သတင်း

မော်လိုက်တွင် လက်နက်ကြီးထိမှန်၍ ကိုရင်တစ်ပါး ပျံလွန်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးသည့်စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်စီးနင်းနေရာ ကိုရင်တစ်ပါး ဦးခေါင်း ဒဏ်ရာရပြီး ပျံလွန်တော်မူသွားသည်။ 

ဇူလိုင် ၁၅ တွင် မော်လိုက်မြို့နယ်အရှေ့ခြမ်း၊ ကုန်းခါတွန်ရွာကို အင်အား ၁၀၀ နီးပါးဖြင့် စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ကြောက်လန့်ထွက်ပြေးသည့် ဆရာတော်တစ်ပါးနှင့် ကိုရင်နှစ်ပါး ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ကျောင်းထိုင်ဆရာတော်နှင့် အခြားကိုရင်တစ်ပါး ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး၊ အသက် ၁၃ နှစ်အရွယ် ကိုရင်မှာ ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ထိုနေ့မှာပင် ပျံလွန်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“ကိုရင်လေးက ထိတာများတယ်။ သွေးထွက်လွန်တာ။ (ယခင်ရက်က) စစ်ရှောင်စခန်းကို ရောက်ပြီးမှ ကျောင်းကို ပြန်ကြတာ၊ ကျောင်းမှာပဲ နေမယ်ဆိုပြီး ပြန်ကြတာ။ ဝါတွင်းဆိုတော့ ဘုန်းကြီးတွေက ကျောင်းမှာပဲနေတာ။ သူတို့ (စစ်တပ်) က ဝင်လာတဲ့အချိန်မှာ ကြောက်ပြီးတော့ ပြေးတော့ လှမ်းပစ်တာ“ ဟု အမည်မဖော်လိုသည့် မော်လိုက်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရွာအတွင်း စီးနင်းဝင်ရောက်နေသည့်စစ်တပ်ကို ဇူလိုင် ၁၆ နံနက် ၆ နာရီတွင် သွားရောက် တိုက်ခိုက်ရာ တစ်နေကုန်နီးပါး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကြောင်း မော်လိုက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။ 

ထို့နောက် စစ်တပ်က နေအိမ်များကို ဝင်ရောက်ရှာဖွေကာ အဖိုးတန်ပစ္စည်းများကို ယူဆောင်ကာ ထွက်ခွာသွားပြီးနောက် ရွာကို မီးရှို့ခဲ့ရာ အိမ် ၁၉ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု မော်လိုက် PDF မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ကိုမိုးဒီက ပြောသည်။

“စစ်ကြောင်းထိုးမှုတွေက တောက်လျှောက်ရှိနေတယ်။ စစ်ရေးတင်းမာနေတယ်။ တချို့နေရာတွေမှာ နယ်ဆင်းပြီး နယ်မြေရှင်းလင်းရေးလုပ်ထားတယ်။ စစ်ရေးအခြေအနေက သူတို့ ဘယ်ကို ဦးတည်တာဆိုတာ မသိရသေးတော့ စိုးရိမ်လို့ (စစ်ရှောင်တွေ) မလာသေးဖို့ တားမြစ်ထားတယ်” ဟု ကိုမိုးဒီက ဆိုသည်။ 

စစ်ကိုင်းတိုင်းအနောက်မြောက်ဘက်တွင် တည်ရှိပြီး တောင်ကုန်းတောင်တန်း ပေါများကာ သစ်တောဖုံးလွှမ်း၍ မြေပြန့်လွင်ပြင်နည်းပါးသည့် မော်လိုက်မြို့သည် ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းသည့် ကျွန်းလှ၊ တမူး၊ ကလေး၊ ကလေးဝ၊ ဖောင်းပြင်မြို့နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ 

ဇွန်လဆန်းက မော်လိုက်မြို့နယ်၊ ချင်းတွင်းမြစ်အနောက်ခြမ်း ကျေးရွာများကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ဆယ်ကျော်သက်အရွယ် ၈ တန်းကျောင်းသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို မန်းကျည်းတန်း၊ တပ်ကုန်း၊ ယုဝရွာတို့မှ နေအိမ်ရာနှင့်ချီ မီးရှို့ဖျက်ဆီးခံရသည်။ 

မော်လိုက်မြို့ ပစ်ခတ် ဖျက်ဆီးမှု၊ သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ Myanmar Now က စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

မီးရှို့မှုများမှာ ၎င်းတို့၏လက်ချက်မဟုတ်ဟု စစ်ကောင်စီက ပြည်ပအခြေစိုက် သတင်းဌာနတချို့ကို ရံဖန်ရံခါ ပြောဆိုတတ်သည်။

စစ်ကောင်စီတပ်၏ ရန်ကြောင့် ချင်းတွင်းမြစ်ကြောင်း အရှေ့နှင့် အနောက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချိန်ကြာသည်နှင့်အမျှ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအခက်အခဲ ရင်ဆိုင်နေရကြောင်း စစ်ရှောင်အရေးကူညီနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။  

“တချို့ကတော့ လယ်လုပ်ဖို့ ခဏပြန်ကြတယ်။ ဒါပေမဲ့ တော်တော်များများက အိမ်တွေ မီးရှို့ခံလိုက်ရတော့ နေစရာလည်းမရှိတော့ မပြန်ကြသေးဘူး။ အခုလည်း တခြားရွာတွေက ထပ်ပြေးရတော့ စစ်ရှောင်တွေ တိုးလာတယ်။ စားရေးသောက်ရေးအတွက် လာလှူတာတချို့ရှိပေမဲ့ ကျန်းမာရေးအတွက်ကတော့ တော်တော်ခက်ခဲနေတယ်” ဟု  ထိုအမျိုးသမီးက ဆိုသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာသည့်တိုင် မြန်မာနိုင်ငံအလယ်ပိုင်းအပါအဝင် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည်  စစ်ကိုင်းတိုင်းမှ မြို့နယ်များကို နယ်မြေစိုးမိုးနိုင်ရန် ကြိုးစားနေပြီး နေ့စဉ် တိုက်ပွဲများပြင်းထန်နေသည်။

စစ်တပ်က စစ်ကြောင်းထိုးရာ ကျေးရွာများတွင် လူနေအိမ်များသာမက ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း စသည့် ဘာသာရေးဆိုင်ရာအဆောက်အအုံများပါမချန် ဖျက်ဆီးနေပြီး သက်ကြီးဝါကြီး ဆရာတော်များပါ စစ်ရှောင်နေရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button