အတွေးအမြင်

ကမ်းကုန်အောင်မိုက်နေသော မင်းအောင်လှိုင်နှင့် ရုရှား၏ အခန်းကဏ္ဍ

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း ရုရှားနိုင်ငံသို့ နှစ်ကြိမ်မြောက် သွားရောက်ခဲ့သည်။ 

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော တိုင်းပြည်မတည်ငြိမ်မှုမှ ဒေသတွင်းလုံခြုံရေးကိုပါ ထိခိုက်လာတော့မည်ကို တွက်ဆမိသောကြောင့် ကြားဝင်ညှိနှိုင်းဖြေရှင်းရန် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အခြေစိုက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် အာဆီယံခေါင်းဆောင်များက မင်းအောင်လှိုင်ကို ခေါ်ယူတွေ့ ဆုံခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ ခရီးစဉ်မှလွဲလျှင် ၎င်းကို လက်ခံသည့် ပြည်ပနိုင်ငံမှာ ရုရှားတစ်နိုင်ငံတည်း ရှိသည်။  

မကြာသေးမီက မင်းအောင်လှိုင် ရုရှားမှ ပြန်လာပြီးသည်နှင့် နိုင်ငံရေးအကျဉ်းသားများကို မတရားကွပ်မျက်သတ်ဖြတ်မှုဖြစ်ပေါ်လာသည်ကို ထောက်ရှု၍ စစ်ကောင်စီသည် ရုရှားနိုင်ငံမှ စစ်ရေးနိုင်ငံရေးအာမခံချက် ခိုင်ခိုင်မာရရှိလာ၍ ယခုကဲ့သို့ မိုက်မိုက်ကန်းကန်း အပြုအမူများပြုလုပ်သည်ဟု သုံးသပ်သူများ ရှုမြင်ကြသည်။ 

ရွေးကောက်ခံ အရပ်သားအစိုးရထံမှ တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းယူပြီး ကိုယ်တိုင်ခန့် ဝန်ကြီးချုပ်ရာထူး၊ အရပ်သားအသွင် နိုင်ငံအကြီးအကဲရာထူး ရယူထားသော်လည်း၊ ၎င်း၏ ရုရှားခရီးစဉ်များမှာ နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်ဖိတ်ကြားချက်အရ သွားရောက်သော နိုင်ငံအကြီးအကဲတစ်ဦး၏ တရားဝင်ခရီးစဉ်များ မဟုတ်ပါ။

အာဏာသိမ်းပြီး ၅ လခန့်အကြာ ပထမတစ်ကြိမ် ရုရှားနိုင်ငံခရီးစဉ်မှာ မော်စကိုတွင် ကျင်းပသော Moscow Conference on International Security 2021 သို့ တက်ရောက်ရန် ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ မှ ၂၇ ရက်နေ့အထိ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ယခု ဒုတိယတစ်ကြိမ်တွင် ဘုရားထီးတင်ရန် အကြောင်းပြချက်ဖြင့် သွားရောက်ခဲ့သည်။ 

ရုရှားအစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်သော နိုင်ငံတော်ခရီးစဉ်များ (State Visits) မဟုတ်သည့်အတွက် ရုရှားအစိုးရက နိုင်ငံတော်အခမ်းအနားဖြင့် ကောဇောနီခင်း ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ခြင်း မရှိပါ။ ရုရှားအစိုးရအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော သမ္မတ၊ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မည်သူမျှ မင်းအောင်လှိုင်ကို တွေ့ဆုံခြင်းမရှိပါ။ 

မင်းအောင်လှိုင်၏ ဝန်ကြီးချုပ်ရာထူးသည် အစစ်အမှန် နိုင်ငံအကြီးအကဲဖြစ်လျှင် နိုင်ငံတကာသံတမန်ဆက်ဆံရေးကျင့်ထုံးအရ ပုဂ္ဂလိကခရီးစဉ်ဖြစ်နေသော်ငြားလည်း အနိမ့်ဆုံးအဆင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးက အလွတ်သဘော လာရောက်တွေ့ဆုံ နှုတ်ဆက်ရမည် ဖြစ်သည်။ သို့သော် ရုရှားအစိုးရအကြီးအကဲများက မင်းအောင်လှိုင် မော်စကိုသို့ ရောက်နေသည်ကိုပင် မသိလေဟန်ပြုမူခြင်းက ၎င်းကို နိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်မပြုကြောင်း ပြသခြင်းပင် ဖြစ်သည်။

၂၀၂၁ က ရုရှားခရီးစဉ်အတွင်း မင်းအောင်လှိုင်ကို ရုရှားဆုပေးခဲ့ပုံ။ (ပုံ-ရုရှားကာကွယ်ရေးဝန်ကြီးဌာန) 

ပို၍ဆိုးသည်မှာ ယခုတစ်ကြိမ်ခရီးစဉ်တွင် တိုင်းပြည်ကို တရားဝင်အသိပေးကြေညာခြင်းမရှိဘဲ Myanmar Airway International (MAI) လေယာဉ်စင်းလုံးယူဆောင်ပြီး နေပြည်တော်မှ ဇူလိုင်လ (၁၀) ရက်နေ့တွင် တိတ်တဆိတ်ထွက်ခွာသွားသည်။ ယင်းလုပ်ရပ်သည် လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ ၎င်း၏ဆရာ ယခင်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင် မလုပ်ခဲ့ဖူးသော အပြုအမူဖြစ်သည်။ 

ရွေးကောက်ခံ နိုင်ငံခေါင်းဆောင်တစ်ဦးသည် ပြည်သူကို တာဝန်ခံရသဖြင့် ပြည်ပခရီးစဉ် ထွက်ခွာရန်ရှိသည့်အခါ ခရီးစဉ်မထွက်ခွာမီ တိုင်းပြည်ကို ကြိုတင်အသိပေးကြေညာခြင်း၊ ထွက်ခွာသည့်နေ့တွင် အစိုးရတစ်ဖွဲ့လုံးမှ လိုက်ပါပို့ဆောင်ခြင်းကို နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခြင်းနှင့် နောက်တစ်နေ့ နိုင်ငံပိုင်သတင်းစာများတွင် ခရီးစဉ်သတင်း ထည့်သွင်းခြင်းတို့သည် မဖြစ်မနေလုပ်ဆောင်ရသည့် နိုင်ငံတော်မှတ်တမ်းဖြစ်သည်။ ထိုအစဉ်အလာကို အာဏာသိမ်းခေါင်းဆောင်ဖြစ်သော်ငြားလည်း ရွေးကောက်ခံအစိုးရအကြီးအကဲအလား ကျင့်သုံးခဲ့သည်မှာ ယခင်စစ်ခေါင်းဆောင် အဆက်ဆက်ဖြစ်သည်။ 

သို့သော် မင်းအောင်လှိုင် ရုရှားရောက်နေကြောင်း ရုရှားသတင်းဌာနများက သတင်းရေးသားကြပြီးမှ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာက ဇူလိုင်လ (၁၃) ရက်နေ့တွင် သတင်းဖော်ပြလာသည်။ ထိုဖြစ်စဉ်သည် မူမှန်သော အခြင်းအရာမဟုတ်ဘဲ တိုင်းပြည်အာဏာကို တရားမဝင် အတင်းအဓမ္မရယူထားသူတစ်ဦး၊ မည်သည့်နိုင်ငံကမှ နိုင်ငံအကြီးအကဲအဖြစ် လက်ခံခြင်းမခံရသူတစ်ဦး၏ သိမ်ငယ်သော၊ မလုံခြုံသော စိတ်ဝေဒနာမှ ပေါ်ထွက်လာသော အပြုအမူပင် ဖြစ်သည်။ 

မင်းအောင်လှိုင်၏ မလုံခြုံသော စိတ်အခြေအနေသည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို အမေရိကန်အစိုးရက လူမျိုသုဉ်းသတ်ဖြတ်မှု (Genocide) အဖြစ် သတ်မှတ်ခဲ့ခြင်း၊ အာဂျင်တီးနားနှင့် တူရကီနိုင်ငံတို့တွင် နိုင်ငံတကာတရားရေးစနစ် (Universal Jurisdiction) အရ အမှုဖွင့်စုံစမ်းစစ်ဆေးနေခြင်းနှင့် မကြာမီ နိုင်ငံတကာတရားရုံး (International Court of Justice) က ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံ၏ ပြုမူခဲ့မှုသည် Genocide Convention ကို ဖောက်ဖျက်ခဲ့ခြင်း ရှိမရှိ ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားချက်ကို အဆုံးအဖြတ်ပေးတော့မည့် အကြောင်းတရားများ လွှမ်းမိုးနေနိုင်ပါသည်။ 

ထိုအကြောင်းတရားများကြောင့် မင်းအောင်လှိုင် စိတ်လုံခြုံမှုမရှိ၊ ၎င်း၏ ပြည်ပခရီးစဉ်များကို လူသိရှင်ကြား မစီစဉ်ရဲသည့်အခြေအနေသို့ ဆိုက်ရောက်နေပုံရသည်။ ၎င်းစီးနင်းလိုက်ပါသွားသည့် လေယာဉ်ကို နိုင်ငံတကာလေပိုင်နက်အတွင်း အမျိုးအမည်မသိ ဒုံးလက်နက်တမျိုးဖြင့် ပစ်ချခံရနိုင်သလား ဆိုသည်အထိ အကြောက်တရားကြီးစိုးနေနိုင်ပါသည်။

ယခုတစ်ကြိမ် ရုရှားနိုင်ငံကို သွားရောက်ရာတွင် မင်းအောင်လှိုင်၏ အဆင့်အတန်း ပို၍ပင် အဆင့်နိမ့်သွားသည်။ ပထမအကြိမ်ကဲ့သို့ ရုရှားဘက်က ကာကွယ်ရေးဝန်ကြီး Sergey K. Shoigu ပင် လက်ခံ တွေ့ဆုံခဲ့ခြင်း မရှိတော့ပါ။ မော်စကိုသို့ရောက်ရှိပြီး နောက်တစ်နေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် “ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး Sergey K. Shoigu ကိုယ်စား တာဝန်ရှိအကြီးအကဲများနှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေး” ဟု ဇူလိုင် ၁၃ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့ရာ ရုရှားဘက်မှ ဒုတိယကာကွယ်ရေးဝန်ကြီး Alexander Fomin နှင့်သာ တွေ့ဆုံခဲ့ရသည်။

မင်းအောင်လှိုင်၏ အာဏာသိမ်းမှုအစီအစဉ် ရုရှားကြိုသိခဲ့သလား

အာဏာသိမ်းရန် ၉ ရက်အလို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီး General Sergey K. Shoigu နေပြည်တော်သို့ ရောက်ရှိလာပြီး၊ မင်းအောင်လှိုင် တွေ့ဆုံခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်သည် ထိုစဉ်က NLD အစိုးရ၏ တရားဝင်ဖိတ်ကြားချက်ကြောင့်မဟုတ်ဘဲ မင်းအောင်လှိုင်၏ ဖိတ်ကြားချက်ဖြင့် လာရောက်ခြင်း ဖြစ်ပြီး၊ အစိုးရအဖွဲ့ဝင် တစ်ဦးတစ်ယောက်နှင့်မျှ တွေ့ဆုံခဲ့ခြင်းမရှိပါ။ 

ကာကွယ်ရေးဆိုင်ရာသတင်းများကို ရေးသားဖော်ပြသော ထင်ရှားသည့် Janes မဂ္ဂဇင်းကြီးက ထိုနေ့မှာပင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို Pantsir-S1 လေကြောင်းရန် ကာကွယ်ရေးစနစ်၊ Orlan-10E ဒရုန်းများနှင့် ရေဒါစနစ်များ ရောင်းချရန် ကြေညာကြောင်း ရေးသားဖော်ပြခဲ့သည်။ ထိုနှစ်ထဲမှာပင် Pantsir-S1 ဒုံးစနစ်ကို ရုရှားဘက်က အလျင်အမြန်ပေးပို့ခဲ့ကြောင်း ဆွီဒင်နိုင်ငံအခြေစိုက် Stockholm International Peace Research Institute (SIPRI) ၏ ကမ္ဘာတစ်ဝန်းလက်နက်ရောင်းဝယ်မှုဆိုင်ရာ အချက်အလက်များအရ လေ့လာသိရှိရသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းချိန်က နေပြည်တော်ပတ်ပတ်လည်တွင် လေကြောင်းရန် ကာကွယ်ရေးတပ်များ၏ ဒုံးစနစ်များနှင့် စောင့်ကြည့်ရေဒါစနစ်များ ဖြန့်ကြက်ချထားခဲ့သည့် သတင်းများထွက် ပေါ်ခဲ့သည်။ မင်းအောင်လှိုင်၏ အာဏာသိမ်းမည့်အစီအစဉ်ကို ရုရှား ကြိုတင်သိရှိခဲ့သလား စဉ်းစားစရာ ဖြစ်ခဲ့သည်။

အမှန်စင်စစ် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို ဝေဟင်မှ တန်ပြန်ချေမှုန်းနိုင်မည့် အင်အားမျိုး ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထဲတွင် မရှိကြပေ။ မြန်မာကို စစ်ရေးအရ တိုက်ရိုက်ခြိမ်းခြောက်နေသော ပြည်ပရန်လည်း မရှိပေ။ သို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို အာဏာသိမ်းလျှင် အမေရိကန်က ဝင်ရောက်စွက်ဖက်နိုင်ခြေရှိသည်ဟု စစ်ခေါင်းဆောင်၏ အမေရိကန်ကြောက်ရောဂါကြောင့်လား မေးခွန်းထုတ်စရာ ဖြစ်သည်။

၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့မှုများ၊ အာဏာသိမ်းပြီးနောက် လက်နက်မဲ့ ပြည်သူထောင်နှင့်ချီပြီး ရက်ရက်စက်စက်သတ်ဖြတ်နေခြင်း၊ ချင်း၊ စစ်ကိုင်းနှင့် မကွေးတို့တွင် နေရာအနှံ့ မြို့ရွာများကို မီးရှို့ဖျက်ဆီးကာ အစုလိုက်အပြုံလိုက် လူသတ်မှုများ ကျူးလွန်ထားသော မြန်မာစစ်တပ်၏ တာဝန်အရှိဆုံးသူ ဖြစ်နေ၍လည်း ပို၍စိတ်မလုံခြုံစွာဖြင့် ၎င်း၏ နိုင်ငံရပ်ခြားခရီးစဉ်ကို လျှို့ဝှက်စွာ စီစဉ်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။

၂၁ ရာစု စစ်ပွဲများသည် နည်းပညာစစ်ပွဲများ ဖြစ်လာသည်။ နည်းပညာအဆင့်မြင့်လာသည်နှင့်အမျှ လူလိုက်ပါခြင်းမရှိသော ဒရုန်းများ (Unmanned Aerial Vehicles – UAVs) ကို အဝေးထိန်းနည်းပညာများ အသုံးပြုပြီး ပစ်မှတ်ကို အတိအကျ ပစ်ခတ်နိုင်သော ဒုံးကျည်များဖြင့် ပစ်ခတ်နိုင်စွမ်း ရှိလာကြပြီး ဖြစ်သည်။

နိုင်ငံတကာလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသော စစ်ခေါင်းဆောင်များနှင့် အကြမ်းဖက် စစ်သွေးကြွခေါင်းဆောင်များကို ရှင်းလင်းသုတ်သင်ရာတွင် UAVs များ အသုံးပြုလာကြသည်။

၂၀၁၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က လစ်ဗျားနိုင်ငံ၏ အာဏာရှင် မာမွတ်ကဒါဖီသည် သူ့ကို ဆန့်ကျင် ဆန္ဒပြသော ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်နေခြင်းကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက လစ်ဗျားပြည်သူများကို R2P (Responsibility to Protect) အရ အကာအကွယ်ပေးခဲ့ရာ NATO က ကဒါဖီနေအိမ်ကို ဒုံးကျည် ပစ်လွှတ် တိုက်ခိုက်ခဲ့ဖူးသည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဖြစ်ရပ်ဖြစ်သည်။ 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် အမေရိကန်သမ္မတ သမ္မတ ဒေါ်နယ်ထရမ်၏အမိန့်ဖြင့် အကြမ်းဖက်အဖွဲ့များကို နောက်ကွယ်က အားပေးပြီး အကြမ်းဖက်မှုများ ကျူးလွန်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု အမေရိကန်အစိုးရက ယုံကြည်သော အီရန်နိုင်ငံက ထင်ရှားသည့် ဗိုလ်ချုပ်ကြီး Qassim Suleimani  အီရတ်နိုင်ငံသို့ ရောက်ရှိလာစဉ် လေဆိပ်ကအထွက် UAV အသုံးပြုပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်။ 

၂၀၁၁ ခုနှစ်တုန်းက ကဒါဖီ ကံအားလျော်စွာ မသေသော်လည်း ဆယ်စုနှစ်တစ်ခုအကြာ ၂၀၂၀ တွင် အီရန်ဗိုလ်ချုပ်ကြီးကို အတိအကျ ပစ်ခတ်ရှင်းနိုင်သည်အထိ နည်းပညာများ တိုးတက်ခဲ့သည်။ ထိုကဲ့သို့ ဖြစ်ရပ်များ ကမ္ဘာတွင် ရှိခဲ့ဖူးကြောင်း မင်းအောင်လှိုင် မေ့နိုင်မည် မဟုတ်ပါ။

မြန်မာစစ်ခေါင်းဆောင်များ၏ အမေရိကန်ကြောက်ရောဂါ

မြန်မာစစ်ခေါင်းဆောင်များသည် အမေရိကန်လုပ် (Made in USA) စစ်ဂျာကင်များ ဝတ်ဆင်မှုအပါအဝင် အမေရိကန်ပစ္စည်းဆိုလျှင် ကြိုက်နှစ်သက်ကြသလောက် အမေရိကန်စစ်တပ်များ မြန်မာပြည်ထဲ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာမလားဆိုသည့် အကြောက်ရောဂါလည်း ရှိကြသည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်သည့် စစ်အုပ်စုသည် အာဏာသိမ်းရသည့်အကြောင်းရင်းများကို နောက်ပိုင်း လူသိရှင်ကြား ပြောကြသည့်အခါ မြန်မာ့ရေပိုင်နက်အနီး အမေရိကန်စစ်သင်္ဘောများ ရောက်ရှိနေပြီး၊ မြန်မာပြည်ထဲ ကျူးကျော်ဝင်ရောက်ရန် ကြံစည်နေသယောင် ထည့်သွင်း ပြောဆိုလေ့ရှိသည်။ 

စစ်ခေါင်းဆောင်များ၏ ထင်ရှားသော အမေရိကန်ကြောက်ရောဂါ ဥပမာတစ်ခုမှာ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၂၂ နှစ်ကျော် နိုင်ငံအနှံ့ မြို့ကြီးမြို့ငယ်တိုင်းတွင် လူစည်ကားသော လမ်းဆုံလမ်းခွများ၌ စိုက်ထူထားသော “ပြည်ပအားကိုး ပုဆိန်ရိုး” စာတမ်းပါ ဆိုင်းဘုတ်များပင် ဖြစ်သည်။ အဆိုပါ စာတမ်းပါ “ပြည်ပ” ဆိုသည်မှာ အမေရိကန်ပြည်ထောင်စုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ပြည်သူအများ သိကြသည်။ 

မြန်မာစစ်တပ်အကြောင်း လေ့လာသူပညာရှင်တချို့က အဆိုပါ အမေရိကန်ကြောက်ရောဂါသည် အစစ်အမှန်မဟုတ်ဘဲ ပြည်ပနိုင်ငံတစ်ခုက ကျူးကျော်စစ် ဆင်နွှဲလာနိုင်ပုံကို ပုံကြီးချဲ့ပြီး စစ်တပ်အတွင်း ဝါဒဖြန့်စည်းရုံးထားခြင်းဖြင့် စစ်ခေါင်းဆောင်များ ဩဇာအာဏာတည်ဆောက်ရေး နည်းလမ်းတစ်ခုအဖြစ် ဝေဖန်သုံးသပ်ကြသည်။ 

ထို့အတူ အတိုက်အခံ ဒီမိုကရေစီအင်အားစုများကို ဖိနှိပ်ဖမ်းဆီးခြင်းသည် အမေရိကန်ကဲ့သို့ အနောက်နိုင်ငံများ၏ နောက်ကွယ်က မြှောက်ထိုးပင့်ကော်ပြုလုပ်ပြီး တိုင်းပြည်ပြိုကွဲအောင် ကြံစည်နေမှုများကြောင့်ဟု ဝါဒဖြန့်လျက် “မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး” ကြွေးကြော်သံများဖြင့် ပြည်သူများကို စည်းရုံးရေးလက်နက်သဖွယ် အသုံးပြုနေခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပင် အမေရိကန်က နောက်ကွယ်မှ ကြိုးဆွဲနေသော ရုပ်သေးရုပ်အဖြစ် ပုံဖော်ခဲ့ဖူးသည်။ 

သို့သော် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ဆိုင်ကလုန်းနာဂစ် တိုက်ခတ်မှုဒဏ် အကြီးအကျယ်ခံစားခဲ့ရပြီး လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေဆုံးခဲ့ရမှု သဘာဝဘေးဆိုးကြီးနှင့် မြန်မာနိုင်ငံကြုံတွေ့ခဲ့ရစဉ် မြန်မာ့ရေပိုင်နက်အနီး ရောက်ရှိနေသော အမေရိကန်စစ်သင်္ဘောများက မြန်မာစစ်အစိုးရ ချက်ချင်းလက်လှမ်းမမီသော မုန်တိုင်းဘေးဒဏ်သင့်နေရာများသို့ ၎င်းတို့၏ စစ်ရဟတ်ယာဉ်များအသုံးပြုပြီး အသက်ရှင်ကျန်ရစ်သူများကို အရေးပေါ် လူသားချင်းစာနာမှု ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် မြန်မာစစ်တပ်ကို အမှန်တကယ် ချဉ်းကပ်ကြိုးစားခဲ့ဖူးသည်။ 

အမေရိကန်ကြောက်ရောဂါရှိသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ထိုကမ်းလှမ်းချက်ကို မြန်မာ့နယ်နိမိတ်ထဲ အမေရိကန်စစ်တပ် ကျူးကျော်ဝင်ရောက်ရန် ကြိုးစားမှုအဖြစ် သတ်မှတ်ကာ လူ့အသက်ပေါင်းများစွာ အန္တရာယ်တွင်းကျရောက်နေသော်လည်း ကမ်းလှမ်းမှုကို လုံးဝငြင်းဆန်ခဲ့သည်။

ထို့ကြောင့် အမေရိကန်ကြောက်ရောဂါသည် စစ်ခေါင်းဆောင်များ၏ အာဏာတည်ဆောက်ရေးအတွက် အသုံးချသော နည်းလမ်းသက်သက်မျှမဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင်တွင် စွဲကပ်နေသောရောဂါဖြစ်ပြီး မင်းအောင်လှိုင်လက်ထက်တွင် ပို၍ထင်ရှားစွာ တွေ့မြင်လာရသည်။

ရုရှားလက်နက်များဖြင့် စစ်ရေးတည်ဆောက်နေသော မြန်မာစစ်တပ်

လွန်ခဲ့သော နှစ်ပေါင်း ၃၀ လုံးလုံး ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ရာတွင် အမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာစစ်တပ်ကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က လက်နက်ရောင်းချမှု ပိတ်ဆို့ရေး (Arm Embargo) နည်းလမ်းဖြင့် အရေးယူထားခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဒီမိုကရေစီအသွင်ကူးပြောင်းမှု စတင်ခဲ့ပြီးနောက် စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးခဲ့သော်လည်း လက်နက်ရောင်းချမှုကို ဆက်လက်ပိတ်ဆို့ထားခဲ့သည်။ 

ထို့ကြောင့်ပင် နိုင်ငံဆင်းရဲသော်လည်း ဒေါ်လာဘီလီယံပေါင်းများစွာသုံးစွဲပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှစ၍ စစ်တပ်ခေတ်မီရေးအတွက် လေတပ်နှင့် ရေတပ်ကို အဆင့်မြှင့်တင်ရေးနှင့် ယခင်က မရှိခဲ့ဖူးသော ဒုံးကျည်တပ်ဖွဲ့တည်ထောင်ရေးတို့အတွက် တရုတ်၊ ရုရှားနိုင်ငံတို့ထံမှ စစ်လက်နက်အမြောက်အမြားကို ဝယ်ယူခဲ့သည်။ 

အမေရိကန်ဦးဆောင်သော အနောက်အုပ်စု၏ပြိုင်ဘက် တရုတ်နှင့် ရုရှားတို့ကလည်း မြန်မာကဲ့သို့ နိုင်ငံငယ်များကို ၎င်းတို့၏လက်နက်များ ရောင်းချသည့်ဈေးကွက်အဖြစ် ပစ်မှတ်ထား စည်းရုံးကြလေ့ရှိသည်။ ဤနည်းဖြင့် ရုရှား-မြန်မာ ဆက်ဆံရေးသည် နိုင်ငံရေးအရ အစိုးရချင်း ရင်းနှီးသောဆက်ဆံရေးထက် လက်နက်အရောင်းအဝယ်အပေါ် အခြေပြုထားသော ဖောက်သည်ဆက်ဆံရေး (Client Relation) အဖြစ် ရှိနေခဲ့သည်။

ထိုအခြေအနေမှ ရုရှား-မြန်မာ စစ်ရေးမဟာမိတ်အဆင့်ထိ မြှင့်တင်ရန် မင်းအောင်လှိုင် ကြိုးစားနေသော်လည်း ရုရှားသည် ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲချိန်ကစပြီး တစ်ကမ္ဘာလုံး၏ ဝိုင်းဝန်းဒဏ်ခတ်ပိတ်ဆို့မှုဒဏ်ကို အလူးအလဲခံစားနေရပြီး စစ်နွံနစ်နေချိန်ဖြစ်သည်။ ထို့အပြင် ကီလိုမီတာ ထောင်နှင့်ချီ ဝေးကွာသော အရှေ့တောင်အာရှက မြန်မာနိုင်ငံသည် ရုရှားအတွက် မဟာဗျူဟာအရေးပါသော နိုင်ငံတစ်ခု မဟုတ်ပါ။ 

ရုရှားအတွက် မြန်မာသည် လက်နက်ဖောက်သည်အဆင့်ထက် မပိုနိုင်ဘဲ၊ စစ်ရေးအရ ကူညီလောက်သည့် မဟာမိတ်အဆင့် ဖြစ်မလာနိုင်ပါ။ သို့သော် နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းမခံရသော မင်းအောင်လှိုင်အတွက် ရုရှားသည် နိုင်ငံရေးအရ ကုသလမဂ္ဂမျက်နှာစာတွင်လည်းကောင်း၊ စစ်ရေးအရ တရုတ်နိုင်ငံထက် ပို၍ အရည်အသွေးကောင်းသော စစ်လက်နက်များ ဝယ်ယူနိုင်သည့် နိုင်ငံအဖြစ်လည်းကောင်း အသုံးဝင်လှပါသည်။

၁၉၉၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မြန်မာစစ်တပ်သည် လေတပ်ကို အဆင့်မြှင့်တင်ရန်နှင့် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တပ်ဖွဲ့များ အသစ်ဖွဲ့စည်းရန် ရုရှားနိုင်ငံမှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေး ဒုံးစနစ်များ (Air Defense Systems – ADS) ၊ ဒုံးကျည်များနှင့် အမြောက်များ စသည့် စစ်လက်နက်ပစ္စည်း အမြောက်အမြားကို ဒေါ်လာဘီလီယံချီ ဝယ်ယူခဲ့ကြောင်း SIPRI ၏ အချက်အလက်မှတ်တမ်းများကို နှစ်အလိုက် လေ့လာခဲ့ရာ အောက်ပါအတိုင်း လေ့လာတွေ့ရှိခဲ့သည်။

ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူမှုမှတ်တမ်း (၁၉၉၅ – ၂၀၂၁)

၁၉၉၅-၉၆ ခုနှစ် – စစ်အေးခေတ်ကာလ ၁၉၇၅ ခုနှစ်တွင် ရုရှားနိုင်ငံက စတင်ထုတ်လုပ်အသုံးပြုခဲ့သော သယ်ယူပို့ဆောင်ရေးနှင့် တိုက်ခိုက်ရေး နှစ်မျိုးစလုံးအသုံးပြုနိုင်သည့် Mi-17 အမျိုးအစား (ရုရှားပြည်တွင်း၌ Mi-8M ဟု အမည်ရ) ရဟတ်ယာ‌ဉ် ၇ စင်းနှင့် ၁၉၉၆ ခုနှစ်တွင် Mi-17IV ၅ စင်းကို ရုရှားထံမှ စတင်ဝယ်ယူခဲ့ပြီး၊ ထိုအချိန်ကစ၍ ရုရှား-မြန်မာ စစ်လက်နက်ပစ္စည်းဝယ်ယူမှု ဆက်ဆံရေးသည် ၂၆ နှစ်ရှိပြီ ဖြစ်သည်။

၂၀၀၁ ခုနှစ် –  MiG-29 တိုက်လေယာဉ် ၁၀ စင်း၊ ထိုလေယာဉ်များတွင် တပ်ဆင်အသုံးပြုသော R-27R/T အမျိုးအစား ဒုံးလက်နက် ၃၀ ခု၊ R-73 အမျိုးအစား ဒုံးလက်နက် ၆၀ ခု အပါအဝင် ဆက်စပ်ပစ္စည်းများကို ဒေါ်လာ သန်း (၁၃၀) ဖိုး ဝယ်ယူခဲ့သည်။ 

၂၀၀၄ ခုနှစ် –  ထရပ်ကားပေါ် တင်ဆောင်၍ ရွှေ့လျားပစ်ခတ်နိုင်သည့် S-125 Pechora-2M အမျိုးအစား လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် (Air Defense system – ADS) ၃၈ စင်း၊ ADS တင့်ကားများတွင် တပ်ဆင်အသုံးပြုသော 9M311 Treugolnik ဒုံးကျည် ၆၀၀၊ ပခုံးထမ်းအပေါ့စား Igla-1 လေယာဉ်ပစ်ဒုံးကျည် (မြန်မာစစ်တပ်တွင် ဂျစ်ကား၏နောက်ပိုင်း၌ တပ်ဆင်၍ ADS အဖြစ် အသုံးပြု) ၂,၀၀၀ ကို မှာယူခဲ့ပြီး၊ ရုရှားက ၂၀၀၄ – ၂၀၀၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သည်။ 

၂၀၀၅ ခုနှစ် – ရုရှားထံမှ D-30 122mm အမြောက်ကြီး အလက် ၁၀၀ ကိုလည်း ဝယ်ယူခဲ့သည်။

၂၀၀၉-၁၀ ခုနှစ် – ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ၂၀၀၈ တွင် လူထုဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုခဲ့ပြီး ၂၀၁၀ တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ နိုင်ငံရေးအပြောင်းအလဲများ လုပ်ခဲ့သည်။ ထို့ကြောင့် ၂၀၀၉-၁၀ နှစ်များသည် မြန်မာစစ်တပ်အတွက် အရေးကြီးသော နိုင်ငံရေးအပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်သည့်နှစ်များ ဖြစ်ပြီး၊ မြန်မာလေတပ်ကို တိုးချဲ့ရန် ရုရှားလုပ် တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ် အများအပြားကိုလည်း ဝယ်ယူခဲ့သည်။ တိုက်လေယာဉ်များမှာ ဒေါ်လာ သန်း (၅၇၀) တန်ဖိုးရှိသော MiG-29 ၁၄ စင်းနှင့် MiG-29S ၆ စင်း၊ ထိုတိုက်လေယာဉ်များ၌ တပ်ဆင်ပစ်ခတ်နိုင်သော R-27R/T ၈၀ စင်းနှင့် R-73 ၁၅၀ စင်းတို့ ပါဝင်သည်။ အသုံးပြုပြီးသား တစ်ပတ်ရစ် တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-2 ၁၂ စင်းနှင့် Mi-35P ၁၀ စင်းတို့ကိုလည်း ဝယ်ယူခဲ့သည်။ အဆိုပါ လေယာဉ်များသည် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ နှင့် ၂၀၁၅ အတွင်း ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။   

၂၀၁၅ ခုနှစ် – စစ်တပ်သည် သမ္မတဦးသိန်းစိန်၏ သမ္မတသက်တမ်း နောက်ဆုံးနှစ်တွင် Yak-130 အမောင်းသင်နှင့် တိုက်ခိုက်ရေး နှစ်မျိုးစလုံးအသုံးပြုနိုင်သော ဂျက်တိုက်လေယာဉ် ၆ စီးနှင့် ထိုလေယာဉ်များတွင် တပ်ဆင်ပစ်ခတ်နိုင်သော R-73 ဒုံးကျည် ၇၅ စင်းနှင့် ဆက်စပ်ပစ္စည်းများကို ရုရှားနိုင်ငံမှ ဝယ်ယူခဲ့သည်။ ထိုလေယာဉ်များကို ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သော JF-17 တိုက်လေယာဉ် ၁၆ စင်းအတွက် အင်ဂျင်အပို ၁၆ လုံး ဝယ်ယူခဲ့သည်။ 

၂၀၁၈ ခုနှစ် – NLD အစိုးရသက်တမ်း နှစ်လယ်ပိုင်းရောက်လာသည့်အခါ Yak-130 တိုက်လေယာဉ် ၆ စင်းနှင့် ဒေါ်လာ သန်း (၂၀၀) ကျော် တန်ဖိုးရှိသော Su-30SME ၆ စင်းတို့ကို ထပ်မံဝယ်ယူခဲ့သည်။ ရုရှားထံမှ ဝယ်ယူခဲ့သမျှ တိုက်လေယာဉ်များထဲတွင် Su-30SME သည် နည်းပညာအဆင့်အမြင့်ဆုံးနှင့် ဈေးအကြီးဆုံး ဖြစ်သည်။ 

၂၀၁၉ ခုနှစ် – မြန်မာစစ်တပ်သည် ရုရှားထံမှ အရေအတွက်အတိအကျမသိရသော BRDM-2MS သံချပ်ကာ ကားများကို ဝယ်ယူခဲ့ပြီး၊ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရုရှားကုန်တင်သင်္ဘော AZSCO သည် BRDM-2MS များ သယ်ဆောင်၍ ရန်ကုန်မြို့ သီလဝါရေနက်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး၊ သင်္ဘောလာရာလမ်းကြောင်းကို Myanmar Witness က ခြေရာခံအတည်ပြုနိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် – မြန်မာစစ်တပ်ကို ရုရှားလုပ် 96K9 Pantsyr-S1 လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ် ရောင်းချရန် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သဘောတူညီကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကြေညာခဲ့ပြီး အရေအတွက် အတိအကျမသိရှိရသော အဆိုပါ ဒုံးစနစ်ကို ထိုနှစ်အတွင်း ရုရှားဘက်က ချက်ချင်းပေးခဲ့သည်။    

ရုရှားနိုင်ငံမှ ဝယ်ယူထားသော စစ်လက်နက်ပစ္စည်းများ (၁၉၉၅ – ၂၀၂၁)

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ရုရှား-မြန်မာ စစ်ဖက်ဆက်ဆံရေး ရက်စွဲမှတ်တမ်း  

ဖေဖော်ဝါရီ ၄ ရက်နေ့ –  စစ်တပ်အာဏာသိမ်းမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆွေးနွေးရာတွင် ရုရှားက တရုတ်နိုင်ငံကဲ့သို့ အသံထွက်ခဲ့သည်၊ အာဏာသိမ်းခြင်းမဟုတ်ဘဲ အစိုးရအဖွဲ့အပြောင်းအလဲ (Cabinet Reshuffle) သာဖြစ်ကြောင်း မင်းအောင်လှိုင်ဘက်မှ ကာကွယ်ရပ်တည်ခဲ့သည်။ 

မတ်လ ၂၇ ရက်နေ့ – စစ်ကောင်စီ၏ စစ်ရေးပြအခမ်းအနားကို ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Alexander Fomin တက်ရောက်ခဲ့ခြင်းဖြင့် ရုရှားသည် မြန်မာစစ်အာဏာသိမ်းမှုကို ထောက်ခံကြောင်း ပြသခဲ့သည်။  

ဇွန်လ ၂၁-၂၇ – မင်းအောင်လှိုင် Moscow Conference on International Security 2021 (MCIS-2021) တက်ရောက်ရန် သွားရောက်ခဲ့ပြီး၊ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး၊ ကာကွယ်ရေးဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နိုင်ငံတကာကို ရုရှား၏ စစ်လက်နက်ပစ္စည်းများ အဓိက တင်ပို့ရောင်းချနေသော နိုင်ငံပိုင် Rosoboronexport ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့ပြီး၊ မြန်မာက မှာယူထားသည့် Su-30SME တိုက်လေယာဉ်တည်ဆောက်နေမှု အခြေအနေကိုလည်း လေ့လာခဲ့သည်။ Mi ရဟတ်ယာဉ်များ ထုတ်လုပ်ရာ Republic of Tatarstan ကိုလည်း သွားရောက်ခဲ့သည်။ မင်းအောင်လှိုင်၏ တစ်ပတ်ကြာ ရုရှားခရီးစဉ်သည် ရုရှားအစိုးရထံမှ စစ်ရေးအကူအညီများ ရရှိရန် သွားရောက်ကြိုးပမ်းခဲ့ခြင်းကြောင်း လေ့လာတွေ့ရှိရသည်။  

စက်တင်ဘာလ ၂-၆ – ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းသည် International Army Games 2021 ပိတ်ပွဲ တက်ရောက်ရန် ခေါင်းစဉ်ဖြင့် ရုရှားနိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းများက ဖော်ပြသည်။

စက်တင်ဘာ ၂၈ – ရုရှား – မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲကို Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။ အာဏာသိမ်းပြီး ၆ လကြာလာသည့်အခါ နိုင်ငံတကာစီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများနှင့် ပြန်လည်ရင်ဆိုင်လာရခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းကုန်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် တည်ဆောက်ရန် သဘောတူခဲ့သော နိုင်ငံတကာစီမံကိန်းကြီးများ ရပ်ဆိုင်းသွားခြင်း၊ စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်လာရခြင်းတို့ကြောင့် အစဉ်အလာအရ အားကိုးအားထားပြုခဲ့သော တရုတ်နိုင်ငံကို ကျော်ပြီး ရုရှားထံမှ စီးပွားရေးအကူအညီပါ မင်းအောင်လှိုင် မျှော်လင့်အားကိုးလာကြောင်း တွေ့ရှိရသည်။

အောက်တိုဘာ ၂၇ – ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်ရှိလာပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းပျံသန်းရေး၊ လျှပ်စစ်ဓာတ်အားအသုံးပြု သယ်ယူပို့ဆောင်ရေးလုပ်ငန်း (လျှပ်စစ်ရထား) ကိစ္စ၊ သဘာဝဓာတ်ငွေ့၊ သံမဏိ၊ ဘိလပ်မြေ၊ ဓာတ်မြေဩဇာ ထုတ်လုပ်ရေးတွင် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စများ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီသတင်းများက ဖော်ပြသည်။ သို့သော် ယနေ့အချိန်ထိ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ရုရှားနိုင်ငံက ဝင်ရောက်လာသည့် အထောက်အထားများ မတွေ့ရှိရသေးပါ။

အောက်တိုဘာ ၂၉ – ရုရှားရေတပ် ဒုတိယရေတပ်ဦးစီးချုပ် Vladimir Lvovich Kasatonov ဦးဆောင်သော ရုရှားစစ်ရေယာဉ် Gremyashiy သည် ရန်ကုန် သီလဝါဆိပ်ကမ်းကို ရောက်ရှိလာသည်။ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာသော ရုရှားစစ်ရေယာဉ်ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားစစ်ယာဉ်ပေါ်တွင် ပြုလုပ်သော အခမ်းအနားကို တက်ရောက်ခဲ့ပြီး ရရှား ဒုတိယရေတပ်ဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီသတင်းများက ဖော်ပြသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button