြောသည်။

ယခုချိန်ထိ စစ်သားများ ကျေးရွာအတွင်း ရှိနေသေးသဖြင့် မီးလောင်သွားသည့် နေအိမ်အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒီပဲယင်းမြို့ အရှေ့တောင်ဘက် ၂၂မိုင်ခန့်အကွာ အိမ်ခြေ ၃၀၀၀ နီးပါးရှိသည့် မူးကမ်းကြီးရွာကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်ကလည်း စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၂၀၀ ခန့် မီးလောင်ပြာကျခဲ့ပြီး ဖြစ်သည်။ 

အဆိုပါစစ်ကြောင်းသည် တပ်စွဲထားသည့် ကိုင်းကံရွာမှ ထွက်ခွာသွားသည့် ဩဂုတ် ၆ ရက် နံနက်တွင် ရွာကို မီးတင်ရှို့ခဲ့သဖြင့် အိမ်ခြေ ၃၀၀ ဝန်းကျင်အနက် ၁၄၅ လုံး မီးလောင်သွားသလို ဒေသခံ အလောင်း ၆ လောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် လျှော်ဖြူရွာမှ အသက်အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦး၊ အင်ပင်ယဒင်ရွာသားတစ်ဦး ပစ်သတ်ခံရသည်။ 

အရပ်သားများကို ပစ်မှတ်ထားသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုသည်။ 

“သူပစ်ကိုယ်ပစ် ပစ်လို့ တော်လှန်ရေးအင်အားစုတွေကို ကျဆုံးတာရှိမယ်။ ဒါက စစ်တိုက်တဲ့တိုက်ပွဲမှာ သူ့ဘက်ကိုယ့်ဘက် ကျတာရှိမယ်။ ဒါကတော့ တရားမျှတတဲ့တိုက်ပွဲလည်းဖြစ်တယ်။ အခုလို သာမန်ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာက လူမဆန်တဲ့လုပ်ရပ်ဖြစ်သလို ယောက်ျားကောင်းတွေရဲ့လုပ်လည်း မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်းပြည်သူများ၏နေအိမ် ၁၈၈၈၆ လုံးထက်မနည်းကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ရာ အများစုမှာ လက်နက်ကိုင် ခုခံမှု ပြင်းထန်သည့် စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data For Myanmar ၏ မှတ်တမ်းအရ သိရသည်။

စစ်ကောင်စီက မီးရှို့ရသည့်အကြောင်းရင်းကို ထုတ်ပြောလေ့မရှိသည့်အပြင် ၎င်းတို့၏လက်ချက်မဟုတ်ဟု တုံ့ပြန်လေ့ရှိသည်။

စစ်ကိုင်းတိုင်းထိုးစစ်နှင့် ပတ်သက်ပြီးလည်း သတင်းအမှောင်ချထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button