သတင်း

ဖယ်ခုံမြို့ နာရေးအိမ်ပေါ် လက်နက်ကြီးကျည်ကျ၊ ကွယ်လွန်သူ၏ ခင်ပွန်း သေဆုံး

ဩဂုတ် ၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ နာရေးအိမ်တစ်ခုပေါ် ကျရောက်သဖြင့် ကွယ်လွန်သူ၏ ခင်ပွန်းသည် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖယ်ခုံမြို့အခြေစိုက် အမှတ် (၇) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၇) က ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ဖယ်ခုံအင်း အရှေ့ဘက်ကမ်း ဆင်ဖြူရွာမှ အသက် ၇၀ အရွယ် ဦးဘန့် ပွဲချင်းပြီး သေဆုံးကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“သူ့အမျိုးသမီးက (ဩဂုတ် ၅) ညနေ ၄ နာရီကမှ လူကြီးရောဂါနဲ့ ဆုံးသွားတာ။ အဲ့မှာ နာရေးအခမ်းအနား လုပ်နေတာပေါ့။ လူ ၂၀၊ ၃၀ လောက်ရှိတယ် အဲဒါကို ဖယ်ခုံကနေ ရမ်းပစ်လိုက်တော့ သူ့ယောက်ျားထိသွားတာ သူတစ်ယောက်ပဲ ထိတာ” ဟု အမည်မဖော်လိုသည့် အဆိုပါ ဒေသခံက ပြောသည်။

“ဒဏ်ရာက ကျောဘက်ဖောက်ပြီးတော့ အဆုတ်နဲ့ နှလုံးထိတယ်လို့ ပြောတယ်။ သွေးကတော့ အများကြီး၊ ကျောဘက်ရော သူ့ရဲ့နှာခေါင်းပေါက်ကရော ပါးစပ်ကရော ညက အများကြီးသွေးထွက်ခဲ့တယ်” 

ဦးဘန့်မှာ ဇနီးဖြစ်သူ ဒေါ်မူဆွေ ကွယ်လွန်ပြီး ငါးနာရီခန့်အကြာတွင် လက်နက်ကြီးစထိမှန် ဆုံးပါးခြင်းဖြစ်ပြီး နေအိမ်အတွင်းရှိ အခြားသူများ ထိခိုက်မှုမရှိဟုလည်း သူက ဆိုသည်။

လက်နက်ကြီးကျည်မှာ ၎င်းနေအိမ်နှင့် ပေ ၁၀၀ ခန့်အကွာတွင် ကျရောက်ခြင်းဖြစ်ပြီး နောက်ထပ်လက်နက်ကြီးကျည် တစ်လုံးမှာလည်း ပေ ၃၀၀ ကျော်အကွာတွင် တစ်ပြိုင်နက် ကျရောက်ခဲ့သည်ဟု ဆိုသည်။ 

ပစ်ခတ်မှုကြောင့် ရွာလယ်ရှိ နေအိမ်တစ်လုံး ပျက်စီးခဲ့သည်ဟုလည်း အထက်ပါ ရွာခံက ဆက်ပြောသည်။ 

“ခါတိုင်းဆိုရင်တော့ ပစ်တာတော့ပစ်တယ်၊ ဒါပေမဲ့ ရွာပြင်ပဲ ကျတာ၊ မနေ့ကမှပဲ ရွာထဲ တည့်တည့်ကို ကျတာ၊ လက်နက်ကြီးကျတော့ ပြည်သူတချို့က ညတွင်းချင်းကို ပြေးတော့ ရှုပ်ယှက်တွေခတ်နေရော” ဟု သူက ပြောသည်။

ရွာလုံးကျွတ် မီးရှို့ခံရသည့် ဆောင်နန်းခဲရွာကို ဇူလိုင် ၂၄ က ဖယ်ခုံ PDF နယ်မြေရှင်းလင်းချိန်တွေ့ရစဉ် (ဓာတ်ပုံ – ပေးပို့)

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သားအများအပြား ဒဏ်ရာရ၊ သေဆုံးနေသော်လည်း ပစ်ခတ်သူကို အရေးယူနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီကမူ ပစ်ခတ်မှုများမှာ လုပ်ထုံးလုပ်နည်းနှင့် ဥပဒေများအတိုင်း ဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု ပြောလေ့ရှိသည်။

ထိုဒေသတွင် တိုက်ပွဲမဖြစ်သော်လည်း ဖယ်ခုံအင်းအရှေ့ဘက်ကမ်း၏ အနောက်ဘက် ၆ မိုင်ကျော်ဝေးသည့် စကခ ၇ မှ လက်နက်ကြီး ၇ လုံးထက်မနည်း ထိုနေ့က ပစ်ခတ်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

ဒေသခံအချို့၏ အဆိုအရ ဖယ်ခုံအင်းအရှေ့ဘက်ရှိ ကျေးရွာအချို့တွင် လွန်ခဲ့သည့် သုံးလကတည်းက စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီလှုပ်ရှားနေသည့် မြောက်ဘက်ရှိ ဆောင်နန်းခဲ၊ လွယ်ပေါ၊ နန်းပေါ်လုံ၊ နန်းဆွတ်၊ ပိန္နဲကုန်း၊ လဟယ်၊ မခေခမ်း ကျေးရွာများမှာ လူနေထိုင်ခြင်းမရှိတော့ပေ။

ညောင်ရွှေမြို့နယ် ထီရိစခန်း တိုက်ခိုက်ခံရပြီးနောက် မေလလယ်ပိုင်းတွင် စစ်ကောင်စီက ဖယ်ခုံအင်းအရှေ့တစ်ကြော စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဆောင်နန်းခဲရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့ကြောင်း ဖယ်ခုံ PDF ထံမှ ရရှိသည့် ဓာတ်ပုံများအရ သိရသည်။ သို့သော် မီးလောင်ပျက်စီးသည့် အိမ်အရေအတွက်ကို Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်းမရှိပါ။

ထို့အပြင် လွယ်ပေါ၊ နန်းပေါ်လုံ၊ နန်းဆွတ်၊ ပိန္နကုန်း၊ လဟယ်၊ မခေခမ်း ရွာများတွင်လည်း နေအိမ်ဒါဇင်နှင့်ချီ မီးရှို့ခံထားရသည်ဟု ဖယ်ခုံ PDF တပ်ရင်း ၂ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရွာလုံးကျွတ် မီးရှို့ခံရသည့် ဆောင်နန်းခဲရွာကို ဇူလိုင် ၂၄ က ဖယ်ခုံ PDF နယ်မြေရှင်းလင်းချိန်တွေ့ရစဉ် (ဓာတ်ပုံ − ပေးပို့)

စစ်ကောင်စီက ဖယ်ခုံအင်းအရှေ့ဘက်တွင် လအတန်ကြာ တပ်စွဲနေထိုင်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းနှင့် စစ်တပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ရွာခံအများစုမှာ ဝမ်းစာအတွက် စပါးနှင့် ပြောင်းများ မစိုက်ပျိုးနိုင်တော့ကြောင်း ဒေသခံအချို့က ပြောသည်။

“ရွာရဲ့တောင်ဘက်ကတော့ စိုက်ဖြစ်တယ်၊ မြောက်ဘက်ကတော့ မစိုက်ရဲကြဘူး၊ ဒီနှစ်ကတော့ ပြီးခဲ့တဲ့နှစ်က စိုက်ထားတာတွေရှိနေလို့ နည်းနည်းခံသာတယ်၊ နောက်နှစ်ကျရင် မလွယ်ဘူး” ဟု ဆင်ဖြူရွာခံ အမျိုးသားက ပြောသည်။

ဖယ်ခုံအင်း အရှေ့ဘက်တွင် ကျေးရွာ ၇ ရွာမှာ ရွာလုံးကျွတ် တိမ်းရှောင်နေရပြီး အခြား ၃ ရွာ၌ တစ်ရွာလျှင် အိမ်ခြေ ၂၀ ခန့်သာ လူကျန်တော့ကြောင်း၊ စစ်ကောင်စီ တပ်စခန်းနှင့် ဝေးသည့် ဆင်ဖြူနှင့် နားဟီးရွာတွင်သာ ဒေသခံတို့ နေထိုင်ကြကြောင်းလည်း အထက်ပါ အမျိုးသားက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တွင် လူဦးရေ ၂၀၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရသည်။ ဒေသခံ ၂၆၁ ဦးမှာ စစ်ကောင်စီ၏ သတ်ဖြတ်မှုခံရပြီး နေအိမ်အပါအဝင် အဆောက်အအုံ ၇၂၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ဩဂုတ် ၃ တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button