
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှ PDF ၄ ဦး၊ ဓားစာခံ ၄ ဦးတို့ကို ဇူလိုင်နောက်ဆုံးပတ်က အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။
PDF အဖွဲ့ဝင်များမှာ တွံတေးတော်ဝင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Twantay Royal Defence Force –TRDF) မှ ရဲဘော် ဇနှင့် ရဲဘော် စနေဟု အမည်ဝှက်ပေးထားသည့် ခေါင်းဆောင် ညီအစ်ကိုနှစ်ဦး၊ အဖွဲ့ဝင်နှစ်ဦးတို့ ဖြစ်သည်။
ဓားစာခံ ၄ ဦးမှာ PDF ထောက်ပံ့သူဟု သံသယဖြစ်ခံရသူ အမျိုးသမီးတစ်ဦး၏ မိသားစုဝင်များ ဖြစ်ကြောင်း၊ ၎င်းတို့ ၈ ဦးကို ဖွင့်ထားသည့် အမှုများထဲတွင် သေဒဏ်အထိ ချမှတ်နိုင်သော အကြမ်းဖက်ပုဒ်မ ၅၄ ပါဝင်သည်ဟု သိရသည်။
ဇွန်လ ဒုတိယပတ်က PDF ခေါင်းဆောင် ညီအစ်ကို ၂ ဦးနှင့် အဖွဲ့ဝင် ၃ ဦး ရန်ကုန်မြို့ မြေနီကုန်းနှင့် တွံတေးမြို့တို့၌ ဖမ်းဆီးခံရသည်။ ထို့နောက် ရန်ကုန်မှ ၁၉ မိုင်ခန့်အကွာရှိ တွံတေးမြို့နယ် လူနေရပ်ကွက်များကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ လူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရသည်။
အဆိုပါ PDF ခေါင်းဆောင်နှစ်ဦးကို ရုံးထုတ်စစ်ဆေးခြင်း မပြုသေးသဖြင့် အမှုအခြေအနေအသေးစိတ် မသိရသေးသလို တစ်ဦးမှာ စစ်ကြောရေး၌ နှိပ်စက်မှုများကြောင့် နားတစ်ဖက် မကြားရတော့ကြောင်း သတင်းရရှိသည်ဟု ၎င်းတို့မိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။
၎င်းတို့နှင့်အတူ အဖမ်းခံရသည့် TRDF အဖွဲ့ဝင် ကိုသက်နိုင်ဦးသည် စစ်ကောင်စီတပ်၏ ညှဉ်းပန်းနှိပ်စက် စစ်မေးမှုများကြောင့် ဇူလိုင် ၂၈ ရက်က စစ်ကြောရေး၌ သေဆုံးခဲ့ပြီး ရုပ်အလောင်းကိုပင် မိသားစုက ပြန်မရခဲ့ပေ။
ကိုသက်နိုင်ဦးသည် စစ်ကြောရေးအတွင်း အသည်းကြီးခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ ဦးနှောက်သွေးခဲခြင်း၊ ခန္ဓာကိုယ် လေတစ်ခြမ်းဖြတ်သွားခြင်း နှလုံးသွေးကြောပိတ်ခြင်းများ ခံစားခဲ့ရပြီး ဆေးရုံ အချိန်မီ မရောက်သဖြင့် သေဆုံးခဲ့သည်ဟု ဆရာဝန်က မှတ်ချက်ပြုကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
အမျိုးသားညီညွတ်ရေးစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့ပါဝင်သည့် ဟံသာဝတီခရိုင်ဟု သတ်မှတ်ခေါ်ဆိုသည့် ဧရိယာအတွင်း ယမန်နှစ် စက်တင်ဘာမှစ၍ ပျံလွှားအောင်၊ နန်းထိုက်အောင် အစရှိသော စစ်ဆင်ရေးများ ပြုလုပ်နေသည်။
စစ်ကောင်စီကလည်း ၎င်းတို့ကို ခုခံတိုက်ခိုက်မှုများ ရှိနေသည့် ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးစစ်ဆေးမှုများ အမြဲ ပြုလုပ်နေသည်။
PDF သံသယဖြင့် အရပ်သားများ အဖမ်းခံရ
အလားတူ တွံတေးမြို့တွင် PDF ထောက်ပံ့သည်ဟူသော သံသယဖြင့် အသက် ၃၀ အရွယ်ခန့်ရှိ မချိုဇင်မြင့်ဆိုသူ အမျိုးသမီးတစ်ဦးကိုလည်း စစ်တပ်က ဖမ်းဆီးရန် ကြိုးပမ်းခဲ့ပြီး ၎င်းကို မမိသဖြင့် မိသားစုဝင် ၄ ဦး အဖမ်းခဲ့ရသည်။
မချိုဇင်မြင့်၏ အသက် ၆၄ နှစ်အရွယ် မိခင် ဒေါ်စန်းအေး၊ အသက် ၅၀ ကျော်အရွယ် ဦးလေးဖြစ်သူ ဦးဉာဏ်ဝင်း၊ အသက် ၂၀ အရွယ် ညီမဖြစ်သူ မခင်ပြုံးကြည်၊ အသက် ၂၉ နှစ်အရွယ် မောင်ဖြစ်သူ ကိုအောင်ဇေယျထွန်းတို့ကို စစ်ကောင်စီတပ်က ဇွန် ၁၈ ရက်က သက်ဆိုင်ရာနေရာများတွင် လာရောက်ဖမ်းဆီးသွားသည်။
မိသားစုထဲမှ အသက် တစ်နှစ်ကျော်နှင့် ၆ နှစ်အရွယ် ကလေးနှစ်ဦးကိုပါ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့သည်။
ကိုအောင်ဇေယျထွန်းမှာ တွံတေးမြို့နေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ ရိုက်နှက်ဖမ်းဆီးမှုခံရပြီး ၎င်း၏ High Jet ကားပါ သိမ်းဆည်းခံရကာ ကော့မှူးစစ်ကြောရေးတွင် ပြင်းပြင်းထန်ထန် ညှဉ်းပန်း နှိပ်စက်ခံရသည်ဟု ထိုမိသားစုနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ရင်ဘတ်၊ ကျောကုန်းတွေမှာ အချွန်နဲ့ ထောက်ထားတာ အများကြီးပါ၊ ဘယ်ခြေသန်းတစ်ချောင်း ပုပ်သွားတယ်။ ပေါင်တွေမှာက ကော်ဘူးကို မီးရှို့ပြီး အစက်ချတယ်”
လိင်အင်္ဂါအပါအဝင် ခန္ဓာကိုယ်နေရာအနှံ့အပြားသို့ အဆိုပါ ပလတ်စတစ်အရည်များ အစက်ချကာ နှိပ်စက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ပက်လက်လှန်ခိုင်းပြီး အပေါ်က စစ်ဖိနပ်နဲ့ တက်ခုန်တာ ခဏခဏပဲတဲ့။ မှောက်ခိုင်းပြီး ကျောကုန်းပေါ်ကို စစ်ဖိနပ်နဲ့ တက်ခုန်တာ” ဟု မိသားစုနှင့် နီးစပ်သူ အဆိုပါအမျိုးသားတစ်ဦးက ဆက်ပြောသည်။
ထိုဒဏ်ရာများဖြင့် မင်္ဂလာဒုံခုတင်တစ်ထောင်စစ်ဆေးရုံတွင် ကုသခဲ့ရပြီး အောက်စီဂျင်ပေးရခြင်း၊ ကျောက်ကပ် သုံးကြိမ်ဆေးရခြင်းများပါ ရှိခဲ့ကြောင်း၊ စစ်ဆေးနှိပ်စက်မှု မခံနိုင်၍ ထွက်ပြေးရန် ကြိုးစားခဲ့ရာတွင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူ နောက်အမျိုးသားတစ်ဦးက ပြောသည်။
“စစ်ဆေးတဲ့နေရာမှာ နည်းမျိုးစုံနှိပ်စက်ပြီး ”ဘူး” ဆိုတဲ့စကား ထွက်လို့မရဘူး။ မသိဘူး၊ မရှိဘူး ပြောမရဘူး”
ထိုသို့ အစ်မဖြစ်သူကို ဖမ်းမမိသဖြင့် ဓားစာခံအဖြစ် အဖမ်းခံရသည့် ကိုအောင်ဇေယျထွန်း အပါအဝင် မိသားစုဝင် ၄ ဦးကိုလည်း ဇူလိုင်လအတွင်း အင်းစိန်ထောင်သို့ ပို့လိုက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများနှင့် တရားစွဲဆို ထားသည်ဟု သိရသည်။
စစ်ကောင်စီ အလိုရှိနေသည့် မချိုဇင်မြင့်သည် ပုဒ်မ ၅၀၅-ကဖြင့် အင်းစိန်ထောင်တွင်း သုံးလခန့် ဖမ်းဆီး ထိန်းသိမ်းခံရပြီး စစ်ကောင်စီလွတ်ငြိမ်းသက်သာခွင့်ဖြင့် ယမန်နှစ်အောက်တိုဘာလအတွင်းက ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။
အာဏာသိမ်းပြီး နောက်ပိုင်း၂၀၂၂ ဩဂုတ် ၁ အထိ ဆက်လက် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၁၈၅၉ ဦးထက်မနည်း ရှိပြီး ၎င်းတို့အနက်မှ ၁၃၆၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်ဟု ဖမ်းဆီးမှုများကို စောင့်ကြည့် မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)