
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့၏ အကြီးဆုံးကက်သလစ်ဘုရားကျောင်းတွင် စစ်ကောင်စီ၏ တပ်မ ၆၆ မှ စစ်သည်အင်အား ၅၀ ခန့် ဝင်ရောက်တပ်စွဲထားသည်။
ထိုစစ်ကြောင်းမှာ စစ်ခေါင်းဆောင်များရုံးစိုက်ရာ နေပြည်တော်နှင့် ၄ နာရီခရီးသာရှိသည့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲသို့ ယမန်နေ့ (ဇူလိုင်၁၈) တွင် ဝင်ရောက်လာကာ ယနေ့အထိ တပ်စွဲထားကြောင်း ထိုဒေသ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းမှူးက အတည်ပြုသည်။
ဇူလိုင် ၁၈၊ နံနက် ၂ နာရီခန့်တွင် မိုးဗြဲမြို့ ပွဲကုန်း ၂ ရပ်ကွက်ရှိ ဘုရား၏သန့်ရှင်းသောမယ်တော်ဘုရားကျောင်းသို့ စစ်တပ်က တိတ်တဆိတ် ရောက်လာသည်ဟု အထက်ပါ မိုးဗြဲ PDF တာဝန်ရှိသူက ပြောသည်။
“သူတို့လာတာ ကျွန်တော်တို့ မသိဘူးပေါ့နော်။ စစ်ပွဲဖြစ်ပြီးမှ သူတို့ဝင်စီးတာမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ဘုရားကျောင်းထဲ ဝင်မွှေပြီးမှ ဘုရားကျောင်းထဲ ဝင်နေရင်တော့ လာမလုပ်ပါဘူး၊ လာမပစ်ပါဘူးဆိုတဲ့ပုံစံ ကာဗာ (အကာအကွယ်) တစ်ခုအနေနဲ့ သူတို့ဝင်စီးတာ” ဟု သူက ပြောသည်။
ဘုန်းကြီးကျောင်းအတွင်းရှိ ဘုန်းတော်ကြီး၊ သီလရှင်နှင့် ကျောင်းသားများ နံနက် ၈ နာရီခန့်တွင်မှ ထွက်ခွင့်ရခဲ့ကြောင်း၊ ကျောင်းသားအချို့ လက်ပြန်ကြိုးတုပ်၊ မှောက်လျက်အနေအထားဖြင့် စစ်ဆေးခံခဲ့ရကြောင်း လွတ်မြောက်လာသူများကို ကိုးကား၍ ၎င်းက ဆက်ပြောသည်။
အသေးစိတ်အခြေအနေ သိနိုင်ရန် Myanmar Now က ကျောင်းအတွင်းမှ ထွက်ပြေးလာသူများကို ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်သည်။
မိုးဗြဲမြို့တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်မှစ၍ ပေါ်ဦး ၂ ရပ်ကွက် မီးသတ်ရုံးသို့ လာရောက်တပ်စွဲသည့် စစ်ကောင်စီတပ်နှင့် နှစ်နာရီကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယနေ့ (ဇူလိုင် ၁၉) နံနက်တွင်မူ စစ်တပ်က ထိုနေရာမှ ပြန်ဆုတ်သွားကြောင်း မိုးဗြဲ PDF တာဝန်ရှိသူထံမှ သိရသည်။
ထိုတိုက်ပွဲအတွင်း ည ၈နာရီအထိ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်၍ မိုးဗြဲမြို့ စည်ကား ၁ ရပ်ကွက်မှ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း၊ ထိုရပ်ကွက်ရှိ နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း Mobye Rescue Team တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒေသခံတွေကတော့ တချို့ကလည်း ရွာတွေ ရပ်ကွက်တွေမှာ ပိတ်မိနေတယ်။ တချို့ကလည်း ဘေးလွတ်ရာ ဘုန်းကြီးကျောင်းမှာ ရှောင်နေကြတာ များတယ်။ ထွက်ပြေးတာတော့ သိပ်မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
ထိုသို့ စစ်ရေးအခြေအနေ တင်းမာနေသဖြင့် မိမိဘေးကင်းလုံခြုံမှုကို အဓိက ဦးစားပေးကြရန် ပြည်သူများကို မိုးဗြဲ PDF ကလည်း သတိပေးထားသည်။
တောင်ဘက် မိုးဗြဲ-ဒီးမော့ဆို လမ်းပိုင်းရှိ ဝါရီဆူးပလိုင်ကျေးရွာတွင် အခြေပြုနေသည့် စစ်ရေးလှုပ်ရှားမှုများ အတိုက်အခိုက် မခံရစေရန် စစ်ကောင်စီက ကာကွယ်ပေးလိုသဖြင့် မိုးဗြဲမြို့သို့ စစ်ကြောင်းများ ဝင်ရောက်လာခြင်းဖြစ်နိုင်သည်ဟု ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။
“ကျွန်တော်တို့က (စစ်ရေး) လှုပ်ရှားမှုတွေလုပ်ဖို့ အရမ်းကျပ်တာပေါ့၊ ဘာသာရေးအဆောက်အအုံအဖြစ်နေတော့။ ဘာသာရေးအဆောက်အအုံနဲ့ ကာတယ်၊ ပြည်သူတွေနဲ့ ကာတယ်။ ဒါမျိုးပဲ သူတို့ (စစ်ကောင်စီ) တွေက လုပ်နေကြတာကိုး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက ၂၀၂၁ ခုနှစ် မေလတွင် ကယားပြည်နယ်မှ ဘုရားရှိခိုးကျောင်းများကို တိုက်ခိုက်ခဲ့စဉ်က ဘာသာရေးနှင့် သက်ဆိုင်သည့် နေရာများကို ပစ်မှတ်မထားရန်၊ ခိုလှုံနေကြသည့် ပြည်သူများကို လေးစားတန်ဖိုးထားရန် မြန်မာပြည် ကက်သလစ်သာသနာပိုင် ကာဒီနယ် ချားလ်စ်မောင်ဘိုက ကြေညာဖူးသည်။
သို့သော် ထိုလုပ်ရပ်များကို လူသိရှင်ကြားတောင်းပန်ခြင်း၊ ကျူးလွန်သူတို့ကို အရေးယူခြင်း မပြုသည့် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ထိုနှစ် ခရစ္စမတ်နေ့တွင် အတူတွဲ၍ လူလုံးပြပြီးနောက် စစ်တပ်၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး ကာဒီနယ် ချားလ်စ်မောင်ဘို နှုတ်ဆိတ်နေသဖြင့် လူအများ၏ ဝေဖန်ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရသည်။
ယမန်နေ့ (ဇူလိုင်၁၈) ကပင် ကာဒီနယ်လ် ချားလ်စ်မောင်ဘို၏ ဇာတိ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မုံလှ ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သည်။
ကက်သလစ်ဘုရားကျောင်းများနှင့် ဇာတိရွာသို့ စစ်ကောင်စီ၏ တိုက်ခိုက်မှု၊ ဝင်ရောက်တပ်စွဲမှုများနှင့် ပတ်သက်၍ ကာဒီနယ်လ် ချားလ်စ်မောင်ဘိုထံမှ မှတ်ချက်ရယူနိုင်ရေးအတွက် Myanmar Now က တယ်လီဖုန်းဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)