သတင်း

တစ်ပတ်အတွင်း CDM ဆရာ ဆရာမ ၃၀ ထက်မနည်း ဖမ်းဆီးခံရ

Kaung for You ကျောင်း၏ သတင်းအချက်အလက်ပေါက်ကြားသည့် ကာလတွင် တစ်ပတ်အတွင်း ဆရာ၊ ဆရာမ ၃၀ ထက်မနည်း ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရှိရသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ဇူလိုင် ၁၅ နှင့် ၁၆ တွင် မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်တို့မှ ဆရာမ ၅ ဦးကို နေအိမ်များ၌ စစ်ကောင်စီတပ်က ညအချိန် လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

၎င်းတို့မှာ ပခုက္ကူမြို့နယ်မှ ဒေါ်ခင်မာလာနွယ်နှင့် ဒေါ်စုမြတ်သန္တာ၊ ငါန်းဇွန်းမြို့နယ်မှ ဒေါ်နှင်းနွေးလွင်၊ ချောင်းဦးမြို့နယ်မှ ဒေါ်ဇင်မွန်အောင်၊ ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာမှ ဒေါ်ဟေမာန်စိုးတို့ ဖြစ်ကြသည်။

ပခုက္ကူမှ ဆရာမ ၂ ယောက်မှာ Kaung for You ကျောင်းနှင့် မသက်ဆိုင်ဟု သိရကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

“နှစ်ယောက်စလုံးကို Kaung for You နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်နဲ့ လာဖမ်းတယ်။ ဒါပေမဲ့ ဒေါ်ခင်မာလာနွယ်က Kaung for You နဲ့ ပတ်သက်မှု မရှိဘူးလို့ ပညာရေးအသိုင်းအဝိုင်းက သိရတယ်။ နှစ်ယောက်လုံးကတော့ CDM ဆရာမတွေပါ” ဟု သူက ပြောသည်။

လာရောက်ဖမ်းဆီးသူတို့တွင် အိမ်ထောင်စုဇယားအပါအဝင် အချက်အလက် ပြည့်ပြည့်စုံစုံယူဆောင်လာသည်ဟု သိရကြောင်း ငါန်းဇွန်းမြို့နယ်မှ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောပြသည်။

CDM ဆရာမ ၅ ဦးကို မည်သည့်နေရာတွင် ထားရှိသည်၊ မည်သည့်ပုဒ်မများဖြင့် တရားစွဲအရေးယူထားသည်ဆိုသော အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

ဇွန်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အသိအမှတ်ပြု Kaung for You တွင် ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူတို့၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားသည်၊ ကျောင်းသားမိဘများထံ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ 

ထိုစဉ်က ဖုန်းနံပါတ်များ ပြောင်းပစ်ရန်သာ ကျောင်းက အကြံပြုခဲ့၍ ဝေဖန်မှုအများအပြားရှိခဲ့ပြီး NUG ၏ ပညာရေးဌာနကလည်း ထိုစဉ်က မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေ။ 

ထို့နောက် ဇူလိုင် ၁၃ ရက်တွင် ကျောင်းတည်ထောင်သူ ကျောင်းအုပ် ဦးကောင်းသိုက်စိုး ဖမ်းဆီးခံရကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် CDM ဆရာ၊ ဆရာမများ ဖမ်းဆီးခံရမှု ဆက်တိုက်ဖြစ်လာသည်။

ဇူလိုင် ၁၃ တစ်ရက်တည်းမှာပင် မကွေးတိုင်းအတွင်းရှိ မြို့နယ်တစ်ခုမှ ဆရာမ ၅ ဦး၊ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှ ဆရာမ ၄ ဦး၊ ရှမ်းပြည်နယ်၊ ကလောမြို့နယ်မှ ဆရာမ ၁ ဦး၊ ကချင်ပြည်နယ် မိုးညှင်းမြိုနယ်မှ ဆရာမ ၅ ဦး အဖမ်းခံရသည်။

Kaung for You ကျောင်းကို လုံခြုံရေးအရ အရေးပေါ်ယာယီပိတ်မည်ဖြစ်ကြောင်း ထိုနေ့က Telegram လူမှုကွန်ရက်မှတစ်ဆင့် အသိပေးလာသည်ဟု နဝမတန်းတက်ရောက်နေသည့် စစ်ကိုင်းတိုင်းမှ ကျောင်းသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

နောက်တစ်နေ့ ဇူလိုင် ၁၄ တွင် ရှမ်းပြည်နယ် ဟဲဟိုးမြို့နယ်မှ ဆရာမ ၄ ဦး၊ တနင်္သာရီတိုင်း မြိတ်မြို့နယ်မှ ဆရာမ ၅ ဦး၊ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်မှ ဆရာ ၁ ဦးတို့ ဖမ်းဆီးခံထားရသည်။

ထို့ကြောင့် ယနေ့အထိ စစ်ကောင်စီဖမ်းဆီးထားသည့် CDM ဆရာ၊ ဆရာမ ၃၀ ဦးအထိ ရှိနေပြီဖြစ်သည်ဟု Myanmar Now က လက်လှမ်းမီသလောက် ပြုစုထားသည့် မှတ်တမ်းအရ သိရသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်

စစ်ကောင်စီက Kaung for You ကျောင်းအုပ်အပါအဝင် CDM ဆရာ ၃ ဦးကို ဇူလိုင် ၁၃ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၌ ဖမ်းဆီးရမိကြောင်း ဇူလိုင် ၁၆ တွင် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ကျောင်းအုပ် ဦးကောင်းသိုက်စိုးသည် CDM ဆရာဆရာမများ၊ ကျောင်းတွင်အပ်နှံထားသော ကျောင်းသားများနှင့် မိဘများထံ ခြိမ်းခြောက်ငွေတောင်းခံသည်ဟု စွပ်စွဲထားသည်။  

Kaung for You တွင် စာသင်သည့် ဆရာဆရာမများ၊ ငွေကြေးထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကို အရေးယူမည်ဟု ဖော်ပြခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကမူ စစ်ကောင်စီ၏ထုတ်ပြန်မှုသည် ယုံကြည်ဖွယ်ရာမရှိသော လုပ်ကြံဖန်တီးထားသည့် သတင်းမှားသာဖြစ်ပြီး လုပ်ရိုးလုပ်စဉ်သာဖြစ်သည်ဟု ဇူလိုင် ၁၇ တွင် တုံ့ပြန်သည့်အနေဖြင့် ပြန်ထုတ်ပြန်သည်။ 

ကျောင်းအုပ်နှင့် CDM ဆရာများ၏ ပုံရိပ်သိက္ခာကျဆင်းစေရန် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးထားခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

CDM ဆရာဆရာမများကို ဖမ်းဆီးနေခြင်းသည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ ပညာရေးအခွင့်အရေးများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်သည်ဟု NUG ဘက်က ဆိုသည်။ 

ကျောင်းအုပ်ကို ဖမ်းထားကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးသာဖြစ်ကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီမှ CDM ဆရာ ကိုနောင်ချိုက မှတ်ချက်ပြုသည်။

“ကြားကာလပညာရေးအတွက် ဖက်ဒရယ်ကျောင်းတွေ ဖော်ဆောင်နေတဲ့ဆရာတွေဟာ အလှူငွေတွေနဲ့ ဒီလိုလုပ်နေတယ်ဆိုပြီး ပုံဖျက်ပြီး ပြည်သူ့တော်လှန်ရေး၊ ပြည်သူ့ဂုဏ်သိက္ခာကို ထိုးချဖို့ စစ်တပ်က ဝါဒဖြန့်နေတာပါ” ဟု သူက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ Kaung for You တွင် ကျောင်းအပ်ခဲ့သော ကျောင်းသားများ၊ မိဘများကို အရေးယူမည်မဟုတ်ဟု ဇူလိုင် ၁၈ က ၎င်းတို့၏ ဝါဒဖြန့်မီဒီယာတွင် ပြောထားသည်။

စစ်ကောင်စီတပ်၏ရန်

စစ်ကောင်စီရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော CDM ဆရာ၊ ဆရာများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များ၏ နယ်မြေတွင် ခိုလှုံလျက်ရှိသည်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ယခင်ကတည်းက ခိုလှုံခွင့်ပေးထားကြောင်း ပြောသည်။

“စစ်အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်ရဲ့ နှိပ်စက်မှု၊ ခြိမ်းခြောက်မှုတွေ ကြုံလာရတဲ့လူတိုင်းကို ခိုလှုံခွင့်ပေးတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ရှိပြီးသားမူဝါဒတွေပါ။ ဘာမှ အပြောင်းအလဲမရှိပါဘူး” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဇူလိုင် ၁၈ က Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့လက်လှမ်းမီတဲ့နေရာ ရောက်ရင်တော့ ကြိုဖို့ရှိနိုင်ပါတယ်၊ အထူးသဖြင့် မြို့ပြင်တွေ။ ကျွန်တော်တို့ နယ်မြေတွေ ရောက်လာရင်ပေါ့၊ ကျွန်တော်တို့တာဝန်ပေးထားတဲ့ ကော်မတီလည်း ရှိပါတယ်”

စစ်ကောင်စီ စီမံသည့် ပညာရေးစနစ်ကို လက်မခံသူများအကြား Kaung for You Federal Private School က ရေပန်းစားခဲ့ပြီး လက်ခံသင်ကြားပေးနေသည့် ကျောင်းသားအရေအတွက် ၃၀,၀၀၀ အထိရှိသည်။

ကျောင်း၏ သတင်းအချက်အလက်လုံခြုံရေး ပျက်စီးခဲ့သည်ဆိုသော်လည်း ပြင်ပသို့ အချက်အလက်ပမာဏ မည်မျှပေါက်ကြားသည်ကို မသိရသေးသလို ထိုအချက်များ စစ်ကောင်စီထံသို့ ရောက်မရောက်လည်း မသိရသေးပေ။

ကြားကာလပညာရေးပညာရေးဖော်ဆောင်နေသော ကျောင်းများတွင် ယခုဖြစ်ရပ်ကဲ့သို့ အလားတူထပ်မဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု အမျိုးသားပညာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button