သတင်း

တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်တပ်ကို အလစ်အငိုက်ဝင်တိုက် 

ယမန်နေ့ (ဇူလိုင် ၂၁) က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း တောင်ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ PDF က ပြောသည်။

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်ပေါ်ရှိ စစ်တပ်ကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးသည်ဟု ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့တွေ အနီးရောက်နေတာတောင် သူတို့မသိကြဘူးလေ မသိဘဲနဲ့ ဓားတွေကိုင်ပြီး ထင်းတွေ ခုတ်နေကြတာ၊ အပင်တွေခုတ်တာပေါ့။ ကျွန်တော်တို့ သူတို့ဆောက်ထားတဲ့ ဘန်ကာတချို့တွေဆီ ရောက်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သည့်နည်းတူ စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

လွယ်မကူးတောင်ပေါ်ရှိ စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊​ အပင်ခုတ်နေသည့် စစ်သားများအပြင် ကတုတ်ကျင်းရှိ စစ်သားအချို့လည်း သေဆုံးကြောင်း အထက်ပါ ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။​

စစ်ကောင်စီဘက်မှ အင်အား ၄၀ ထက်မနည်းရှိကြောင်း ပူးပေါင်းတပ်များဘက်မှ ထိခိုက်မှုမရှိဘဲ တစ်နာရီအကြာတွင် ပြန်ဆုတ်ခဲ့ကြောင်းလည်း သိရသည်။​

“ကျွန်တော်တို့ရဲ့ ပုံစံကတော့ နိုင်ရင်လုပ်မယ်၊ မနိုင်ရင် ပြေးမယ်၊ ကျွန်တော်တို့လူတွေ ထိခိုက်မှုနည်းအောင်လို့” ဟု ပြောသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းက ညောင်ရွှေမြို့နယ်၊ ထီရီးကျေးရွာရှိ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဖယ်ခုံအင်းအရှေ့ဘက်ကမ်းတစ်လျှောက် စစ်ကြောင်းထိုးကာ လွယ်မကူးတောင် အပါအဝင် တောင်ကုန်းအချို့တွင် တပ်စွဲထားခြင်းဖြစ်သည်ဟု သိရသည်။

ယမန်နေ့က တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်သဖြင့် အနီးရှိ လဟယ်ရွာနှင့် ကပ်လျက် လွယ်ပေါရွာဈေးမှ ဆိုင်ခန်း ၆ ခန်း ပျက်စီးသွားကြောင်း သိရသည်။ 

ထို့ပြင် နားဟီးရွာနှင့် ဗန့်ခူးရွာအနီး လက်နက်ကြီးအချို့ ကျသဖြင့် ရွာခံများ အထိတ်တလန့် ထွက်ပြေးရကြောင်းလည်း ဖယ်ခုံ PDF ထံမှ သိရသည်။

“မနေ့ကတော့ ထော်လာဂျီတွေနဲ့ ထွက်ပြေးကြတယ်။ တချို့ဆို ဘုန်းကြီးကျောင်းတွေထဲမှာ စုပြီး ကြောက်တော့ မိန်းကလေးတွေရော ကလေးတွေရော ငိုယိုပြီးတော့ အသံတွေဆူညံပြီးတော့လေ။ ပြီးတော့ ထော်လာဂျီတွေတွေနဲ့ မောင်းထွက်ပြေးကြတယ်” 

ထွက်ပြေးသည့် ရွာခံလူဦးရေ အတိအကျ မသိရကြောင်း၊ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

ဇူလိုင် ၁၈ ရက်ကလည်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၏ အကြီးဆုံးဘုရားကျောင်းကို စစ်ကောင်စီတပ်က နှစ်ရက်ကြာ တပ်စွဲနေထိုင်ပြီး ဇူလိုင် ၂၀ တွင် ပြန်ဆုတ်သွားခဲ့သည်။ 

ထိုရက်က မိုးဗြဲမြို့ပေါ်တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အနည်းဆုံး နှစ်ဦးသေဆုံးကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button