အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လုပ်ခသက်သာ၍ ဂျပန်က မြန်မာတွင် အထည်ချုပ်စက်ရုံသစ် ရင်းနှီးမြှုပ်နှံမည်

စစ်တပ်က အာဏာသိမ်းယူထားသော်လည်း မြန်မာနိုင်ငံတွင် လုပ်အားခဈေးသက်သာသောကြောင့် ဂျပန်အခြေစိုက် အဝတ်အထည်လုပ်ငန်း Honeys Holdings ကုမ္ပဏီက အထည်ချုပ်စက်ရုံသစ် ထပ်မံရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။

အထည်ချုပ်စက်ရုံသစ်ကို ရန်ကုန်မြို့ မင်္ဂလာဒုံစက်မှုဇုန်အတွင်းရှိ Honeys Holdings ကုမ္ပဏီက လက်ရှိလည်ပတ်လုပ်ကိုင်နေသည့် အလုပ်ရုံတစ်ခုနှင့် ယှဉ်တွဲတည်ဆောက်သွားမည်ဖြစ်ကာ နှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်းကျော် ရင်းနှီးမြှုပ်နှံမည်ဟု Nikkei Asia သတင်းဌာနက ယမန်နေ့တွင် ရေးသားသည်။

ဂျပန်အထည်အလိပ်ကုမ္ပဏီ၏ မြန်မာနိုင်ငံတါင် တတိယမြောက်ဖြစ်ပြီး စတုရန်းမီတာ ၁၆,၀၀၀ ကျယ်ဝန်းသည့်မြေနေရာယူကာ စက်ရုံသစ်တည်ဆောက်မည်ဟု သိရသည်။​

“တခြားနေရာတွေထက် ဈေးသက်သက်သာသာနဲ့ မြန်မာမှာရှိတဲ့စက်ရုံတွေက ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အကြီးမားဆုံးအားသာချက်ပါပဲ” ဟု Honeys Holdings ကုမ္ပဏီဥက္ကဋ္ဌ Eisuke Ejir က ပြောသည်။

အမျိုးသမီးဖက်ရှင်ပစ္စည်း ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကို အရှေ့တောင်အာရှနိုင်ငံများရှိ စက်ရုံများက ချုပ်လုပ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတစ်ခုတည်းမှ ၄၄ ရာခိုင်နှုန်းရှိသည်။ ဈေးအသက်သာဆုံးဖြင့် အထည်ချုပ်လုပ်မှု ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိလာရန်ရည်ရွယ်ကာ မြန်မာနိုင်ငံတွင် တတိယမြောက်စက်ရုံကို ဖွင့်လှစ်ရန်ဖြစ်သည်ဟု သိရသည်။​

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီကတည်းက Honeys Holdings ကုမ္ပဏီက ၎င်း၏ မြန်မာနိုင်ငံရှိ စက်ရုံများကို လည်ပတ်နေခြင်းဖြစ်သည်။

ဂျပန် အဖျော်ယမကာကုမ္ပဏီကြီးတစ်ခုဖြစ်သော Kirin Holding ကမူ အာဏာသိမ်းပြီးနောက် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းနှင့် အဆက်ဖြတ်၍ မြန်မာကထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

ထို့အပြင် အနောက်နိုင်ငံနှင့် နိုင်ငံတကာကုမ္ပဏီများသည်လည်း လူအခွင့်အရေးချိုးဖောက်မှုများ ပါဝင်ပတ်သက်နိုင်ဖွယ်ရှိသော သံသယဖြစ်ဖွယ်ရာ စီးပွားရေးလုပ်ငန်းများနှင့် ဆက်ဆံမှုကို ပြန်လည်စဉ်းစားသုံးသပ်နေသည်။ 

Honeys Holdings အနေဖြင့် နိုင်ငံတကာအသိမှတ်ပြုလက်မှတ်များ ထုတ်ပေးသည့် SGS Group က စစ်ဆေးမှုကို ခံနေရသည်။ ထို့အပြင် စစ်ဆေးသူများလည်း စက်ရုံအတွင်း ကလေးလုပ်သား၊ အဓ္ဓမလုပ်အားပေးစေခိုင်မှုနှင့် ခွဲခြားဆက်ဆံမှုကဲ့သို့သော ချိုးဖောက်မှုများနှင့် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်၊ လုပ်ငန်းခွင့် လုံခြုံရေးနှင့် ကျန်းမာရေးကိစ္စများကိုလည်း စစ်ဆေးသည်ဟု ဆိုသည်။

“ပြဿနာမရှိဘူးလို့ ကျွန်တော်တို့ကို ပြောတယ်” ဟု ကုမ္ပဏီ ဥက္ကဋ္ဌ Eisuke Ejir ကဆိုသည်။ 

စက်ရုံသစ်သည် အလုပ်သမား ၁,၅၀၀ ခန့်ရှိနိုင်ပြီး အဓိကအားဖြင့် ကုတ်နှင့် အပေါ်အင်္ကျီ တစ်လလျှင် ၁၀၀,၀၀၀ ချုပ်လုပ်နိုင်မည်ဖြစ်ကာ ဂျပန်အပါဝင် အဝတ်အထည်စတိုး ၈၇၁ ခု တွင်ရောင်းချမည်ဖြစ်သည်။ လိုအပ်သည့် အထည်လိပ်နှင့် ကြယ်သီးများကို တရုတ်နိုင်ငံမှ ဝယ်ယူမည်ဖြစ်ကာ မြန်မာနိုင်ငံသည် ထုတ်လုပ်မှု ရာခိုင်နှုန်းအများဆုံးဖြစ်လာရန် ရည်မှန်းထားသည်။

စစ်ကောင်စီအုပ်ချုပ်မှု ယန္တရားအောက်တွင် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးမရှိသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံသည့် စီးပွားရေးလုပ်ငန်းများသည် ကျင်ဝတ်လိုက်နာသည့်လုပ်ငန်းများ မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) လက်ထောက်အထွေထွေ အတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ပြောသည်။

ရင်နှီးမြှုပ်နှံသူများသည် မြန်မာအထည်ချုပ်အမျိုးသမီးများကို အလုပ်အကိုင်အခွင့်အလမ်း ဖန်းတီးပေးရန်ဟု လူကြားကောင်းအောင် ပြောဆိုလေ့ရှိပြီး စင်စစ်အားဖြင့် အနည်းဆုံးအခကြေးငွေထက် သာလွန်အောင် မပေးသလို အလုပ်သမားအခွင့်အရေးလည်းအပြည့်အဝ မပေးကြောင်း သူက ဝေဖန်သည်။

“ဖိနှိပ်တဲ့လုပ်ငန်းခွင်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်တဲ့စနစ်အောက်ထဲမှာ မြန်မာအလုပ်သမားကို ဝိုင်းပြီးတော့ ခေါင်းပုံဖြတ်နေတာဖြစ်ပါတယ်” 

လက်ရှိ စက်ရုံအလုပ်ရုံများတွင် နေ့စဉ်နှင့်အမျှ အလုပ်သမားအခွင့်ရေးသိသိသာသာချိုးဖောက်ခံနေရပြီး တိုင်ကြားရာတွင် ထိရောက်စွာဖြေရှင်းသည့် ယန္တရားမရှိကြောင်း၊ အလုပ်သမားအခွင့်အရေး တောင်းဆိုလျှင် စစ်တပ်ကိုဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်သည့်အခြေအနေများပင်ကြုံနေရကြောင်း မဖြိုးစန္ဒာစိုးက ဆိုသည်။

မြန်မာတွင် ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် အထည်ချုပ်အလုပ်သမားပေါင်း ၂၂၀,၀၀၀ ကျော် အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီး ၈၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း ဥရောပသမဂ္ဂက ဇူလိုင် ၈ တွင် ထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် အထည်ချုပ်စက်ရုံမှ အလုပ်ပြုတ်သွားသဖြင့် အမျိုးသမီးတစ်ဦး သည် ပြည့်တန်ဆာဖြစ်သွားပုံကို ပုံဖော်ထားကာ နိုင်ငံတကာအမှတ်တံဆိပ်များအနေဖြင့် အထည်ချုပ် လုပ်ငန်းတွင် ဆက်လက်ထိန်းသိမ်းရန်တိုက်တွန်းသဖြင့် အလုပ်သမားအဖွဲ့အစည်း ၁၆ ခုက ကန့်ကွက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button